Friday, August 7, 2009

ငဘ အကြွေးများ

“လောလောဆယ်မှာ စာလုံးပေါင်းအမှားတွေကို ထောက်ပြပြင်ပေးသွားမယ်ဆိုရင် ကျေးဇူးတွေ လွှတ်တင်နေမည် ဖြစ်ပါကြောင်း”

အခန်း (၅) နယ်ချဲ့ သမားများ

အခန်း (၆) နိပွန်-မြန်မာ ယဉ်ကျေးမှု

အခန်း (၇) အ၀ီစိမှသည် မဟာအ၀ီစိသို့

အခန်း (၉) ဂျပန်မျိုးဖြုတ်နည်း

အခန်း (၁၀) တိုင်းပြည့်ရန်သူ


အခန်း (၁၁) ကြယ်နီရောင်တောက် နေရောင်ပျောက်

ငဘ တောကြီးမျက်မည်းထဲရောက်သော် မုဆိုးလမ်းစကို တွေ့သဖြင့် ထိုလမ်းအတိုင်းမှ လျှောက်၍ ကျားသေရွာသို့ ၀င်လေ၏။ ထိုရွာမှာ ကရင်အိမ် လေးငါးအိမ်နှင့် ဗမာအိမ် သုံးလေးအိမ်မျှသာ ရှိသည်။ တောစပ်ကထွက်လျှင် ရွာကိုမြင်ရသည်။ ရွာကိုမြင်ရလျှင်ပင် ရွာဘက်မှ အုန်းအုန်းခြိမ့်ညံသော သီချင်းသံတစ်ခု ကြားရသည်။
“မခင်တွယ်၊ မကြင်တယ်၊ ချစ်သူစွန့်လို့ရယ်။
တိုက်ပွဲကိုပင်၊ နိုင်အောင်တိုက်တော့မယ်။
လာပြီလေ၊ သာကီဆွေ၊ ရဲရဲတောက်မောင်တွေ၊
သေစေ၊ ရှင်စေ၊ စိတ်ဇောချက်ကမသွေ။
ကမ္ဘာမကျေ၊ မြန်မာတစ်တွေ၊ တို့ပြည်တို့ပိုင်စေ။
သေမင်းဆွေရေ၊ သစ္စာနှံစို့လေ... ”
သီချင်းသံသည် သိမ့်သိမ့်တုန်သွား၏။ ငဘလည်း ကြက်သီးမွေးညင်းထ၍ ဖိန့်ဖိန့်တုန်မိသည်။

ငဘ သဲသဲကွဲကွဲမြင်ရသည်ကား ကာကီဘောင်းဘီ၊ ချည်ကြမ်းလုံချည်၊ ခေါ်တောခွသိုင်း ချည်ကြမ်းဘောင်းဘီ စသော အမျိုးမျိုးသော ဆင်မတူသည့် ယူနီမဖောင်းတဖောင်း စစ်ဝတ်တန်ဆာတွေ ၀တ်ထားသော တောသားစစ်တပ်ကြီးသည် ရွာနောက်ဘက် နွားစားကျက်ထဲတွင် စုရုံး၍ သီချင်းဆိုနေသည်။ ငဘက မြန်မာစစ်သားကို တစ်သက်နှင့်တစ်ကိုယ် လူနှစ်ဆယ်ပြည့်အောင် တစ်ခါမျှ မမြင်ဖူး၍ စစ်တပ်ဟု သူအထင်ရှိသည်။

သေနတ်တွေကိုယ်စီနှင့်မို့ ဗြုန်းခနဲ လူမှားသွားမည်စိုး၍ ငဘက အဝေးမှလှမ်းပြီး “ဗျို့ ဆရာကြီးတို့” ဟု အော်ခေါ်ကြည့်သည်။

“ကမ္ဘာမကျေ၊ မြန်မာတစ်တွေ၊ တို့ပြည်တို့ပိုင်စေ။
သေမင်းဆွေရေ၊ သစ္စာနှံစို့လေ... ”

သီချင်းသံအကြားတွင် “ဗျို့ ဆရာကြီးတို့” ဟူသောအသံမှာ မြုပ်သွားသည်။ နောက်မှ ငဘက သတိရပြီး “တို့မြန်မာ” ဟု တတ်သမျှ မှတ်သမျှနှင့် မှန်းပြီး အော်လိုက်သည်။ အော်လို့တော့ အကောင်းသားပဲဟု အောက်မေ့မိသည်။

