Saturday, June 13, 2009

အခန်း (၃) ငါးခုံးမ


လောကဓာတ်တစ်ခုလုံး အပူဓာတ်ဖုံးလွှမ်းလျက် ရှိသည်။

ရာသီက နွေရာသီဖြစ်၏။ လ၏ အလိုဆိုလျှင် အသက်ငင်၍ တပေါင်းဘက်သို့ ၀ိညာဉ်ကူးခါနီး ဖြစ်သည်။

စိတ်ကူးယဉ်ဆရာတို့က "တပို့တွဲ ပေါက်လဲရယ်တဲ့ ငုံစီစီ၊ ဖူးတံတွေကချီ"ဟူ၍ သာယာသောတေးသံကို ဖွဲ့ဆိုခဲ့လေသည်။ သို့ရာတွင် နံနက်မိုးသောက်မှသည် နေ၀င်မိုးချုပ်သည့်တိုင်အောင် ပူပြင်းလှသောနေမှာ စာဆိုတော်ပဏ္ဍိတ်တို့၏ စိတ်ကူးကို အရူးလုပ်၍ သရော်နေသည်။

သို့ပေမယ့် လမြတ်လထွတ်ဖြစ်သော တပေါင်းလသည် မဝေးတော့ပြီ။ ထိုသရောခါ "လတပေါင်း၊ ခအောင်းရယ်တဲ့ ပွင့်ချိန်တန်"ဟု အသံဝါကြီးနှစ် တစ်အားကုန်အော်ကာ စာဖွဲ့ရချိမ့်မည်။


သို့သော် သည်နှစ် လ ဘယ်လောက်ပဲ ထွက်ထွက်၊ သည်နှစ်လလောက် အပူလွန်ကဲသောလ ဘယ်လမှမရှိဟု ငဘသိသည်။ လယ်ကွင်းတွေ ပတ်ကြားအက်ကုန်ပြီ။ တဲဘေးရှိ တလင်းပြင်ကလေးမှာ နွားချေးကျံစက သနပ်ခါးထူထူလိမ်းထားသည့် မိဖော့မျက်နှာအတိုင်း ပြောင်တင်းချောမွေ့ နေသည်။ ယခုတော့ တလင်းကလေးမှာ အမယ်အိုရွတ်တွကြီးမျက်နှာလို အက်ရာထင်နေပြီ။ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသောရိုးပြတ်တို့မှာ အရောင်လွင့်၍ မွဲခြောက်ခြောက်ရှိနေပြီ။ လယ်ကွင်းကိုဖြတ်၍ တောတန်းဘက်သို့ ခေါင်းကို မြေနားကပ်ပြီး ငုံ့ကြည့်သူသည် မြေငွေ့အပူရှိန်ကြောင့် ရိပ်ရိပ်ရိပ်ရိပ်နှင့် အရာဝတ္ထုများ လှုပ်ရှားနေသည်ကို မြင်နိုင်ပေမည်။ လောကဓာတ်ဆရာတို့၏အလို အလင်းရောင်သွေဖည်ခြင်းဖြစ်သည်။ သိပ္ပံပညာကို ကကြီးပုတ်လောက်ရေး၍မှ နွားထီးမှန်း နွားမမှန်းမသိသူ ငဘအဖို့မူ၊ သွေဖည်တာတော့ သွေဖည်တာပဲ၊ ဘာသွေဖည်သလဲတော့ မဆိုနိုင်။ သူ့စိတ်ထဲမှာ ခါတိုင်းပူနေကျဖြစ်သော နွေဥတုသည် အခုအခါမှ ဖောက်ပြန်သွေဖည်ပြီး အပူကြီးနေရော့သလားဟု ထင်မှတ်မှားမိသည်။

လယ်ကွင်းထဲမှာ လေပွေကလည်း ခဏခဏ မွှေ့သည်။ တောင်တန်းစပ်က ချောင်းဦးတိုမှာလည်း ရေနည်းသွားပြီ။ ငါးခူ၊ ငါးရံ့ ၊ ငါးပြေမ၊ စသည်တို့မှာ ရေပူတွင် ပေါလောမျောပြီး ပုပ်၍ပင်နေချေပြီ။ စောစောက ငဘသိလျှင် တမံတုတ်ပြီး ငါးဖမ်းလိုက်ရသော် ငါးရံ့ ခြောက် ခွက်တစ်ဆယ်လောက်တော့ အနည်းကလေး ရမှာပေါ့။

ယခုလို ၁၃၀၄ ခုနှစ်၊ တပေါင်းလမျိုးကို ငဘကိုယ်တွေ့ဖြစ်လေရာ သူလည်း ကဗျာဆရာ့အနေနှင့် စိတ်ထဲမှာ စာဖွဲ့ကောင်းဖွဲ့မိပေမည်။ သူဖွဲ့မည့် ကဗျာမှာ ယခုကာလ နောက်ဆုံးပေါ် တက္ကသိုလ်ကျောင်းထွက် စာတတ်ပုဂ္ဂိုလ်များ၏ ကဗျာနှင့်စာလျှင် ကွဲပြားခြားနားချက် တစ်ချက်ပဲရှိသည်။ ထိုနောက်ဆုံးပေါ် ကဗျာ့ပါရဂူတို့က သူများစာကို ခိုးချသည့်အရာ ငဘထက်သာသည်။ ငဘကား လူရည်မလည်သေးသောကြောင့် ခိုးမချတတ်။ သူ့ပင်ကိုဥာဏ်ကို သုံးရရှာသည်။

"ဘယ့်နှယ်ဗျာ၊ ပူ-ပူလွန်းတော့တယ်။ အပြင်ကလဲ ပူ၊ အတွင်းကလဲ ပူ၊ နေရှိန်ရတဲ့အထဲ ရင်ထဲမှာ သောကမီးကလည်း ချစ်ချစ်တောက်လို့ပူ၊ သားသမီးအတွက်ကလဲ အကြောင့်အကြမကင်းလို့ ပူ၊ ကာလပျက်ခါနီးမှာ စပါးဈေးကျသွားမှစိုးလို့ ပူ၊ ကာလပျက်လျှင် လူဆိုးအတွက် ပူ၊ အထူးသဖြင့် ဖြိုးတုပ်ကို ကြောက်ကြောက်ပြီး ပူ၊ ဟိုသင်းအတွက်လဲ ပူ၊ သည်သင်းအတွက်လဲ ပူ၊ သြော်... ပူ... ပူ... ပူ..."

ဤကား ငဘ၏ကဗျာတည်း။ သူ့ကဗျာမှာ တပူပူမြည်နေသော ကဗျာဖြစ်၏။ မြည်လည်းမြည်လောက်ပါပေသည်။ တို့မြန်မာပြည်မှာ တပေါင်းလ ကျရောက်ခါမှပဲ စပါးကလေးရောင်းပြီး ငွေမြင်ကြရသည်။ သည်တော့မှပဲ တောသားတွေ ပိုက်ဆံဖောတော့သည်။ ပိုက်ဆံဖောတော့မှပဲ၊ ဘုန်းကြီးပျံပွဲတွေ တခြိမ့်ခြိမ့်ခံရသည်။ ဘုန်းကြီးပျံ ရှိမှလည်း ကြက်တိုက် ဖဲရိုက်လို့ပျော်သည်။ ကြက်ဝိုင်းကောင်းပြန်တော့လည်း တယ်ပြီးရှုံးလှချည်ကလား၊ ရှုံးတော့လည်း စိတ်ညစ်သည်။ စိတ်ညစ်မှလည်း မီးတောက်တဲ့ တောအရက်ကလေးက သောက်ကောင်းသည်။ သောက်ကောင်းတော့လည်း မူး၊ မူးကောင်းတော့လည်း ရမ်း၊ ရမ်းကောင်းတော့လည်း ဒေါသထွက်၊ ဒေါသထွက်တော့လည်း ရန်ဖြစ်လို့ တယ်ကောင်း။

ထို့ကြောင့်လည်း ဤလ,မျိုးကို ရာဇ၀တ်မှု ပြဒါးချိန် တစ်ရှိန်တည်း ထိုးတက်လာသောလ ဟူ၍ အုပ်ချုပ်ရေး ပါရဂူတို့က အမှတ်အသားပြုကြသည်။

ယခုလည်း သည်လမှာ အင်္ဂလိပ် ဟိုနေ့ပြေးတော့မလို၊ ဒီနေ့ပြေးတော့မမလို၊ နေ့တစ်မျိုး ညတစ်မျိုး ကြားနေရသည်။ အမယ်လေး၊ ဘယ်သူ့ယုံပြီး ပုံခဲ့မှာလဲ။ လောဘမီး ဒေါသမီးတို့သည် "ဘုန်းမီးနေသို့ တောက်လတ္တံ့ " ဟူသော တဘောင်အလိုအရ တဟုန်းဟုန်းထ၍ လောင်တော့မည်။

တပေါင်းလလည်း ဆန်း၍လာချေပြီ။

ငဘမှာ ပူအိုက်လွန်း၍ တဲရှေ့ကွပ်ပျစ်ပေါ်တွင် လဲလျောင်းနေရင်း လမင်းကို အာရုံစိုက်၍နေသည်။

ပစောက်ကလေး ပက်လက်လန်နေသကဲ့သို့ ယက်ကန်ယက်ကန်နှင့် တဖြည်းဖြည်းတွားသွားနေသော သုံးရက်လခမျာမှာ မျက်စိပေကလပ် ပေကလပ် လုပ်၍နေသော ကြယ်အပေါင်းတို့၏အလယ်တွင် မျက်စိသူငယ် ဖြစ်နေရရှာသည်။ ကြယ်အပေါင်းခြံရံပါလျက်ကနှင့် ဖိုးရွှေလမင်းကလေးမှာ အာကာသထဲတွင် ယောင်လည်လည်နေရရျာသည်။ လူထုအပေါင်း ၀ိုင်းရံလျက်နှင့်လည်း၊ လယ်သမားငဘမှာ လောကကြီးထဲတွင် မျက်စိလည်ရတော့မည်။

သို့သော် အင်း... နံဘေးမှာ မိဖော့ ရှိသေးသားပဲ။

မိဖော့က နို့ဝသွားသော သားငယ်ကလေး တခွီးခွီးဖြင့် အိပ်ပျော်သွားသည်ကို သူနှင့်သူ့လင် နှစ်ဦးကြားထဲတွင် ချ၍သိပ်နေသည်။ ထဘီက ကပိုကရိုနှင့် မိဖော့၏ ချက်အောက်ကို ဖုံးထားသည်။ ကြယ်ရောင်တွင် မိဖော့၏ မျက်နှာကို ငဘမြင်ရသည်။ သည်လိုညမျိုးမှာ မိဖော့ကို မြို့ သူကလေးများလို လက်ကျပ်အင်္ကျီကလေး ၀တ်စေပြီး ပုတီးလက်ကောက် ဒွါဒယာ စသည်တို့ ဆင်ပေးလိုက်ရလျှင် "မိုးနတ်ဒေ၀ီ၊ မေဘရဏီ တနှုန်းကဲ့သို့" ငါမြင်ရမှာပဲ။ သြော်- ငါတို့လယ်သမားတွေဟာ ဒီလိုစည်းစိမ်မျိုးကို ဘယ်ဘ၀ကျမှ မှန်းနိုင်ပါ့မလဲ။ မိဖော့ကို ခိုးပြေးတဲ့နှစ်တုန်းကလဲ ဒီလယ်ဧက အစိတ်၊ ယခုလဲ အစိတ်ပဲ။ အင်း.. ဘိုးအေလက်ထက်တုန်းက ဧကလေးဆယ်ထိအောင် လုပ်ငန်းချဲ့ ထွင်ဖူးပါရဲ့ ။ ဒါပေမယ့် စပါးပေးအတိုးကြီးလို့ အဘိုးမသေခင်တစ်နှစ်လောက်မှာ ငါရှင်ပြုတဲ့အကြွေးတွေ ဆပ်လိုက်ရလို့ ဒုံရင်းပြန်ကျတာပါပဲကလား။ ဟယ်- ယောက်ျားပဲ။ ယခု ဦးသာဂေါင့်ဆီမှာ အပ်ထားတဲ့ စပါးနှစ်ရာကို ဈေးကောင်းကောင်းရောင်းရလျှင် သူဆီမှာ နောက်ထပ်တစ်ရှဉ်းထွန်လောက် တိုးချဲ့နိုင်ဖို့ ပြောရဦးမှာပဲ။

ငဘသည် အတွေးပင်လယ်ကြောထဲတွင် ပေါလောပေါ်၍နေသည်။ မိဖော့က ကလေးမနိုးအောင် အသာရွှေ့ ပြီး ငဘအနားကပ်သည်။ ငဘက သက်ပြင်းရှူလိုက်သည်။ "ဒီမှာ- ကိုယ်က ဘာများတွေးပြီး စိတ်မောနေရတာလဲ"