ပြောက်ကျားတပ်စုက တောတန်းဘက်သို့ လှည့်ကြည့်သည်။ “ရဲဘော် သခင်မျိုးညွှန်းလားဟေ့” ဟု မေးသည်။
ထိုအခါမှ ငဘလည်း စစ်တပ်ရှိရာသို့ ကဆုန်ပေါက်၍ ပြေးလေသတည်း။

ငဘက ဖြစ်သမျှအကြောင်းကို အစီရင်ခံသည်။ မြန်မာ့တပ်မတော်မှ တပ်ကြပ်ကလေး ဗိုလ်ကြယ်နီက အံကြိတ်၍ နားထောင်သည်။ ဗိုလ်ကြယ်နီက ငဘအား “ကျုပ်ကိုသိသလား” ဟု မေးသည်။ “သခင်မျိုးညွှန့်က ဗိုလ်ကြယ်နီလို့ မှာသွားတာပဲ၊ ဒါ့ကြောင့် မောင့်ကို အဲလေ... ရဲဘော်ကို ဗိုလ်ကြယ်နီမှန်းတော့ သိတာပဲ” ဟု ငဘက ဆိုသည်။

ဗိုလ်ကြယ်နီမျက်စိထဲ ပိုးကောင်ဝင်သည်နှင့်တူသည်။ မျက်ရည်စို့လာ၍ သူ၏ကြမ်းတမ်းသောလက်နှင့် မျက်စိကိုသုတ်လိုက်သည်။ ဗိုလ်ကြယ်နီက ဖွင့်ပြောချင်တာကလေးတစ်ခု ရှိသလိုလို။

“ကဲ- ရဲဘော်တို့၊ ညတိုက်ပွဲတော့ တစ်ချီအောင်ပြီ၊ နေ့တိုက်ပွဲ ဆင်ရမယ်။ ယခု သခင်မျိုးညွန့်ကို သတ်သွားတဲ့ ကင်ပေစစ်ဗိုလ်ဟာ ဒီအနားတစ်ဝိုက်မှာပဲ ရှိဦးမယ်။ တို့ ဟိုဘက်တောတန်းကို ဖြတ်လိုက်ရင် ရန်သူပြေးနှင့်ပြီး ဖြစ်လိမ့်မယ်။ ဒီတော့ ကျားသေရေကျော်ဝကနေပြီး ချောင်းပစ်မှပဲ။ နေရာကလဲ ကာဗာယူဖို့ ကန်သင်းပဲရှိတယ်။ ထမင်းစားဖို့လဲ အချိန်မရှိဘူး။ ငါတို့ ယခုဆိုရင် လူနှစ်ဆယ်ကျော်ကလေးပဲရှိတယ်။ ငါးယောက်တစ်ဆိုင်း၊ ခြောက်ယောက်တစ်ဆိုင်း တိုက်ရမှာပဲ”

“ကဲ- တိုက်မယ်ဆို ခုသွားမှပဲ ဗိုလ်ကြီး” ဟု တစ်ယောက်သော ရဲဘော်က ပြောသည်။
“ရဲဘော်တို့ ထမင်းအငတ်တော့ ခံရလိမ့်မယ်” ဟု ဗိုလ်ကြယ်နီက ပြော၏။
အနီးတွင် ၀ိုင်းကြည့်နေသော ရွာထဲမှ ကရင်အဘိုးကြီးက “ ဝေ့၊ ဘာလို့ ထမင်းငတ်ရမှာလဲ။ ကျုပ်တို့ပို့မှာပေါ့ဝဲ့” ဟု ဆို၏။

ထို့နောက် နေရာများ စီစဉ်ကြ၏။ လက်နက်များ ပြင်ကြ၏။ နောက်တခဏအဖို့၌ ရဲဘော်နှစ်ဆယ်ကျော်တို့သည် ကျားသေရွာမှ စစ်ဆင်ရန် ထွက်ခဲ့ကြ၏။ ရွာ၌ကျန်ရစ်သော ကရင်အိမ်ရှင်မ၊ ဗမာအိမ်ရှင်မတတွေမှာ ထမင်းအိုးဆေး၊ ငရုတ်သီးထောင်းနှင့် တပျော်တပါးကြီး အမှုတော်ကို ထမ်းရွက်ကြလေ၏။