"ရှေ့ ရေးနောက်ရေးပေါ့ကွယ်၊ တို့သမီးလေးလဲ ကြီးလာပြီ။ ကြိုးစားပမ်းစား အလုပ်လုပ်တဲ့ နောက်လိုက်ကောင်းကောင်းတစ်ယောက်တွေ့ရင် တစ်ခါတည်းသာ ပေးစားလိုက်ချင်တော့တာပဲ"

"ကျုပ်သမီးက ငယ်ပါသေးတယ်တော့"

"ငါတော့ မြန်မြန်ကြီးသစေ့ချင်ပြီကွယ်။ ဒါမှ တို့သမက်ကလေးက ရင်မြေကတုတ်လုပ်ပြီး ကြိုးစားလိုက်ရင် လေးငါးခြောက်နှစ်အတွင်း ဧကခြောက်ဆယ်လောက်တော့ နိုင်နိုင်နင်းနင်း ဦးစီးနိုင်မှာပဲ။ သြော်- လယ်သမားဘ၀ တယ်ပင်ပန်းလှပါကလား။ ဘယ်တော့မှ ကိုယ့်လယ်ကိုယ့်ချောင်းနဲ့ လူလူသူသူ နေရတော့မှာလဲ"

ငဘက မိဖော့၏ နဖူးဆံစကလေးများကို သူ့လက်ကြမ်းကြီးနှင့် ပွတ်သီးပွတ်သပ်လုပ်ရင်း ချူသံပါအောင် ညည်းလိုက်သည်။ မိဖော့က ဆေးပေါ့လိပ်ကို လိုက်စမ်းရင်း ငဘကို ကျောပေး၍ လှည့်လိုက်သည်။ ဆေးပေါ့လိပ်ကိုတွေ့သောအခါ မီးမသေသေးသည်နှင့် တဖြည်းဖြည်းဖွာရင်း သူ့အတွေးနှင့်သူ ငြိမ်သွားပြန်သည်။

"အင်း... ငါ့လင်တော့ အလုပ်ဇွဲ တယ်ပြင်းတာပဲ၊ သူကြံသလို လေးငါးနှစ်အတွင်းမယ် လယ်ဧကခြောက်ဆယ်လောက် ထွန်နိုင်ရင် ၀မ်းစာစပါးက အနည်းဆုံး တစ်နှစ်တစ်ရာတော့ လှောင်နိုင်မှာပဲ။ ဦးသာဂေါင့်ဆီက စပါးလဲ နှစ်ရာကနေပြီး လေးငါးရာအထိ ပွားလာမှာပဲ။ ဘယ်နည်းနဲ့မဆို တစ်နှစ်တစ်နှစ် ငွေသုံးလေးရာ အနည်းကလေးပိုမယ်။ သြော်- ဒီလိုဆိုတော့လဲ သမီးကို နေရာချဖို့၊ သားတွေရှင်ပြုဖို့၊ ဗာဟိရတွေ များလာတော့ တို့တဲကလေးနဲ့နေလို့ တင့်တယ်မှာမဟုတ်ဘူး။ အင်း.. တို့ကွင်းမှာ တို့ လူရည်တတ်ဦးမှာပေါ့၊ သူကလဲလူရိုးကြီး ဆိုတော့ မနှစ်က ကောက်စိုက်လာတဲ့ ချစ်ပုကြီးတို့လိုဟာမျိုးနဲ့တွေ့သွားရင် သူ စိတ်ပြောင်းသွားမလားမသိဘူး"

မိဖော့ဦးနှောက်ထဲသို့ နောက်ဆုံးတွေးလုံးကလေး ကတ်သီးကတ်သတ် ၀င်သွားသည်နှင့် တစ်ပြိုင်နက် မိဖော့မှာ သူ့လင် နက်ဖြန်သဘက်ပဲ မယားငယ်ယူတော့မည့်အတိုင်း စိုးရိမ်ပူပန်မိသည်။

"ဒီမှာတော့ ဒီမှာ"ဟု မိဖော့က ငေါက်ဆတ်ဆတ်နှင့်ခေါ်ကာ ငဘမျက်နှာဘက်သို့ လှည့်လိုက်သည်။

ငဘက အလန့်တာကား "ဟေ- ဘာလဲဟ"ဟု ပြန်အော်လိုက်သည်။

မိဖော့က ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်ပြီး ဆေးလိပ်ကို ပါးစောင်တွင် ခဲ၍ဖွာရင်း ဗြောင်ဖွင့်မေးကြည့်လျှင် ကောင်းမလားဟု စဉ်းစားခန်းထုတ်သည်။ သူဖွာလိုက်သော မီးရောင်တွင် မိဖော့၏ ကပိုကရိုပုံပန်းကို ငဘမြင်ရ၏။ အို-တယ်သာဆိုရ အပျိုကရှုံးလောက်သော သူ့ကိုယ်လုံးကိုယ်ပေါက်ကလေးမှာ ငဘကို မြှူနေသည်။ ငဘကလည်း ယခုနေအခါ မိဖော့ရင်ပြင်မှာ "အမ်မစီ"ကြိုးကလေး တွဲလောင်းခိုနေလျှင် ပိုပြီးကြည့်ကောင်းမှာပဲဟု တွေးမိသည်။

"ဒီမှာ တော်နဲ့ ခဏခဏလှောင်တဲ့ ချစ်ပုကြီးတို့ ဘယ်ရောက်နေပလဲ"

"ဘယ်သိပါ့မလဲဟ- သည်ကောင်မက အခြေရှိတဲ့ဟာမမှ မဟုတ်ဘဲ"

"သူက ခပ်နန့်နန့်နော်"

"အင်း..."

"ဒီမှာ- တော်လေ သားကြီးသမီးကြီးနဲ့၊ ပျော်လိုက်ချင်တဲ့စိတ်များ မထားနဲ့နော်၊ ကျုပ်တို့သမီးက မငယ်တော့ဘူးတော်ရေ့ ။ တော်တော်ကြာ လူကဲ့ရဲ့ စရာကြီး ဖြစ်နေပါဦးမယ်"

ငဘက မိဖော့၏ပါးကို တံစဉ်ကဲ့သို့ရှသော လက်ဝါးကြမ်းကြီးနှင့် ပွတ်၍ "ဘယ်ကလာပြီး ကြံကြီးစည်ရာကွာ၊ မဟုတ်တာပဲ"ဟု အသံလေးကြီးနှင့် ပြောလိုက်သည်။

"သြော်- စိုးရိမ်လို့ပြောရတာတော်ရေ့ ၊ တော်တော်ကြာ မယားနှစ်ယောက်ကြား ဗျာများနေမှာစိုးလို့"

"ကွယ်- ဒီလောက်ပေါင်းလာမှပဲ၊ စိတ်မချသေးဘူးလားကွာ။ ငါက ဒါမျိုးတွေကို စိတ်မ၀င်စားဘူးလဟ။ မင်းတို့သားအမိတစ်တွေ ဘုရားသွားကျောင်းတက်ရင် လူလူသူသူ သွားလာနေထိုင်နိုင်လောက်အောင်လို့ချည်း တွေးတွေးပြီးပူနေရတယ်။ ဒီနှစ်စပါးကို တလင်ခြင် တစ်ပိဿာဈေးနဲ့ ရောင်းရရင်"

"အရပ်က ပျက်နေပြီတော်ရေ့ "

ငဘအဖို့ သည်စကားသည် အမင်္ဂလာအစစ်ကြီးဖြစ်သည်။ သာယာသောညမှာ အပူပြင်းပြင်းကို ညင်းလေပြည်က ဖြေဖျောက်နေတုန်း မိဖော့နှင့် ရှေ့ ရေးနောက်ရေး တိုင်ပင်ရသည်မှာ အရှင်လတ်လတ် နိဗ္ဗာန်ရောက်ခြင်းပင်ဖြစ်သည်။ ယခုမူ သည်စကားကြောင့် နိဗ္ဗာန်ကို လက်လှမ်းအမီတွင် အ၀ီစိသို့ ဇောကိုးပြန်ဆင်းရသည်နှင့် တူလေသည်။

"သိကြားသာသနာကလဲ နီးလာပြီကိုးကွဲ့၊ မတော်သူ့ထိပ်၊ တော်သူ့ထိပ်ဆိုတဲ့ သိကြားမင်းရဲ့  ၀ရဇိန်လက်နက်တွေ မြင်ရဥိးမှာပေါ့ကွယ်"

ယင်းသို့ညည်းတွားကာ ငဘက သက်ပြင်းချသည်။ မိဖော့က သူ့ညာဘက်လက်ကို ငဘ၏ရင်ပေါ်သို့ တင်လိုက်သည်။

ငဘက မိဖော့ကြောက်မည်စိုး၍ တစ်ကြောင်း၊ သူလည်း စိတ်သက်သာရာရချင်၍တစ်ကြောင်း ဤအကြောင်းကြောင်းတို့ကို ထောက်ရှု၍ မိဖော့၏လက်ကို မလွှဲသာသဖြင့် ဖမ်းဆုပ်ထားရသည်။ စိတ်ထဲကတော့ အပါသား။

ညင်းလေပြည်သည် မိဖော့နှင့် ငဘတို့၏ ရင်ခွင်ထဲသလို့ ခေါင်းလျှိုဝင်ကာ တွတ်တီးတွတ်တာ လုပ်နေသည်။

ငဘနှင့် မိဖော့တို့စိတ်ထဲ၌ကား ပူလောင်လှသောကမ္ဘာကြီးထဲမှ အလွတ်ရုန်းကာ သုခအမြိုက်နှင့် ပြည့်စုံလျသော လောကနိဗ္ဗာန်တံခါးဝသို့ ရှေးရှုနေကြလေပြီဟု ကိုယ့်စိတ်ကို ကိုယ်လှည့်စားထားလိုက်ကြသည်။

သို့သော် သူတို့နှစ်ဦးစလုံး ဤကမ္ဘာကြီးထဲ၌ပင် ကျင်လည်လျက်ရှိနေသေးသည်ကို သတိရစိမ့်သောငှာ၊ တစ်ဖက်တောတန်းမှ အုန်းအုန်းမြည်သော အသံတစ်ခုက နှိုးဆော်လိုက်သည်။ အသံမှာ တောတန်းကို ကျော်နေရသဖြင့် တော်တော်နှင့် မသဲကွဲချေ။

"ဒီမှာ နားထောင်စမ်း၊ ဘာသံတွေလဲမသိဘူး"ဟု မိဖော့က ပြောရင်း ငေါက်ခနဲ ထထိုင်ပြီးလျှင် ထဘီပြင်ဝတ်သည်။ အသံတို့မှာ ခွေးအူသံ၊ ကျီးလန့်သံ၊ ဘဲနိုးသံ၊ ကြက်ကတော်သံတို့၏ အကြားတွင် မြုပ်သွားလိုက် ပေါ်လာလိုက်ဖြစ်သည်။ တစ်ချက်တစ်ချက် ပေါ်လာပြန်လျှင်လည်း တစ်ခဲနက်ဖြစ်သည်။

လင်မယားနှစ်ယောက် နားစွင့်ထောင်ကြသည်။ ထိုအတွင်း ဟော်ရီးတဲမှ ချောင်းဟန့်သ့ ကြားရသည်။ မြတ်မွှေးနှင့်သာအိတို့လည်း အိပ်ရာက ထလာကြသည်။ မိနီကလည်း "အမေ ဘာလဲ"ဟု အိပ်ခန်းတွင့်မှ လှမ်းမေးလိုက်သည်။ မိဖော့မှာမူ ကလေးတွေလန့်မည်စိုး၍ အခါလည်သားကလေးကို ပွေ့ကာ အိပ်ရာထဲသို့ဝင်သည်။

အသံမှာ လူစုလူဝေးတို့ သံပြိုင် ဟစ်အောင်နေသော အသံဖြစ်သည်။ အားလုံးနားစွင့်လိုက်ကြသည်။ မိနီက ဟာ- ဟော- အဖေရေ့ ၊ မအေယိုးဟေ့လို့ ဆဲသံကြားတယ်"ဟု ဆို၏။

"ဟာ- ဆဲတာဟုတ်မယ်မထင်ပါဘူး လုံမရယ်။ ဟော-ဟော နားထောင်စမ်း"ဟု မြတ်မွှေးက လက်ညှိုးကလေးကို ထောင်ကာပြောရင်း နားစွင့်လိုက်သည်။

အသံမှာ သဲကွဲလာပြီ။

"သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပြီ"ဟူသော ကြွေးကြော်သံကြီးသည် ငဘ၏လယ်ကွင်း တည်းဟူသော ကမ္ဘာလောကကြီးကို အမြစ်ကနေပြီး ဆွဲနှဲ့ လိုက်လေသည်။

ငဘစိတ်ထဲ၌ ကိုသာဂေါင်၏ စပါးအပြည့်တင်လာသော ငါးရာပါသမ္ဗာန်ကြီး ရင်ဝတက်ဆောင့်လိုက်သလို အောင့်ခနဲဖြစ်သွားသည်။