ငဘကား သင်းတို့မိန်းမတတွေ စစ်ဆင်ရန်ဟန်ပြင်နေသည်ကို အားကျမိ၏။ နင်လား- ငါလား နှင့် ယှဉ်ပြိုင်တိုက်ခိုက်လို၏။ ကာလသားဘ၀က ပွဲပြန်တို့အား ကုက္ကိုပင်မှောင်ရိပ်မှ ဇာဝီတုတ်နှင့် ချောင်း၍ ညညတွင် ရိုက်ခဲ့ဖူးပါ၏။ သတ္တိမညံ့လှပါ။ ထိုစဉ်အခါက တစ်လက်မဆိုလျှင် တစ်လက်မ၊ နှစ်လက်မဆိုလျှင် နှစ်လက်မ၊ အတိုင်းအထွာ မမှားစေရဘဲ ခေါင်းပြဲအောင် ချိန်ဆ၍ရိုက်တတ်ခဲ့ပါ၏။ လက်နက်ကို အသုံးချတတ်ပါ၏။ သို့သော် ငဘတို့လို လယ်သမားမှာ ဓားနှင့်ခုတ်၍ တုတ်နှင့်သာ ရိုက်တတ်သည်။ လယ်သမားဆိုတော့ အရင်းတိုင်း ပြောရလျှင် လယ်ကိုသာလုပ်တတ်သည်။ သေနတ်တို့၊ စိန်ပြောင်းတို့၊ လက်ပစ်ဗုံးတို့၊ စက်သေနတ်တို့ ဆိုသည်မှာ သတ္တိဖြင့် အရင်းတည်၍ သုံးရသော အရာဝတ္ထုများမဟုတ်။ ကျင်လည်မှဖြစ်မည်။ ကိုယ်မကျင်လည်သည့်အရာမှာ ၀င်စွက်လျှင် လယ်သမားတို့ အဖျင်းနိုင်မှု ထင်ရှားရုံ ရှိတော့မပေါ့။ ဓားနှင့်လိုက်ခုတ်ရမည်ဆိုလျှင် တော်သေးသည်။

ယင်းသို့အတွေးရောက်ရှိမိသော်လည်း ငဘမှာ ဂျပန်တို့အား ခံချချင်သောဇောနှင့် ဗိုလ်ကြယ်နီအား လိုက်ပါရစေဟု တစ်ခွန်းနှစ်ခွန်း ၀င်ပြောရန် ပါးစပ်ပြင်သေးသည်။ သို့သော် စက်မက်အင်္ဂါတို့ကို ပြင်ဆင်နေရသောကြောင့် ဗိုလ်ကြယ်နီမှာ ငဘအား ဂရုမစိုက်နိုင်။ ထို့ကြောင့် ငဘ၏လုံ့လမှာ အလဟဿ ဖြစ်တော့သည်။ ငဘလည်း ယောင်ပေပေနှင့် လိုက်၍သွားပါသေး၏။ သို့ရာတွင် သူ့အား မည်သူတစ်ဦးတစ်ယောက်ကမျှ ဆော်ဆော်သြသြ မလုပ်သောကြောင့် တောသားငဘမှာ တောသားပီပီ ချုံကလေးအကွယ်တွင် လူလုံးဖျောက်လိုက်သည်။

ရဲဘော်တို့ကား မနက်စာစားချိန်အထိ စောင့်သော်လည်း အကြောင်းမထူးလှသဖြင့် စိတ်ပျက်စပြုလာ၏။ ထိုအတွင်း ကရင်မတစ်ယောက် အူယားဖားယားနှင့် စစ်စခန်းသို့ ပြေးလာသည်။ သူနှင့်အတူ ဗမာကရင် မိန်းမဖော်များ ထမင်းထုပ်တွေ ရွက်၍ လာကြသည်။
“ ဟေ့ ... တို့ရွာ ယောက်ျားမှန်သရွေ့ အကုန်ပဲဆိုတော့၊ တို့ပဲထမင်းလာပို့ရတာပဲဝဲ့”