ထိုအသံများ တစ်အောင့်လောက် ပျောက်သွားပြီးနောက် တောတန်းအလွန် ရေကျော်ဝ တရုတ်ဆိုင်ဘက်ဆီမှ ဗြုန်းဗြုန်းဒိုင်းဒိုင်းအသံများ ကြားရပြန်သည်။ တော်တော်ကလေးကြာသွားသောအခါ မီးများထိန်ထိန်လင်း၍ တက်လာသည်။ ကောက်ရိုးပုံမီးရှို့ သည်ကို မြင်နေကျတောသူတောင်သားတို့အဖို့ ထိုမီးသည် ဘာမျှထူးခြားလှသည်မဟုတ်၊ သို့သော် ထိုမီးရောင်သည် ကောင်းကင်ကို ပြေး၍ဟပ်လိုက်သောအခါ သာမည ကောက်ရိုးမီး မဟုတ်တန်ရာဟု ကြည့်သူအားလုံးတို့က ရင်တဖိုဖိုနှင့် မြည်တမ်းရင်း ကောက်ချက်ချလိုက်သည်။

သို့သော် သူတို့တစ်တွေ ငဘတဲနောက်ဘက်ခပ်ကျကျ မြစ်ကြီးဟိုဘက်က မီးရောင်ကို မြင်ရသေး၍သာ မြည်တမ်းရုံ မြည်တမ်းကြသည်။ မြင်လိုက်တော့ ရင်ထဲတွင်စို့ပြီး ငဘရော၊ မြတ်မွှေးရော၊ သာအိရော "တစ်ခါတော့ဖြင့် ခက်ကြရောပေါ့လကွာ"ဟု ညည်းတွားကာ မျက်ရည်များပင် ကျကြသည်။ ဟော်ရီးမှာမူကား အာ့ကိုဂျီး၊ အာ့ကိုဂျီး၊ အားလုံး မာလကတွားကုန်ပြီ"ဟူ၍ ချုံးပွဲချငိုလေတော့သည်။

ကောင်းကင်အလုံး မီးဟုန်းဟုန်းထ၍ တောက်လေပြီ။ သာအိ၊ မြတ်မွှေးနှင့် ငဘတို့တဲရှိ လူကုန်နိုးကြပြီ။ ကလေးတွေလည်းလန့်၍ တစာစာငိုကြသည်။ သာအိမ်န်းမက ထဘီစွန်တောင်ဆွဲပြီး လန့်ပြေးပြေးရာ ဗွက်ထဲတွင် ခြေချော်လဲလိုက်သေးသည်။ လေရူးကလေး တစ်ချက်တစ်ချက် သည်ဘက်လွင့်လာလျှင် မီးလုံးကြီး လိုက်လာသကဲ့သို့ ရှိသောကြောင့် လယ်ကွင်းရှိ ကျားမ ကလေးသူငယ်မကျန် ထွက်ပြေးမည်တကဲကဲ လုပ်သည်။ ငဘက ဟောက်ထား၍ ငြိမ်နေကြရသည်။

ငဘစိတ်ထဲ၌ ကမ္ဘာကြီးပျက်စီးလုနီးပြီလောဟု မေးခွန်းထုတ်နေသည်။ အခြားသူများလည်း ငိုင်နေကြသည်။ ထမင်းအိုးနှစ်လုံးချက်လောက်ကြာအောင် မီးတောက်များ လျှံ၍တက်နေသည်။ ပြီးလျှင် အလင်းရောင် ၀ပ်သွားသည်။ ထိုအခါမှ မိန်းမများ၊ ကလေးများ ကိုယ့်တဲတွင်းသို့ အလျိုအလျိုဝင်ကြသည်။
"တို့နဲ့ အဝေးသားပဲကွာ၊ ကဲ-ကဲ- တဲထဲပြန်ကြ၊ မနက်ကျမှ အကြောင်စုံသိအောင် စုံစမ်းရဦးမှာပဲ၊ အိပ်ရေးပျက်ကြမယ်၊ သတိဝိရိယနဲ့လည်း အိပ်ကြဟေ့"ဟု ငဘက သူ့အဖော်များအား ညွှန်ကြားချက်ပေးလိုက်သည်။ သို့အတွက်ကြောင့် ယောက်ျားများလည်း ကိုယ်စီကိုယ်င တဲထဲသို့ ပြန်ကြသည်။ သို့သော် ထိုညအဖို့ လူကြီးပိုင်းမှာ ကောင်းစွာ အိပ်ပျော်ကြသည်မဟုတ်။

မိဖော့၏ ဆေးခံတောင်းထဲမှ ဆေးပေါ့လိပ်နှင့် ငဘတို့မှာ တစ်ညလုံး မဟာမိတ်ဖွဲ့နေကြသည်။ မိဖော့မှာမူကား ငဘ၏ဘေးတွင် ထိုင်ကာ ညှိုးငယ်သောမျက်နှာနှင့် ငဘ၏အကဲကို ခတ်နေသည်။ သန်းခေါင်ကြက်တွန်သောအခါမှ ငဘက တိုက်တွန်းလွန်းမက တိုက်တွန်း၍ မိဖော့ အိပ်ရာဝင်သည်။ငဘကား မှောင်ထဲတွင် ဆေးပေါ့လိပ်မီးကို ကသိုဏ်းရှုရင်း ကြောင်တက်တက်ဖြစ်နေသည်။ လင်းကြက်ဆော်လေမှ အိပ်ခန်းဝရှိ ၀ါးပိုးခါးပန်းပေါ် ခေါင်းတင်ပြီးလျှင် တခေါခေါနှင့် အိပ်မောကျသွားလေတော့သည်။

သို့သော် ငဘ၏နားထဲတွင် "သခင်မျိုးဟေ့ တို့ဗမာ"ဟူသော အသံများ ၀ီခေါ်ကာ မြည်လျက်ရှိတုန်းပင်။ ညဥ့်ဦးက ကြားရသော အသံကို အိပ်လျက်နှင့် ကြားနေရသောကြောင့် အိပ်ပျော်သွားသည်ဟူ၍ပင် မထင်မိချေ။ ထိုအသံတို့မှာ အိပ်မက်ထဲက အသံလေလား ဟူ၍လည်း တွေးလိုက်သေးသည်။ သို့သော် ယခုကြားသောအသံတို့မှာ နီးကပ်လွန်းလှချေ၏ တကား။

တစ်အောင့်လောက် မေ့ခနဲ့အပျော်တွင် "သခင်မျိုးဟေ့ တို့မြန်မာ၊ အရေးတော်ပုံ အောင်ပြီ" ဟူ၍ အသံဝါကြီးနှင့် တစ်အားကုန်ကြုံးပစ်လိုက်သော အသံမှာ တန်တော့၊ ဖြိုးတုပ်ရဲ့  အသံပဲ။

ငဘ ငေါက်ခနဲထထိုင်လိုက်သည်။ လင်းကြက်ဆော်ရုံမဟုတ်။ ထိန်ထိန်လင်းနေပြီ။ သူ့တဲခြေရင်းဘက်မှ သာအိတို့အသံကို ကြားရသည်။ "အမယ်လေးဗျ"ဟု ဟော်ရီးအော်လိုက်သော အသံကိုလည်း ကြားလိုက်သည်။ တွေဝေနေစဉ်ပင်လျှင် ဟော်ရီးကို လက်ပြန်ကြိုးတုပ်၍ ဆွဲလာသော ဖြိုးတုပ်နှင့် သူ၏ အပေါင်းပါ လူနှစ်ဆယ်အစိတ်ခန့် တဲရှေ့ ရောက်နေသည်ကို တွေ့ရသည်။

ဟော်ရီး၏ခေါင်း၌ ခေါင်ရန်းပန်းတွေ ဝေဆာ၍နေသည်ဟု ငဘအောက်မေ့လိုက်သည်။ သေချာစွာ ပြန်ကြည့်လိုက်သော် နဖူး၌ ဟက်တက်ပြဲနေသော ဒဏ်ရာတစ်ခုကို သွေးခြင်းခြင်းနီလျက် တွေ့ရသည်။

ဖြိုးတုပ်က ငဘ၏တဲပေါ်သို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်လာသည်။ "ဘယ်မလဲ ထင်းရှူးသေတ္တာ" ဟု ဆိုသည်။ ငဘက ငိုင်နေသည်။ ဟော်ရီးက "အာ့ကိုဂျီး"ဟု အသံပြုသည်။ ဖြိုးတုပ်က "ဒီကုလား ဘာစကားများသလဲ" ဟု ဆို၍ ဓားနှောင့်နှင့် ကျောကိုထုသည်။ ဟော်ရီးသည် မြေပေါ်ကို ဆောင့်ကြောင့်ထိုင်ချပြီးလျှင် တဟီးဟီး ငိုလေသတည်း။

"ဟေ့ကောင် ဘယ်မှာလဲကွ"ဟု ဖြိုးတုပ်က ဘီလူးသဘက်စီးနေသော လောဘသံကြီးဖြင့် ငဘကို မေးသည်။ ငဘက ဆုတ်, ဆိုင်း, အ, ထစ် ဖြစ်နေသောကြောင့် ဖြိုးတုပ် စိတ်မရှည်နိုင်တော့ဘဲ ငဘ၏ ကျောပြင်ကို ဓားပြားနှင့်ရိုက်သည်။

ဖြိုးတုပ်မှာ လူမိုက်ပင် လုပ်နေဖူးသော်လည်း နဂိုက ဓားကိုင်ဖူးသူမဟုတ်။ သတ္တိလည်းမရှိ။ အရပ်ပျက်ကာမှ ဗိုလ်တက်လုပ်ရသူဖြစ်လေရာ ဓားပြားအရိုက်တွင် လက်အနည်းငယ်တွန့်ပုံရသည်။ ထို့ကြောင့် ရိုက်ပြီးဓားကိုအသိမ်းတွင် ငဘ၏ကျောပြင်မှာ ဓားဦးရှ၍သွားလေရာ ဖြာခနဲ သွေးတွေပန်းထွက်သည်။

မိဖော့က ကြောက်ဒူးတုန်၍ အခန်းအောင်းနေရာမှ ငဘဖြစ်ပုံကို မြင်လေသောအခါ "အမယ်လေး မြင်မကောင်းရှုမကောင်း ဖြစ်ကုန်ပါပေါ့လား"ဟု အော်ကာ ငဘရှိရာသို့ ပြေးလာသည်။ ဖြိုးတုပ်မှာ တစ်မတ်ဖိုးမျှသာ သခင်ဖြစ်လေရကား၊ သူ့၌ သူရသတ္တိ တစ်မတ်ဖိုးမျှသာ ရှိသည်။ ထို့ကြောင့် ရှိသမျှသော သတ္တိကလေးနှင့်ပင် လန့်ပြီး ပြေးမည်ကြံ၍နောက်တွန့်သွားသည်။ တပည့်တပန်းများက နောက်ပိုင်း၌ မထွက်သာအောင် သူ့ကို ပိတ်၍ထားသောကြောင့်လည်းကောင်း၊ မိဖော့က သူ့လင်ရှိရာသို့သာ ချဉ်းကပ်၍သွားသောကြောင့်လည်းကောင်း၊ ဖြိုးတုပ်မှာ ဣနြေ္ဒဆယ်၍ ရလိုက်ပါသေးသည်။

ငဘဖြစ်ပုံကို ဟော်ရီးမြင်သောအခါ "အာ့ကိုဂျီး ချွန်နော့်အတွက် ဒုက္ခဖစ်တယ်နော်၊ မကန်းဘူးရှိတယ်။ ပေးလိုက်ပါတော့ အာ့ကိုဂျီးရယ်" ဟု ဆိုသည်။
ငဘကလည်း "ခင်ဗျားတို့လိုချင်တာ ကိုယ့်ဟာကိုယ် တက်ရှာကြပေါ့လဗျာ" ဟု ငေါက်ဆတ်ဆတ် ပြောလိုက်သည်။

ဖြိုးတုပ်တို့လူသိုက်လည်း တဲတွင်းသို့ဝင်ရောက်မွှေနှောက်သည်တွင် ငဘတို့အိပ်ခန်းအောက်တည့်တည့်ရှိ စပါးပုတ်ထဲမှာ ဟော်ရီး၏ သေတ္တာကို အလွယ်တကူရသည်။

ဖြိုးတုပ်က ငဘအား "ခွေးမသားမျိုးဖျက်၊ ကုလားပစ္စည်းကို နင့်အမေလင်ဟာအောက်မေ့ပြီး တရိုတသေသိမ်းထားရသလား" ဟု ကြိမ်းသည်။ သူ့တပည့်များကိုလည်း ငဘအား လက်ပြန်ကြိုးတုပ်ရန် ဖြိုးတုပ်က ခိုင်းသည်။ သာအိနှင့် မြတ်မွှေးတို့က "သခင်ဖြိုးတုပ်ရယ် ကိုယ့်ဗမာအချင်းချင်း မလုပ်ကောင်းပါဘူး"ဟု မျက်ရည်ခံထိုး၍ တောင်းပန်လေသောကြောင့် သခင်ဖြိုးတုပ်က ခွင့်လွှတ်တော်မူသည်။

သို့သော် ဟော်ရီးကိုမူ လက်ပြန်ကြိုးတုပ်၍ သူ့တဲရှိရာ ခေါ်သွားသည်။ ဟော်ရီးတဲရှေ့  တလင်းပြင်တွင် ဟော်ရီးစုဆောင်း၍ထားသော စပါးတစ်ရာခန့် တစ်ပုံရှိသည်။ ဖြိုးတုပ်၏ တပည့်အပေါင်းတို့လည်း ၄င်းတို့၏ အဆောင်အဖြစ်ယူလာသော သုံးရောင်ခြယ်အလံကြီးကို ထုတ်၍ ၀ါးရုံတောမှ ၀ါးလုံးတစ်ခုကို ဖြတ်၍ယူကာ အလံကိုတပ်ပြီးလျှင် စပါးပုံပေါ်တွင် ထူလိုက်သည်။

တစ်ယောက်က "အရေးတော်ပုံ" ဟု သံတိုင်သည်။
အများက "အောင်ပြီ" ဟု လိုက်ဆိုရသည်။
ဤ အခမ်းအနားကား ရန်သူ့ပစ္စည်းဖြစ်သော ဟောရီး၏ စပါးကို သခင်ဖြိုးတုပ်က သိမ်းဆည်းရေးလုပ်လိုက်သော အခမ်းအနားဖြစ်သတည်း။

သခင်ဖြိုးတုပ် နိုင်ငံရေးလုပ်လာခဲ့သမျှ တိုင်းပြည်အတွက် အနစ်နာခံခဲ့ရသည်ချည်းပင်။ လူလားမြောက်သည်နှင့် တစ်ပြိုင်နက် အလုပ်မရှိ တစ်ရာ့ကိုးဖြစ်နေသောကြောင့် ဂျီ၊ စီ၊ ဘီ၊ အေ ခေတ်နှင့် ကြုံ၍ နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ကာ ၀င်ခဲ့ပါသည်။ ထိုခေတ် နိုင်ငံရေးလမ်းစဉ်အတိုင်း အစိုးရကို အာပေါင်အာရင်းသန်သန်နှင့် ကုန်း၍ဆဲခဲ့သည်။ အဆဲကောင်းသောကြောင့် အစိုးရကို အကြည်ညိုဖျက်မှုနှင့် အဖမ်းခံရတော့မလိုလို ဖြစ်ခဲ့သေးသည်။ ပုလိပ်နှင့်ကပ်ပေါင်းပြီး ပုလိပ်သတင်းပေး လုပ်ခဲ့၍သာ ချမ်းသာခဲ့သည်။ ၀ံသာနုကိုချည်း အားကိုးနေခဲ့ပါလျှင် ထောင်ကျသည်သာ အဖတ်တင်လိမ့်မည်။ အလုပ်အကိုင်မရှိ၍ နိုင်ငံရေးဝင်လုပ်မိပါ၏။ နိုင်ငံရေးဝင်လုပ်မိသောကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ဂျီ၊ စီ၊ ဘီ၊ အေ ဆက်ကြေးနျင့် အဘယ်မှာ စားလောက်ပါအံ့နည်း။ သို့ကလို ဖြိုးတုပ် အနစ်နာခံခဲ့ရသော်လည်း ဦးချစ်လှိုင်ကြီး သမ္မတဖြစ်တော့ နိုင်ငံရေးသမားပေါက်စ ဖြိုးတုပ်ကို ဆေးဖော်ကြောဖက်မျှပင် မလုပ်ပါ။ ထို့ကြောင့် အသက်နှစ်ဆယ့်တစ်နှစ်သားအရွယ်မှာ နှစ်ဆယ့်တစ်ဦးပါတီ ပေါ်လာသောကြောင့် တြင်းကြေအောင် နှစ်ဆယ့်တစ်ဦးပါတီထဲ ၀င်ခဲ့သည်။ သည်အခါကျပြန်တော့လည်း နှစ်ဆယ့်တစ်ဦးကြောင့် အဆဲသာခံရသည်။ ဘာမှ ရပေါက်ရလမ်းမရှိခဲ့။ ဆက်ကြေးကိုပင်လျှင် မှန်မှန်ကြီး အုပ်စားနိုင်သော အခြေသို့ မရောက်ခဲ့ရချေ။ အနစ်နာခံသမျှ အလကားပဲ။ ဦးဘဖေတို့လူသိုက် ၀န်ကြီးဖြစ်လာသောအခါ ဖြိုးတုပ်ကို မေ့ပစ်လိုက်ကြပြန်သည်။ မသကာ သူလည်း သစ်တောရေးဝန်ကြီးတစ်ယောက် လုပ်နေတာပဲ။ ဖြိုးတုပ်ကို အကောက်စာရေးရာထူးပေးလိုက်ရင် ဖြိုးတုပ် ငြိမ်သွားမှာပ။

ယခုတော့ ဖြိုးတုပ်မငြိမ်နိုင်။ တကယ့်အရေးကျလျှင် မျိုးချစ်ပါတီကိုမှ အားကိုးရသည်။ ထို့ကြောင့် နှစ်ဆယ့်တစ်ဦးကိုကြဉ်၍ မျိုးချစ်ကိုကပ်သည်။ သို့ရာတွင် ဓားမ ပါတီကလည်း ခေတ်စားလာပြန်သေကြောင့် ဓားမနှင့်လည်း ရေလိုက်ငါးလိုက် ပေါင်းရသေးသည်။ ဖြိုးတုပ်ကတော့ မျိုးချစ်ကို သစ္စာစောင့်ပါသည်။ ဘုရားစူးရပါစေ့။ အဲ- နို့ပေမယ့် နိုင်ငံရေးဆိုတာ လှေနံဓားထစ် မဟုတ်ဘူး။ ကာလံတဲ့၊ ဒေသံတဲ့၊ အဂ္ဂံတဲ့၊ ဓနံတဲ့။ ဘုရားဟောဒေသနာမဟုတ်လား။ ဆင်းရဲသားပါတီနှင့် လုံးနေသော်လည်း ဖြိုးတုပ်သည် မျိုးချစ်၏လေးစားခြင်းကို ခံရပါသည်။ နိုင်ငံရေးအကင်းပါးတာကိုး။ မျိုးချစ်ခေါင်းဆောင်များကလည်း ပညာရှိတွေပဲ။ နားလည်ကြတာပ။

သခင်တွေ သံပုံးတီးတုန်းက ဖြိုးတုပ်သည် ဂဠုန်စစ်သူကြီးလို ၀ါးရင်းတုတ်နှင့် ကူခဲ့သေးသည်။ သို့ရာတွင် ၀ါးရင်းတုတ်ကြောင့် သခင်တွေနှင့် ပဋိပက္ခမဖြစ်ခဲ့ပါ။ ၀ါးရင်းတုတ် တပ်မတော်ကြီးထဲတွင် ဖြိုးတုပ် ကန့်လန့်ပါနေစေကာမူ တို့မြန်မာသခင်များက နားလည်ကြပါသည်။

ဖြိုးတုပ်သည် နိုင်ငံရေး၌ လာဘ်မြင်လာပြီဖြစ်၍ ပါတီများ အင်အားစု၍ကောင်းတုန်းအချိန်မှာ နှစ်ဖက်ခွ၍စားသာသဖြင့် ချောင်လည်လာသည်ဟု ဆိုနိုင်ပါ၏။ သို့သော် ဖြိုးတုပ်သည် နိုင်ငံရေး၌ စွန့်စား၍ အနစ်နာခံခဲ့သည်တို့နှင့်စာသော် မထေမိသေးပါ။ နိုင်ငံရေး၌ သည်တစ်ကွက် နေရာမကျသေးလျှင် ဟိုတစ်ကွက်ကို လှမ်းကြည့်ရသည်။ အဲဟိုတစ်ကွက်က စားပေါက်မပွင့်သေးဘူးဆိုပြန်လျှင်လည်း စိတ်ရှည်ရှည်ထားတတ်ရမည်။ ဟော... သို့ကလို စိတ်ရှည်ရှည်ထားလိုက်တော့ နိုင်ငံရေးနစ်နာခံခဲ့ရသမျှအတွက် ယခုလို ထင်းရှူးသေတ္တာကို အပိုင်စီးရကရောမဟုတ်လား။

ဤမျှ နိုင်ငံရေအတွက် ကြီးလေးသောတာဝန်ကို ထမ်းရွက်ရရှာသော ဖြိုးတုပ်သည် မိမိလုပ်ဖွယ်ကိုင်ဖွယ် ကိစ္စအ၀၀တို့ကို ဖိဖိစီးစီး လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် ငဘတို့၏ကွင်းမှ ထွက်ခွာသွားတော်မူလေသတည်း။

ဖြိုးတုပ်သည် ဟော်ရီးကို ပထမ ဓားစာခံအဖြစ်ဖြင့် ခေါ်သွားပြီးမှ လမ်းတစ်ဝက်တွင် ပြန်လွှတ်လိုက်သည်။ ဟော်ရီးလည်း ပြန်ခွင့်ရသော် ငဘ၏တဲသို့ဝင်သည်။ သူ့ခမျာ ခါးတစ်ဖက်စောင်း၍နေသည်။ တဲထဲသို့ရောက်သောအခါ ငဘ၏ကျောပြင်၌ အရှည်တစ်ထွာသာသာရှိသော ဓားရာကြီးကို သာအိ၊ မြတ်မွှေး၊ မိဖော့တို့က ရေနံဆီမီးခွက်မှရသော ရေနံဆီများ၊ မီးသီးများတို့ဖြင့် နယ်သိပ်၍ တော်သားလယ်သမား၏ဘာဝ ပထမ သူနာပြုစုခြင်းဖြင့် ပြုစုနေကြသည်ကို ဟော်ရီးတွေ့ရသည်။

ဟော်ရီးလည်း ဟီးဟီးမြည်၍ငိုသည်။ ငိုရန် အဖော်ညှိနေသော မိဖော့က "ဟော်ရီးရဲ့ ၊ တစ်ခါတော့ ခက်ကြပြီပေါ့ကွဲ့ " ဟု အော်ဟစ်လိုက်လေရာ မိနီနှင့် သူ့မောင်ကလေးသုံးယောက်မှာ ညံစာစာနှင့် ငိုကြွေးကြပြန်သည်။

ထို့နောက် သာအိက ဟော်ရီးနဖူးကို ဆေးထည့်ရန်ကြည့်သည်။ ဟော်ရီးက "နဖူးက ကိတ်ကျမချိပါဘူး၊ ခါးကခက်တယ်၊ အားကြီးအောင့်တယ်" ဟု ဆိုသည်။ ထို့ကြောင့် သာအိက ခါးကိုကြည့်သည်။ သာအိ မျက်နှာပျက်သွားသည်။ မိဖော့က အနားကပ်မည်လုပ်သည်ကို "ခင်ဗျားမလာနဲ့၊ ကလေးတွေကိုသာကြည့်ပါ။ မငိုပါစေနဲ့"ဟု ဆိုပြီးနှင်သည်။ မြတ်မွှေးကိုမူ မျက်စပစ်၍ခေါ်သည်။ မြတ်မွှေးလည်း ဒဏ်ရာကိုမြင်ရသောအခါ မျက်နှာသွေးဆုတ်သွားသည်။ သို့သော် နှစ်ယောက်သား ဟော်ရီးစိတ်မပူအောင် အရေးမကြီးသောအနေနှင့် ဒဏ်ရာကို ရေနံဆီဆွတ်ပြီး အ၀တ်နှင့်ပတ်သည်။ ပြီးလျှင် ဟော်ရီးကို တဲခေါင်းရင်း၌ လဲလျောင်းစေကာ သိပ်ထားလိုက်ကြသည်။ ဟော်ရီးမှာမူ ညည်းတွားရင်း မှိန်းနေသည်။ ထိုအတွင်း ငဘ၊ သာအိနှင့် မြတ်မွှေးတို့ ခေါင်းချင်းရိုက်ကြသည်။

ငဘ၏စိတ်ထဲ၌ သူ၏သာယာသော တဲအိမ်ကလေးမှာ မသာအိမ်နှင့်ပင်တူချေပြီဟု တွေးကာ ၀မ်းနည်းပန်းနည်းဖြစ်သည်။ ထိုအချိန်အခါမျိုး၌ ငဘ၏ သွေးချင်းသားချင်းဖြစ်သော တို့ဗမာလယ်သမားအပေါင်းတို့မှာ ငဘနည်းတူ ၀မ်းနည်းပက်လက် ဖြစ်ကြရရှာသည်ကို ငဘသိရလျှင် ၀မ်းနည်းဖော် ၀မ်းနည်းဖက်များနှင့်အတူ ပျော်ပျော်ကြီး ၀မ်းနည်းလိုက်ရမည်ဖြစ်၍ သူ စိတ်ပြေကောင်း ပြေမိပေမည်။