သူတို့ မိန်းမဖော်တစ်သိုက်၏ နောက်ဆုံးမှ နန်းဖော့ဆိုသူ ကရင်အမျိုးသမီးတစ်ယောက်က မောကြီးပန်းကြီးနှင့် ပြေးလာသည်။ နန်းဖော့မှာ ပြတ်ပြတ်တောက်တောက် ကြွပ်ဆတ်ဆတ်နှင့် စကားပြောတတ်သည်။
“ ဟေ့... စောက်ကောင်မတွေရဲ့။ ညည်းတို့ကို နောက်က တကြော်ကြော် ခေါ်နေတာ မကြားရော့သလားဝဲ့။ ညည့်လင်တွေနဲ့ ကွဲနေတာ ဘယ်လောက်ကြာပလဲ။ တကတဲ သူတို့လင် ထမင်းပို့တာ ကျနေတာပဲ”
“အို...အေ” ဟု တစ်ယောက်ကပြော၏။ “ညည်းလဲ ညည့်လင်တွေဆီ လာတာပဲမဟုတ်လား” ဟု ဆို၏။
ဗိုလ်ကြယ်နီအဖွဲ့က တပ်သားတစ်ဦးက မျက်နှာစပ်ဖြဲဖြဲလုပ်ပြီး “အတူတူနဲ့ အနူနူကြီးပါပဲဗျာ၊ အစ်မကြီးနန်းဖော့က ဘာများရေးကြီးသုတ်ပျာ ဖြစ်လာရတာလဲ” ဟု မေး၏။
“ကွဲ့၊ ငါက တစ်ခုမြင်လာလို့၊ စောက်ကောင်မတွေကို လှမ်းခေါ်တာ သင်းတို့က မကြားဘူး။ ငါ ဒီလာရင်း သစ်ပင်တစ်ပင်ပေါ် ခဏတက်ကြည့်တယ်ဝေ့။ သမ္ဗာန်တစ်စင်းတော့ မြင်တယ်ကွဲ့၊ သတိထား” ဟု နန်းဖော့က သတိပေးသည်။

ဤသတင်းကို ကြားရသောအခါ ဗိုလ်ကြယ်နီလည်း ထမင်းထုပ်တို့ကို ဂရုမစိုက်နိုင်ပြီ။ ပထမငါးယောက်ဆိုင်းကို ရှေ့သို့လွှတ်၏။ ချုံတစ်ခုကိုကွယ်ကာ စက်သေနတ်ကို ဆင်စေ၏။ ထိုချုံနားသို့ မြင်းကသား အရင်းပိုင်းကြီးတစ်ခုကို အမြစ်များနှင့်တကွ ကုတ်နှင့်ကပ်ကော်၍ ရွှေ့၏။ ဒုတိယငါးယောက်ဆိုင်းက ပထမအဆိင်း၏ ညာဘက် လေးဆယ့်ငါးဒီဂရီလောက်အကျ၊ မီတာသုံးရာကျော်လောက်အဝေးတွင် မြက်ဖုတ်နှင့် ကန်သင်းများကို “ကာဗာ”ယူစေ၍ တစ်ယောက်ချင်းခြားကာ ခွဲနေစေ၏။ တတိယဆိုင်းနှင့် စတုတ္ထအဆိုင်းတို့ကိုမူ မီတာငါးရာကျော်စီ ခြား၍ နောက်စောင့် “ရဲယားဂါ့ဒ်” ချထား၏။

နန်းဖော့၊ နန်းကျော့၊ သွယ်သေး စသော ကရင်ဗမာ အမျိုးသမီးတို့က ခါးတောင်းမြှောင်အောင်ကျိုက်ပြီးလျှင် သမဲ့ပင်အသီးသီးပေါ်သို့ တက်၏။

---
---
---
---
သည်တော့မှ ငဘက “အမယ် လက်စသတ်တော့ ချက်ကြီးပါလားကွဲ့” ဟု အော်လိုက်သည်။

သည့်အရင် သည့်အရင် လယ်သမားမျက်ရည် မြေသို့ကျသည်မှာ ရှိုက်သံမပါပါ။ ငဘတစ်သက်နှင့်တစ်ကိုယ် ရှိုက်ကြီးငင်ကြီး ငိုမိသည်မှာ သည်တစ်ခါသာ ဖြစ်ပါသည်။ သည့်နောက်တော့လည်း ငဘ ငို၍မရတော့ပါ။ မျက်ရည်မှာ တစ်ချီတည်းနှင့် ခမ်းကုန်ပါပြီ။ အရေလည်း ထူသွားပါပြီ။

အခန်း (၁၂) ကုလားမခြင်းတောင်း