သုံးဦးသား ခေါင်းချင်းရိုက်ပြီးသော် လူစုခွဲလိုက်လေသည်။ ငဘလည်း ငေးမျှော်ရင်း ကျန်ရစ်သည်။ ဟော်ရီး၏ စပါးပုံဆီသို့ သူ့မျက်စိရောက်သွားသည်။

နံနက်လေပြည်ကလေးက ဆော်သွင်းမြူးနေသည်။
သုံးရောင်ခြယ် တို့ဗမာ ဒေါင်းအလံကြီးကလည်း ဟော်ရီး၏ စပါးပုံပေါ်တွင် တဖြူးဖြူးနှင့် ၀င့်၍နေလေသည်။
- - - - -



အခန်း (၅) နယ်ချဲ့ သမားများ



အခန်း (၆) နိပွန်-မြန်မာ ယဉ်ကျေးမှု



အခန်း (၇) အ၀ီစိမှသည် မဟာအ၀ီစိသို့

Thursday, June 11, 2009

ငဘ (အမှာစကားများ + အခန်း ၁၊ ၂။)

ငဘ

ရေးသူ - မောင်ထင်

ထုတ်ဝေသူ - ပါရမီ စာပေ (ဆဌမ အကြိမ်)


မာတိကာ


ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်

တတိယအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်

စတုတ္ထအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်

ပဉ္စမအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်

မိတ်ဆက်စကား


၁။ ချက်ဆို နားခွက်က မီးတောက်ခြင်း

၂။ ထင်းရှူးသေတ္တာ

၃။ ငါးခုံးမ

၎။ ချစ်ကြည်ရေးလမ်းစ

၅။ နယ်ချဲ့ သမားများ

၆။ နိပွန်-မြန်မာ ယဉ်ကျေးမှု

၇။ အ၀ီစိမှသည် မဟာအ၀ီစိသို့

၈။ လူစားခြင်း

၉။ ဂျပန်မျိုးဖြုတ်နည်း

၁၀။ တိုင်းပြည့်ရန်သူ

၁၁။ ကြယ်နီရောင်တောက် နေရောင်ပျောက်

၁၂။ ကုလားမခြင်းတောင်း

၁၃။ ငဘ၏ အောင်ပွဲ



ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်


'ငဘ' ကို ဒုတိယအကြိမ် ပြန်လည်တည်းဖြတ်ပုံနှိပ်ရာ၌ စာရေးသူအား အကြံဥာဏ်နှင့် အကူအညီပေးသူ ဦးသိန်းဟန်အား ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်လိုပါသည်။


'ငဘ'သည် စာမူဘ၀၌ပင်လျှင် စာရေးသူ၏ မိတ်ဆွေများလက်ထဲတွင် တ၀ဲလည်လည်ဖြစ်၍နေလေရာ နောက်ဆုံး၌ စက်တင်ပုံနှိပ်သည့်အခါတွင် မူလကတည်းက ဦးသိန်းဟန် ပေးခဲ့ဖူးသော အကြံဥာဏ်အတိုင်း ဆောင်ရွက်ခွင့် မရလိုက်ပါ။ ယခုမှသာ မိမိရေးပြီးစာကို မိမိ စိတ်အေးလက်အေး ဖတ်ကြည့်ပြီးလျှင် အနည်းငယ်ဟာနေသည်ဟု ယူဆရသော နေရာများ၌လည်းကောင်း၊ ပို၍လေးနက်စေလိုသော အချက်များ၌လည်းကောင်း ပြန်လည်တည်းဖြတ်ထားပါသည်။


'ငဘ' ၀တ္ထုထဲရှိ အရပ်သုံးစကားအချို့ တို့ကို ဦးသိန်းဟန်က ပယ်ချခဲ့ပါသည်။ ဥပမာ 'ဂရုမထူ' ဟူသော စကားမျိုးကို ငပုတောအနောက်ဘက်မှသည် ရခိုင်ပြည်နယ်အထိရှိသော ဒေသတို့တွင် မှီတင်းနေထိုင်သူတို့ သုံးလေ့ရှိသည်။ သို့ရာတွင် ထိုစကားကို မကြားဖူးသူတို့ ကြားရလျှင် နားထွေးဖွယ်ရှိ၍ ပယ်လိုက်သည်။ သို့ရာတွင် အချို့ နေရာများ၌ အရပ်သုံးလေသံတို့ကို ပယ်လိုက်ပါမူ စာ၌ရှိသောအသက်ကို ထုတ်လိုက်သည်နှင့် တူပေသည်။ သို့ဖြစ်၍ ဦးသိန်းဟန်၏ အကြံဥာဏ်ကို စာရေးသူ မလိုက်နာခဲ့ချေ။


သို့ရာတွင် ဦးသိန်ဟန်၏ အကြံဥာဏ်ကို စာရေးသူက လက်မခံနိုင် ဖြစ်ရသည့်အကြိမ်ပေါင်းမှာ နှစ်ကြိမ်သုံးကြိမ်မျှသာ ဖြစ်ပေလိမ့်မည်။ လက်မခံသော အချက်များမှာလည်း အရေးကြီးလှသည့် အချက်များ မဟုတ်ပေ။


လွန်ခဲ့သော ငါးနှစ်ခန့်ကပင် 'ငဘ'ကို ပြန်လည်ထုတ်ဝေရန် စီစဉ်ခဲ့ဖူး၏။ ထိုစီစဉ်ချက်အရ 'ငဘ'ကို ပြန်လည်တည်းဖြတ်၍ အထက်ပါမှတ်ချက်ကို ရေးသားထား၏။ သို့သော အကြောင်းမညီညွတ်ခဲ့ချေ။ ယခုအကြောင်းညီညွတ်သည့်တိုင်အောင် ထုတ်ဝေသူတို့သည် 'ငဘ'စာမူကို တစ်နှစ်နီးပါးမျှ စောင့်ဆိုင်းခဲ့ရသည်။ အဘယ်ကြောင့်ဟူမူ စာရေးသူသည် လွန်ခဲ့သောငါးနှစ်က တည်းဖြတ်ထားသည်တို့ကို ပြန်မကြည့်အားသောကြောင့် ဖြစ်ပါသည်။


စာရေးသူ စိတ်တိုင်းကျ တတ်နိုင်သမျှဖြစ်အောင် ပြည်တော်စိုး ပုံနှိပ်တိုက်၏ စာပြင်ဆရာနှင့် ပုံနှိပ်ဖက်ဆိုင်ရာတို့က စာရေးသူအပေါ်၌ စိတ်ရှည်ကြသည်ကို ကျေးဇူးတင်ပါသည်။


ရန်ကုန်မြို့ 

၁၉၅၇ ခု၊ ဧပြီလ ၁၀ ရက်နေ့။



တတိယအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်


'ငဘ'ကို တတိယအကြိမ် ပုံနှိပ်ရာ၌ ယခင် ဒုတိယအကြိမ် ပုံနှိပ်စဉ်က ပုဒ်၊ ပဒ၊ ၀ါကျ၊ သတ်ပုံအမှားတို့ကို မစင်ကြယ် စင်ကြယ်အောင် ထပ်မံသုတ်သင်ထားပါသည်။ သို့နှင့်လည်း ပမာဒလေခ ဟူသော သဘောကြောင့် အားလုံးအပြစ်ကင်းပြီဟု မဆိုဝံ့ပါ။ ၀တ္ထုစာသားမှာ ဒုတိယပြန်လည်တည်းဖြတ်ပုံနှိပ်ထားသည့်အတိုင်းပင် ဖြစ်ပါသည်။


ထုတ်ဝေခြင်းဆိုင်ရာ အချက်အနည်းငယ်ကို အလျဉ်းသင့်ခိုက် မှတ်တမ်းတင်လိုပါသည်။


'ငဘ'ကို ရေးသားသောကာလမှာ ဂျပန်တို့ အရှေ့တောင်အာရှဒေသ၌ လက်နက်ချ၍ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးစ ၁၉၄၅ ခုနှစ် ဖြစ်ပါသည်။ သို့သော်ငြားလည်း ယခင် ဒုတိယအကြိမ် ပြန်လည်ပုံနှိပ်ရာ၌ ဖော်ပြထားသော အကြောင်းကြောင့် 'ငဘ'ကို တစ်နှစ်ကျော် နှစ်နှစ်နီးပါးခန့်မျှ ထုတ်ဝေခြင်းမပြုခဲ့ရပါ။ ၁၉၄၇ ခုနှစ်သို့ ရောက်ကာမှပင် ရန်ကုန်မြို့ ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ် ၂၆၇ ကမ္ဘာ့စာပေတိုက်အတွက် ရွှေပြည်ညွန့် စာပုံနှိပ်တိုက်က ပုံနှိပ်၍ ဦးအောင်စိန်က ထုတ်ဝေခဲ့ပါသည်။ ဦးအောင်စိန်သည် စက္ကူအခက်အခဲကြောင့် 'ငဘ'ကို မတ်လတွင် ပထမတွဲ၊ ဧပြီလတွင် ဒုတိယတွဲ ဟူ၍ နှစ်တွဲခွဲကာ ထုတ်ဝေခဲ့ပါသည်။ ထိုစဉ်က ပထမတွဲကို ဖတ်လိုက်ရသူသည် ဒုတိယတွဲကို မဖတ်လိုက်ရသည်လည်း ရှိသည်။ ဒုတိယတွဲကို ဖတ်လိုက်ရသူသည် ပထမတွဲကို မဖတ်လိုက်ရသည်လည်းရှိသည်။ ထုတ်ဝေသူ ဦးအောင်စိန်သည် နောင်အခါတွင် 'ငဘ'ကို 'တစ်အုပ်တည်းနှင့် အပြီးထပ်မံရိုက်နှိပ်ပါမည်။ သည်းခံ၍ ခေတ္တဆိုင်းကြပါဦး'ဟု တောင်းပန်စကား ရေးသားခဲ့ဖူးသည်။ သို့ပါသော်ငြားလည်း ဦးအောင်စိန်နှင့်တကွသော ကမ္ဘာ့စာပေတိုက်မှာ တိမ်မြုပ်သွားပါသည်။


ပထမအကြိမ် ပုံနှိပ်ပြီးနောက် ဆယ်နှစ်ကြာသော် 'ငဘ'ကို ရန်ကုန်မြို့ ၊ ၈၇ လမ်း၊ အမှတ် ၅၂ ပြည်တော်စိုး ပုံနှိပ်တိုက်က ပြန်လည်ရိုက်နှိပ်၍ ရန်ကုန်မြို့ ၊ ကုန်သည်လမ်း၊ အမှတ် ၅၄၆ ပြည်သူ့စာပေတိုက်က ထုတ်ဝေခဲ့ပါသည်။ ထို့ကြောင့် ၁၉၅၇ ခုနှစ် မတ်လလောက်တွင် 'ငဘ' ပြန်၍ထွက်ခဲ့ပါသည်။


ယခု ၁၉၆၅ ခုနှစ်တွင် 'ငဘ'ကို မန္တလေးမြို့ ၊ ၈၄ လမ်း ရဟိုင်းဈေး ကမ္ဘာ့ခေတ် စာပေတိုက်က မန္တလေးမြို့ ၊ ၄၁ လမ်း၊ အမှတ် ၁၀၀ သပြေပုံနှိပ်တိုက်တွင် စက်တင်ရိုက်နှိပ်ထုတ်ဝေပါသည်။


'ငဘ'သည် ဗြိတိသျှခေတ်နှင့် ဂျပန်ခေတ်အတွင်း မြန်မာနိုင်ငံ၌ရှိသော တောင်သူလယ်သမားတို့၏ ဘ၀ကို တင်ပြသော ၀တ္ထုဖြစ်သည်။ ငဘ၏ဘ၀သည် ဒုက္ခအတိပြီး၏။ စာရေးသူသည် ထိုဒုက္ခကို မျက်မြင်ဒိဋ္ဌဖြစ်အောင် ဖွဲ့နွဲ့ထားပါသည်။


ရန်ကုန်မြို့ 

၁၉၆၅ ခု၊ စက်တင်ဘာလ ၁ ရက်နေ့။



စတုတ္ထအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်




ပဉ္စမအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ မှတ်ချက်




မိတ်ဆက်စကား

ဦးခင်ဇော်(ကေ) ရေးသည်။


ဤ၀တ္ထုမှာ မြန်မာပြည်က လားလားမှ မခံထိုက်ပါဘဲလျက် သက်သက်တန်ဆာခံလာ၍ ဖြစ်ရသော ရာဇ၀င်တွင် ဥဒါန်းတွင်ရစ်မည့် ကမ္ဘာစစ်ကြီးအတွင်း ငဘနှင့် သူ့အိမ်ထောင်သားများ လေးနှစ်တိုင်တိုင် လောကဓံတရားနှင့် ရင်ဆိုင်၍ ဒုက္ခခံခဲ့ရသည်ကို စာတင်ထားသော ၀တ္ထုဖြစ်သည်။


ကျွန်တော် ဤ၀တ္ထုကို ဖတ်စက စာရေးဆရာစည်းကမ်းနှင့် ညီမညီကို အကဲဖြတ်ရန် စိတ်ထားနှင့် ဖတ်မိပါသည်။ သို့သော် အကဲဖြတ်လိုသော စိတ်ထားမှာ စာရေးသူ၏ စကားတန်ဆာဆင်ပုံ အလိမ္မာကြောင့် မှိုင်းမိ၍ သွားရလေသည်။ အကဲဖြတ်သူသည် အကဲမဖြတ်နိုင်ဘဲ စာရေးသူ၏ ဆွဲဆောင်ရာသို့ ကောက်ကောက်ပါအောင် လိုက်သွားရလေတော့သည်။ အနုပညာ၏ အလိမ္မာသဘောမှာ ဤသို့ ဆွဲဆောင်နိုင်စွမ်းရှိသည်။ ဆွဲဆောင်ရာသို့ အပါခံရသည်မှာလည်း အရသာရှိလှပါ၏။ ထို့နောက်မှ အံ့သြစိတ် ပေါ်လာပါသည်။ အံ့သြမိသောအချက်မှာ မြန်မာဝတ္ထုအဆင့်အတန်းသည် ထွေထူးဆန်းပြားသော လောကတွင် ဤမျှ ၀င်ဆန့်နေသောအချက်ပင်ဖြစ်သည်။ ၀တ္ထုအကြောင်းမှာ ရိုးရိုးပင် ဖြစ်ပါ၏။ သို့သော် စာရေးသူ၏ အနုပညာ အလိမ္မာမှာ ဖန်တီးတတ်သော အလင်္ကာသဘော ပြည့်မြောက်သဖြင့် လောကအကြောင့်နှင့် ၀င်ဆန့်သည်ဟူသော စကား၏ အဓိပ္ပာယ်ကို အကျယ်ဖွင့်၍သာလျှင် ယူကြပါကုန်။


ဤစာမျိုးကို တောသားလယ်သမားတို့အား အကယ်ပင် ကရုဏာသက်တတ်သူ စာရေးဆရာမှသာလျှင် ကလောင်ကို ပိုင်နိုင်စွာ အသုံးချနိုင်မည်။ မထိတထိ ရယ်စရာများသည် ရေးသူ၏စာထဲမှ ဘွားခနဲ ပေါ်လာကာ အလစ်တွင် ချောင်း၍ဖမ်းစားသည်။ စာဖတ်သူ ရယ်ရသည်ဆိုရာ၌ လူပြက်ပြက်သလို ပြက်ထား၍ ရယ်ရခြင်းမျိုး မဟုတ်။ ဤစာမျိုးကိုဖတ်လျှင် စာဖတ်သူသည် တစ်ချက်တစ်ချက် အသောကလေးဖတ်၍ ကိုယ့်ကိုယ်ကိုဖြေမှ တော်ရုံကျမည်။ အဘယ်ကြောင့်ဆိုသော စာရေးသူက တစ်ခါတစ်ခါ အလွမ်းဘက်သို့ ဆွဲယူသွားသည်ရှိသော် မျက်ရည်မကျအောင် အသောကလေးနှင့် ဖြေရန် အလွန်လိုပါလိမ့်မည်။ သို့သော် အလွမ်းအဆွေးနှင့်ချည်း ဇာတ်မျော၍နေသည်လည်း မဟုတ်သေး။ ဤအချက်သည်ပင်လျှင် စာရေးသူ၏ ထူးချွန်ချက်ဖြစ်၏ဟု ဆိုရပါမည်။ ပျော်၍ပြက် ကလက်သလိုလိုနှင့် ကြေကွဲဖွယ် အခြင်းအရာတို့က မိတ်ဆွေ၏ နှလုံးသားကို မိတ်ဆွေက အလိုတူသည်ဖြစ်ဖ်ြစ၊ မတူသည်ဖြစ်ဖြစ် လှိုက်လှိုက်လှဲလှဲဖြစ်အောင် ယူကျုံးဆွဲဆောင်သွားတတ်သည်။ ဟိတ်ဟန်မပါ စာရိုးရိုးရေးတတ်သူ တစ်ဦးက ဟိတ်ဟန်မထုတ်သော လူရိုးရိုးတစ်ယောက် အကြောင်းကို ရေးသားထားလေရာ လူ့သဘာဝကိုယ်၌ကလည်း အဆွေးဘက်နွယ်တတ်သောကြောင့် ပိုပြီး မချိတရိ ဖြစ်စေသည်။ စာရေးသူသတ္တိကို အံ့သြ၍ မပြီးနိုင်။ သူသည် ကရုဏာမိုးစွေတတ်သူ မှန်၏။ သို့သော် အတားအဆီးမရှိ၊ အလွန်အကျွံ မဟုတ်ချေ။ စိတ်လိုက်မာန်ပါ ဒေါသူပုန်လည်း မထ၊ စိတ်မရှည်နိုင်တိုင်း တိုတောင်းလွန်းလှသည်လည်း မဟုတ်။ စိတ်နူးညွတ်စရာအကြောင်း ပြောသည့်အခါ၌လည်း အလွမ်းမသယ်။ အလွန်နာကျည်းစရာကို တွေ့ရစေကာမူ အပြုံးမပျက်။ ရွံမုန်းစရာ အဖြစ်သနစ်နှင့် ပတ်သက်ပြီး စက်ဆုပ်စရာရန်သူကို တွေ့ကြုံရသည့်အခါ၌ပင်လျှင် နှလုံးနာသည့်အကြောင်းကို စာရေးဆရာ သရုပ်ဖော်ရာ၌ စာတစ်ပိုဒ်၊ စာတစ်ကြောင့်ဖြင့် ရှင်ဥတ္တမကျော် တောလားပါ 'ဘီလူးသွားကို လဖြဲတည်း'ဟူသော စကားရပ်တို့ကို မင်သေသေနှင့် အကွက်ဆိုက်အောင် သုံးထားသည်မှာ တတ်နိုင်ပါပေ့။


ကျွန်တော်သည် ဖတ်ရင်းဖတ်ရင်း မြန်မာဝတ္ထု မည်ကာမတ္တကို ဖတ်နေရသည်မဟုတ်။ ၀ိသေသရှိသော မြန်မာဝတ္ထုတစ်ပုဒ်ကို ဖတ်နေကြောင်း သိမြင်လာပါသည်။ သို့သော် ဤအချက်ကို ကျွန်တော်စိုးရိမ်မိသည်ကား ကြယ်တံခွန်ကို လွှတ်သည့်အခါ ခဏပန်းဖြာ၍ လင်းတတ်သည်။ ပြီးလျှင် ကြယ်တံခွန်သွားရာ လမ်းခရီးမှ မဆုံးသေးမီ မီးပန်းမှာ မှေးမှိန်သွားတတ်ပါသည်။ ဤဥပမာကဲ့သို့ လမ်းခုလတ်မှာ ဗြုန်းခနဲ အရောင်မှိတ်သွားလေမလား။ အနုပညာသဘောတွင် အရသာဆိုသည်မှာ တစ်ဆင့်ထက်တစ်ဆင့် မြင်၍သာ တက်ရသည်။ ယခုဝတ္ထု၏ အရသာမှာ တစ်ရှိန်းထိုးတက်၍လာခဲ့ပုံမှာ အသက်ရှူပင် မှားလောက်ပါ၏။ ထို့ကြောင့် အဆုံးသတ်မှာ 'ဖတ်'ခနဲ ကျသွားမည်ဆိုလျှင် ၀တ္ထုအပြီး၌ စိတ်ပျက်ရတော့မည်ကို တွေး၍ စိုးရိမ်မိ၏။ ဥမ္မာဒန္တီ အချောအလှ ယမင်းကလေးကို အိပ်မက်ထဲ၌ တွေ့လို့ကောင်းတုန်း ဗြုန်းဆိုလန့်နိုးပြီး အိပ်မက်မှန်း သိရ၍ 'ဟာ' သွားလျှင် အကျိုးနည်းရချည့်။ အလှအိုးကလေး လက်ထဲရောက်ကာမှ ကွဲသွားရမည်ဆိုလျှင် စိတ်ပျက်စရာ မကောင်းပေဘူးလား။ အနုပညာ၏ ပရိယာယ်မှာ အဆုံးသတ်ခါနီးလေ ခက်လေလေဖြစ်၍ အဆုံးအထိ 'သယ်'နိုင်ပါ့မလား။ အောင်မြင်သည် ဆိုသမျှ အပြီးသို့ တိုင်ပါ့မလား။ ကြက်ပေါင်စေးဘောလုံးကြီးကို လေထဲထိုးတက်ပြီးမှ လမ်းခုလတ်မှာ ရှူးခနဲ ပေါက်ကွဲ၍ ထိုးစိုက်ကာကျလာလေမလား။


ကျွန်တော် ဤ၀တ္ထုဖတ်ပြီး လက်ကချလိုက်တော့မှ စိတ်သက်သာရာရသည်။ ဤ၀တ္ထုသည် တစ်လျှောက်လုံး အောင်အောင်မြင်မြင်နှင့်ပင် 'သယ်'သွားနိုင်ပါသည်။ ကျွန်တော်တစ်ခါမျှ မထင်မတွေးခဲ့ဖူးသော အဆင့်အတန်းသို့ရောက်အောင် စာရေးသူ၏ဥာဏ်စွမ်းက မြန်မာဝတ္ထု စာပေအဆင့်အတန်းကို မြှင့်တင်လိုက်ကြောင်း တပ်အပ်သိရပါပြီ။



ဦးခင်ဇော်၊

ပြန်ကြားရေးဝန်ကြီး

မြန်မာနိုင်ငံတော် အသံလွှင့်ဌာန

၁၇၊ ၁၂၊ ၄၆။



အခန်း(၁) ချက်ဆို နားခွက်က မီးတောက်ခြင်း


သူ့ကို သူ့သားသမီး ငါးယောက်က အဖေလို့ ခေါ်သည်။ သူ့မယားက "ဒီမှာ" လို့ ခေါ်သည်။ တစ်ခါတစ်ခါတော့လည်း သူ့မယားက ပါးစပ်မဖွင့်ဘဲ "ဟင်း...ဟင်း" လို့ အချက်ပေးလိုက်လျှင်၊ သူ့ကို ခေါ်သည်ပင်ဖြစ်၏ ဟူ၍ သူ အမှတ်သညာ ပြုထားသည်။ သူ့မိဘများကမူကား "ငဘ" ဟု အားပါးတရ အာလုပ်သံကြီးနှင့် ခေါ်လေ့ရှိသည်။ သူ့မိဘများနှင့် ရင်းနှီးသော လယ်ရှင်ဦးသာဂေါင်ကြီးကမူ "ဟေ့... ငဘ" ဟု မြိန်ရေရှက်ရေ ခေါ်တတ်သည်။ သူ့ထက်ငယ်သူများမှာကား တောဓလေ့ ယဉ်ကျေးပျူငှာစွာ "ကိုငဘ" ဟု ခေါ်ကြသည်။


ငဘအဖို့ ထိုနာမည်ကလေးသည် "နားဝင်ပီယံ" ဖြစ်ချေသည်။ သူ့အဖို့ ဘာနာမည်ပဲ တပ်ပြီးခေါ်ခေါ် လယ်သမားသည် လယ်သမားပင်ဖြစ်သည် မဟုတ်ပါလော။


ငဘသည် လယ်ရှင်ဦးသာဂေါင်ထံမှ ဧကအစိတ်လောက်ကို တစ်နှစ်လျှင် သီးစားခ နှစ်ရာ့ငါးဆယ်နှင့် လယ်ငှားလုပ်သည်။ ယင်းသို့ လုပ်ကိုင်လာသည်မှာ ဦးသာဂေါင်၏ မိဘအဆက်ဆက် သူ၏မိဘအဆက်ဆက်တို့မှစ၍ သီးစားဘ၀ကို အမွေအနှစ်ခံကာ လုပ်ကိုင်လာခြင်းဖြစ်သည်။ ဦးသာဂေါင်ဆိုသော လယ်ပိုင်ရှင်မှာ ကုန်သင့်သမျှသာ ကုန်ကျရမည်ဟူသောဝါဒကို လက်ကိုင်ပြုသူဖြစ်လေရကား၊ ငါးမူးတန် စာချုပ်စက္ကူပေါ်တွင် ဘယ်နံရောခါမှ ရက်စွဲမတပ်ဘဲ၊ ငဘ၏ လက်ဝဲလက်မပုံစံကိုသာ ယူပြီးလျှင် အရှင်အစိုးရမင်းတို့ အသိအမှတ်ပြုပါရန် ခိုင်မာစွာ စာချုပ် ချုပ်ဆိုထားပြီးမှ အလုပ်လုပ်သူဖြစ်သည်။ ဒီလိုစေ့စပ်မှ ကောင်းသည်။ "နို့မို့ရင် ဘယ့်နှယ်ဗျာ၊ နှစ်တိုင်းနှစ်တိုင်း ပိုက်ဆံငါးမူး ကုန်နေမှဖြင့် မခက်ပါလား" ဟု ဦးသာဂေါင်ကြီး ပြောလေ့ပြောထရှိသည်။


ငဘ၏ အသိုက်အ၀န်းနှင့် ငဘ၏ လောကသည် သူနေသော နောက်ပြန်တိုး လယ်ကွင်းနှင့် ဦးသာဂေါင်နေသော ဆိတ်ကြီးကုန်းရွာဖြစ်သည်။ အခြားမြို့ ပြ ကျေးရွာတို့ကို တရံတဆစ်မျှ ငဘမရောက်မပေါက်ဖူးချေ။ ရောက်ဖူးပေါက်ဖူးဖို့လည်း သူ့အဖို့ လိုမည်မထင်။ ဆိတ်ကြီးကုန်းတက်ပြီး ဈေးဝယ်ရန်အတွက် တရုတ် 'ထုံအား' ကုန်စုံဆိုင်ကြီးနှင့် မိတ်ဖွဲ့ထားမိလျှင့် ဘယ်မျှသွားဖို့မလိုပြီ။ အလှူအတန်းရှိ၍ ငွေပိုကလေးများသုံးလိုလျှင် ဦးသာဂေါင်မသိအောင် စပါးပေး တိတ်တိတ်ပုန်းယူနိုင်ရန် အနပလဲနှင့် သိကျွမ်းရသည်ပင်လျှင် ဂုဏ်ရှိပြီမဟုတ်ပါလော။ ရန်ကုန်တို့ မန္တလေးတို့ ဆိုသော မြို့ ကြီးပြကြီးများအကြောင်းကို တခါတခါ အစာမကြေသည့်ညမျိုး၌ အိပ်မက်ထဲထည့်၍ မက်လိုက်လျှင် တော်လောက်ပါပြီ။ သူ့မယား မိဖော့နှင့် အကြောင်းပါသည့်နှစ်က သူမှတ်မိသေးသည်။ အဲသည်အခါတုန်းက သူ ဦးသာဂေါင်ကြီးအိမ်သို့ လယ်ငှားစာချုပ် ချုပ်ဖို့ရောက်သွားသည်။ ထိုအခါက မြို့ ကလူရည်သန့်တစ်ယောက်ကို တွေ့လိုက်သည်။ ထိုလူရည်သန့် ပုဂ္ဂိုလ်က ရန်ကုန်မြို့ ၌ ရွှေတိဂုံ စေတီတော်ကြီးသည် ရွှေတောင်ကြီးလို မို့မို့မောက်မောက်နှင့် အရောင်အ၀ါတောက်ပြီး ကြည်ညိုဖွယ် ကောင်းလှသည် ဟု ပြောသည်ကို မှတ်သားလိုက်ရဖူးသည်။ လန်ချားတို့၊ မော်တော်ကားတို့၊ ဓာတ်ရထားတို့၊ တိုက်တွေ၊ တာတွေ၊ အိမ်တွေ၊ ရာတွေ နတ်ဘုံနတ်နန်းတမျှဖြစ်ကြောင်း ပြောသံကြားဖူးသည်။ ထိုပြောသံကြားသည်နှင့်ပင်လျှင် နောက်ပြန်တိုး လယ်ထဲသို့ ပြန်လာရာ ထိုပြန်လာသောည၌ ရန်ကုန်မြို့ ကြီးကို အိပ်မက်ထဲမှာထည့်၍ မက်လိုက်သည်။ တော်တော် ပျော်စရာကောင်းသည်။ လမ်းတွေမှာ ရွှေရောင်တောက်နေသည်။ ဓာတ်မီးတွေ တထိန်ထိန်လင်းနေ၍ နေ့လားညလား ပိုင်းခြား၍ပင် မသိနိုင်။ ရွှေတိဂုံစေတီ ဆိုတာဟာလည်း ရွှေတောင်ကြီး မိုးထိုးသကဲ့သို့ပင်။ ဓာတ်ရထားဆိုသော သတ္တ၀ါကြီးများမှာလည်း ယိုးဒယားပန်းခက်တွေ ဝေေ၀ဆာဆာနှင့် ဘုန်းတော်ကြီး ဦးသောဘိတ မယ်တော်ပျံတုန်းက တွေ့လိုက်ရသော ပန်းရထားကြီးကဲ့သို့ တင့်တယ်ခမ်းနားလှသည်။ ကုလားရွှေ ပြိုးပြိုးပြက်ပြက်နှင့် အတော်ကျက်သရေရှိသည်။ ရွှေရောင်ထနေသော လမ်းမကြီးဘေး တစ်ဖက်တစ်ချက်တွင် ခြောက်ထပ်တိုက်ကြီးများကို ငွားငွားစွင့်စွင့်နှင့် တွေ့မြင်ရသည်။ ထိုတိုက်တာကြီးတွေအကြားမှာ မြသားပကတိ တအိအိနေသော စပါးပျိုးခင်းကလေးများ လှိုင်းထနေသည်ကို အိပ်မက်ထဲတွင် အထင်အရှားမြင်ရသည်။ ပျိုးခင်းကလေးကနေပြီး ရှေ့သို့တမျှော်ကြီး ကြည့်ပြန်သော် အဆုံးအစ မထင်နိုင်သော လယ်ကွင်းကြီးမှာ ရန်ကုန်မြို့ သူမြို့ သားများပိုင် လယ်ကွင်းကြီး ဖြစ်ဟန်တူသည်။ ထိုလယ်ကွင်းကို ကြည့်ရင်း ငေးမောနေရာမှ နွားတစ်ကောင် "ဘွတ်အဲ" ဟုမြည်ကာ ချည်တိုင်မှ လွတ်လာသည်ကို ငဘတွေ့ရသည်။ သည်အတွင်း ခြောက်နှစ်သားအရွယ်ရှိ ငဘ၏ တူကလေးမှာ ဘယ်ကပေါက်၍လာသည် မသိ "ဘထွေးရေ ကြည့်မောင်းလိုက်ပါဦး" ဟု အော်ပြောသည်။ ထို့ကြောင့် နွားရှိရာသို့ တရှိန်ထိုး လိုက်လိုက်ရာ ငဘ ဗွက်ထဲသို့ ခြေချော်ကျပြီးလဲသည်။ အနီးရှိ ဓာတ်တိုင်တစ်တိုင်ကို လှမ်းပြီး ဖမ်းလိုက်သည်။ ထိုအတွင်း မယ်တော်ပျံပန်းရထားနှင့် တူလှစွာသော ဓာတ်ရထားက မြကော်ဇောကြီး ခင်းထားသော လယ်ကွင်းကို ဖြတ်၍ အပြေးကလေးလာနေသောကြောင့် ငဘသည် ကြောက်လန့်တကြား ဓာတ်တိုင်ကို ကျပ်တင်းစွာ ဖက်လိုက်ရာ မယားမိဖော့က "ခွိ...ခွိ" ဟု လည်အစ်သံနှင့် ညှစ်၍အော်လိုက်ပြီး "ဒီမှာ ဒီမှာ ရှင် ဘယ့်နှယ် ကျွန်မလည်ပင်း အတင်းဖက်ထားတာလဲတော့" ဟု ဆိုသံကြားမှ လန့်နိုးလေတော့သည်။ အဲသည်ညက ရန်ကုန်အကြောင်း စဉ်းစားပြီး အိပ်မပျော်နိုင်ဘဲ လင်မယားနှစ်ယောက် ထိုင်ပြီးစကားပြောလိုက်ကြသည်မှာ ကြက်သာတွန်ရော့ စကားမဆုံးသေး။

အင်း... မှတ်မိသေးသည်။ အဲသည်လိုဖြစ်ပြီး နောက်တစ်ညမှာ မဟုတ်လား၊ မိဖော့ ဗိုက်နာသည်ဆို၍ လက်သည်ခေါ်ရသည်။


ငဘတို့ အဖေကြီး ကွယ်လွန်ပြီးနောက် ဦးသာဂေါင်လယ်ကို မိဘလက်ငုတ်မို့ လုပ်ကိုင်လာခဲ့သည်မှ ဆယ်နှစ်ကျော်ကျော် ဆယ့်ငါးနှစ်နီးပါး ရှိနေပြီ။ ထိုအတောအတွင်း ငဘအား လှသိင်္ဂီ ဖျင်အင်္ကျီနှင့် ဆီစိမ်ပုဆိုးကလွဲပြီး တစ်ခါမျှ အခြားအထူးအဆန်း အ၀တ်အစား ကပ်ဖူးသည်မရှိ။ ငဘနှင့် ညားစက မိဖော့မှာ ကောက်စိုက်သမအင်္ကျီ သုံးလေးထည်နှင့် ချွေးခံအင်္ကျီ အထူစား သုံးလေးထည်ရှိဖူးသည်။ သရက်ထည်လုံချည်မှာမူ ဆွေတွေမျိုးတွေ ပေးကမ်း၍ ငါးထည်ခြောက်ထည်လောက်ရှိသည်။

သမီးဦးကလေး မွေးပြီးသည့်နောက် လယ်သမားတို့ဘာဝ ကလေးနို့တိုက်ရလွယ်ပြီးလျှင် လယ်လုပ်ရာ၍ ကရိကထ မများသော ထဘီရင်ရှားနှင့် နေလာခဲ့သည်မှာ အကျင့်ဖြစ်နေပြီ။ သမီးဦးမိနီမှာ အပျိုဖြန်းပင် ဖြစ်လာပြီ။ သူ့အတွက် ကောက်စိုက်ဖို့ ထဘီထည်လဲရှိလျှင် တော်ပြီ။ အလှူအတန်းသွားဖို့ သူ့အဒေါ်ကပေးသော လုံချည်ဟောင်းတွေ စုပြီးချုပ်ထားသော စပ်ထဘီတစ်ထည် သူ့မှာရှိသားပဲ။ အပျိုဖြန်းမို့ ရှင်မီးအင်္ကျီနှင့်ချည်း နေ၍မဖြစ်လွန်းမက မဖြစ်တော့မှ မနှစ်က မိဖော့က သမီးဖို့ ချွေးခံနှစ်ထည် ချုပ်ပေးဖူးသည်။ စပါးငါးတင်းလောက်ကျသည်။ သို့ပေမယ့် သမီးချောကလေးမှာ ရှင်မီးအင်္ကျီကို အတွင်းကထား၍ ထဘီကို အပြင်က ရင်ရှားဝတ်နေသည်က များသည်။ ဦးသာဂေါင့်အိမ်က ဆုချလိုက်သော ဖျင်အပေါ်အင်္ကျီကလေးကို အသစ်စက်စက်မို့ သူမ၀တ်ရက်နိုင်။ သူ့မောင်ကလေး လေးယောက်မှာမူ များသောအားဖြင့် တုံးလုံးနှင့် ဗလာချည်းသာ ဖြစ်သည်။


ဆောင်းတွင်း၌ ဗျိုက်တောထဲမှရသော ထင်းပေါက်စကလေးများသည် ကလေးများအဖို့ အနွေးထည် သိုးမွေးအင်္ကျီများ ဖြစ်ကြကုန်၏။


ဤအဖြစ်သနစ်သည် အသစ်အဆန်းမဟုတ်။ ငဘတို့လက်ထက်တွင် သည်လိုပဲ နေထိုင်လာခဲ့ကြသည်မှာ ငဘတို့အဖေ လက်ထက်ကလည်း ထိုနည်းလည်းကောင်းပင်။ ငဘတို့ အဖေ့- အဖေ့- အဖေ စသည်ဖြင့် တသီတတန်းကြီး လျှောက်ကြည့်လျှင်လည်း ဤနည်းနှင်နှင်၊ ငဘတို့ ဘိုးအေကြီး အလှူအတန်းရှိလျှင် ယောပုဆိုးကြီးကို ပခုံးတင်ကာ ကျောပြင်ကြီး အပြောင်သားနှင့် ဂျပန်ပ၀ါခေါင်းပေါင်းစ ထောင်လျက် အိမ်ဦးကနေပြီး ဒေါမနဿ သဟဂုတ်၊ လက်ဖက်နှင့် ကြက်သွန်ကြော် နာနာတုတ်လာခဲ့သည်ကို ငယ်ငယ်ကတည်းက မြင်လာရသော ငဘမှာ သူ့ဘိုးအေကြီးသည် တကယ့်စည်းစိမ်ရှင်ကြီးပါကလား ဟု အထင်ကြီးမိသည်။ လယ်သမားသားသမီး ဖြစ်ပါလျက်နှင့် သူများထက် ငဘက ထူးခြားသည့် အချက်မှာ သု့ဘိုးအေ- ဘွားအေများ ဤမျှ ပြောင်ပြောင်ရောင်ရောင် နေထိုင်နိုင်ခဲ့ခြင်းကိုကြည့်၍ ယခုသူကြီးပြင်းလာသောအခါ လူတစ်လုံးသူတစ်လုံး လုပ်နိုင်ဖို့ရာ သူ့ဘိုးအေ၏ မူအတိုင်း နေနိုင်အောင် ကြိုးစားရန်ပင် ဖြစ်သည်ဟု နက်နဲစွာ တွေးတောမိခြင်းဖြစ်သည်။


နောက်ပြန်တိုး လယ်ကွင်းသည် ငဘ၏ လောကဖြစ်သည်။ အရှင်သီပေါမင်းကလေးအား အင်္ဂလိပ်တို့ ဖမ်းသွားသည်ဟု သူ့ဘိုးအေဘွားအေများ ပြောသံကို ခပ်ငယ်ငယ်တုန်းက ငဘကြားဖူးသည်။ ကုလားတက်သည့်နှစ်ဟု ဆိုလေ့ရှိသည်။ 'တို့မြန်မာပြည်ဟာ အင်္ဂလိပ်လက်အောက်ခံ အစိုးရမင်းတို့ အုပ်ချုပ်တယ်' ဟု ဆိုစမှတ်ပြုကြသည်ကို ကြားဖူးသည်။ သူ့အဖို့ အင်္ဂလိပ် ဆိုသဟာ စကားအဖြစ်မျှသာဖြစ်သည်။ အင်္ဂလိပ်ကို တစ်ခါမျှလည်း မမြင်စဖူး။ တစ်ခါတစ်ခါ ဓနိရည်သောက်လာကြသော ပုလိပ်တော်မင်း ဆယ်အိမ်ခေါင်းမင်းတို့ကိုသာလျှင် အစိုးရဟု ထင်မှတ်နေရသည်။ သူကြီးအိမ်ကို အခွန်ဆောင်တိုင်း ရောက်ဖူးပါ၏။ သူကြီးမင်းက အရှင်အစိုးရမင်းတို့၏ 'မင်းတိုင်း' ကိုကျေအောင် ထမ်းရွက်ဖို့ တရားဟောလေ့ရှိသည်ကို နာဖူးပါ၏။ အစိုးရဆိုသဟာ အင်္ဂလိပ်ကိုပဲ ဆိုလိုသလား၊ သူကြီးကိုပဲ ဆိုလိုသလား၊ ဘာလား ညာလားတွေကို ငဘမတွေးတတ်။ တွေးလည်း မတွေးခဲ့ဖူးချေ။


သို့သော် ၁၃၀၁ ခုနှစ်မှာ လယ်ကွက်ထဲ ကောက်ပင်တွေ အကုန်'ကျ'ပြီး၍ စပါးတွေ တစ်တောင်ကျော်လောက် တက်အလာတွင် အရှင် အင်္ဂလိပ်အစိုးရမင်းတို့နှင့် 'ဂျာမနီ' လူမျိုးတို့ စစ်တိုက်ပြီဟု သတင်းသန့်သန့် ကြားခဲ့ရသည်။ စစ်တိုက်တာလောက်တော့ ငဘအဖို့ ရိုးနေပြီ။ သူငယ်ငယ်တုန်းက ဒီလိုပဲ စစ်ဖြစ်တယ်ဆိုတာ ကြားဖူးခဲ့ပြီ။ ဦးသောဘိတဘုန်းကြီး ကျောင်းမထိုင်ရသေးခင် 'ဆန်တစ်ပြည် သုံးပဲ၊ ဂျာမနီဗုံးကြဲ' ဟူသော တပေါင်လိုလို၊ စနည်းလိုလို၊ ဘဝေါလိုလို လင်္ကာကလေးကို ငဘ ဘုန်းကြီးကျောင်းသားဘ၀နှင့် ကျောင်းအောက်မှာ ဒိုးထိုးရင်း ရွတ်ဆိုခဲ့ရဖူးသည်။ ဟိုတုန်းကတည်းက အင်္ဂလိပ်ဘုန်းကြီးပုံကို သိပြီးဖြစ်သည်။ ထို့ကြောင့် စစ်ဖြစ်သော်လည်း ဘာမျှထူးခြားမည်မဟုတ်။ တစ်နေ့ကျလျှင် 'ဂျာမနီ'တွေ ဆန်တစ်ပြည်သုံးပဲကိန်း ဆိုက်မှာပါပဲဟု ငဘက တထစ်ချ တွက်ပြီးသားဖြစ်သည်။


ယခု ၁၃၀၃ ခုနှစ်ရောက်ပြီ။ အင်္ဂလိပ်နှင့် ဂျပန် စစ်ဖြစ်ဦးမည်ဟု ကြားရပြန်ပြီ။ ဂျပန်ကို ငဘ ကောင်းကောင်းသိသည်။ သူဇလုံပန်းကန် ၀ယ်တုန်းက တရုတ်ထုံအား ကုန်စုံဆိုင်ပေါက်ဖော်များက "ဒါ ဂျပန်လုပ်ပဲ"ဟု သူ့ကိုပြောလိုက်ကတည်းက ဂျပန်အကြောင်း သူသိပြီးဖြစ်သည်။ ဂျပန်လုပ်ကို ဈေးပေါပေါနှင့် ရနိုင်ကြောင်း သူကောင်းကောင်းသိသည်။ ထုံအားဆိုင်က ပေါက်ဖော်များ တစ်ယောက်တစ်ခွန်းနှင့် "ချန်ကေစိတ်" "ချန်စိုးလင့်" "၀န်ကျင်ဝှေ့" စသည့် စကားမျိုးတွေ ပြောနေစဉ် သူဆိုင်ထဲဝင်သွားသည်။ "ဇလုံပန်းကန် ပြစမ်းပါ"ဟု သူဆိုသည်။ ပေါက်ဖော်များက သူ့ကို ဂျပန်ကုန် သပိတ်မှောက်ဖို့ တရားဟောသည်။ "ဂျပန်တွေ စောက်စုံးမကယဘူး"ဟု ခဏခဏ ရေရွတ်သည်။ "လာကြောင့်၊ ကျုပ်တို့ စီပိတ်မှောက်တယ်လေ၊ လှီဇလုံတွေ အရင်တုန်းက လက်ကယန်တွေပဲ၊ ဒါလေ မီယန်မီယန် ထုတ်ပီးရင် နောက်မီဝယ်တော့ဖူး။ လာကြောင့် အခုစော့ ရောင်းလာပဲ"ဟု ပေါက်ဖော်စုထဲမှ ထုံအားဆိုင်ရှင် တရုတ်ဘုံရုံလူကြီးကိုယ်တိုင် အတိအလင်း ဖွင့်ချလိုက်သောကြောင့် ငဘမှာ ဇလုံပန်းကန် သုံးလုံး ပန်းကန်ပြား ငါးချပ်တို့ကို တစ်ကျပ် သုံးမူးတစ်ပဲနှင့် ၀ယ်ခဲ့သည်။ သူဝယ်သည့်အထဲတွင် ဒီတစ်ခါ ဈေးအချောင်ဆုံးဖြစ်သည်ဟူ၍ များစွာကျေနပ်နှစ်သိမ့်ခဲ့သည်။ ဇလုံပန်းကန် ပေါပေါရအောင် စီမံဖန်တီးသော ဂျပန်တစ်တွေ ယခု အင်္ဂလိပ်ကို စစ်ကြေညာပြီ။ သည်သတင်းကို ကွင်းထဲကလူတွေ မသိခင် သူသိနှင့်ပြီ။ ငဘသည် ဘာမသိညာမသိ လယ်သမားဖြစ်သည် မှန်၏။ သို့ပေမယ့် ငဘ လူညံ့ကြီး မဟုတ်ပါ။ ချက်ဆို နားခွက်က မီးတောက်ပါသည်။ သူ ဤမျှ ဗဟုသုတရှိ၍ ဤသတင်းကို အရင်ဆုံး သိနှင့်ခြင်းဖြစ်သည် မဟုတ်ပါလော။ သူသိသမျှကိုလည်း သူ့လယ်တောရှိ သူ့မိတ်ဆွေများကို ကြိုတင်သတိပေးသောအားဖြင့် ဖောက်သည်ချလိုက်ပြီးပါပြီ။


ယင်းသို့လျှင် ဗဟုသုတရှင် ငဘသည် စစ်သတင်းကို သူ၏ အဆွေများအား ဖောက်သည်ချနေသော အချိန်အခါကား အဆွေတော်နိပွန်တို့သည် မော်လမြိုင်သို့ ရောက်ရှိကာ ငှက်ပျောသီးလက်ဆောင်ဖြင့် ကူညီအံ့ဟု မောကြီးပန်းကြီး ပြေး၍လာသော တို့ဗမာအရှင်သခင်အပေါင်းတို့၏ ရင်ဝကို ဖနောင်နှင့်ဆောင့်နေသော ထုတိသြဘာ မင်္ဂလာကျက်သရေအပေါင်းနှင့် ပြည့်စုံသော အချိန်အခါ သမယကောင်းကြီး ဖြစ်ချေ၏တကား။


- - - - -




အခန်း (၂) ထင်းရှူးသေတ္တာ


"ဒီမှာတော့ ဒီမှာ၊ ကာလကြီးပျက်တော့မယ် ထင်တယ်တော်ရေ့ " ဟု မယားဖြစ်သူ မိဖော့က ဆေးပေါ့လိပ်တစ်တောင်လောက်ကြီးကို မှိန်းကာ မှိန်းကာ ဖွာရင်း လင်တော်မောင်ကို လှမ်း၍ပြောလိုက်သည်။ မိဖော့ကား တဲကုပ်၏ နောက်ဖေး ရေစင်ကလေးသို့အဆင်း၊ တံခါးပေါက်ဝတွင် ဒူးနှစ်လုံးကို ဖော၍ကားကာ ကလေးကို ပေါင်ခွင်ထဲထည့်၍ ဆောင့်ကြောင့်ထိုင်နေသည်။ ဘယ်ဘက်လက်က ဆေးပေါ့လိပ်ကို ကိုင်ထားသည်။ ညာဘက်လက်ကား အခါလည်ကျော် ကလေးကို ပိုက်ထားသည်။ ကလေးငယ်မှာ ငွေရည်အဆင်း ဖြူဝင်းသော နတ်သုဓာတည်းဟူသော မေတ္တာဓာတ်ရည်တို့ကို စုပ်၍စုပ်၍ စို့နေသည်။ မိခင်၏မေတ္တာဟုန်ကို သရုပ်ဖော်ရာဖြစ်သော ရင်မြွှာနှစ်စုံတို့မှာ လွတ်လပ်ရေးရ၍နေလေရာ နို့စို့နေသော ကလေးငယ်မှာ အားလပ်သော နို့အုံတစ်ဖက်ကို တဖြန်းဖြန်းနှင့်ရိုက်၍ ကစားနေသည်။

ထိုအချိန်အခါတွင် ငဘသည် မိဖော့တို့သားအမိကို ကျောခိုင်း၍ ငါးမျှားနေသည်။ သည်တစ်ခါ ခါတိုင်းလို ငါးမတိုး။ ငါးမျှားသည်မှာ စိတ်ရှည်မှဖြစ်သည်။ ယခု သူ့စိတ်ထဲ ဗယောက်ဗယက်နှင့် ရင်လေးလှသည်။ ထို့ကြောင့် စိတ်ကလည်း မရှည်နိုင်ပြီ။ အရင် သူကြားဖူးသရွေ့ တော့ စစ်ဖြစ်လျှင် စပါးဈေးတက်သည်။ ယခု စစ်ဖြစ်တာ ငဘနှင့် လားလားမျှမဆိုင်။ မသကာ စပါးဈေးတက်မည်မို့ ၀မ်းသာဖို့သာရှိသည်။ ယခုတော့ဒီလိုမဟုတ်။ အင်္ဂလိပ် ရန်ကုန်က ပြေးပြီ ဟု ကြားရလျှင်ပင် လယ်ကွင်းထဲမှာ လူတွေ ရုံးစုရုံးစုနှင့်။ အရပ်ပျက်လျှင် အချောင်အုပ်ကြဖို့လောက်သာ ၀ိုင်းဖွဲ့စိုင်းပြင်းနေကြသည်။ ကလေးငါးယောက်နှင့် ပြေးစရာ မြေလည်းမရှိ။ ပြေးရမည်လို့လည်း မတွေးမိ။

သူ့စိတ်ထဲ တထင့်ထင့်နေသည်ကား တခြားမဟုတ်။ တောင်ဘက်လယ်ကဖြိုးတုပ် သခင်ဖြစ်လာပြီကြားသည်။ မြို့ တက်ပြီး အစည်းအရုံးကို တစ်မတ်ပေးဝင်ခဲ့သည် ဆိုသည်။ သည်အကောင် တော်တော်ရှုပ်သည်။ တစ်လောက ဦးသာဂေါင့် လယ်ထောက်ခနှင့် ပတ်သက်၍ လယ်သီးစားဥပဒေအရလျှောက်ရန်၊ မျိုးချစ်ပါတီဝင် သခင်ယောင်ယောင်တစ်ဦးနှင့် ပင်း၍ လယ်ထောက်ခလျှော့ရန် လျှောက်လွှာတစ်စောင် နှစ်ကျပ်ခွဲ စရိတ်ငြိမ်းတင်ပေးမည် ဆိုကာ ဖြိုးတုပ်သည် ငဘထဲ ငွေလာတောင်းဖူးသည်။ ဥပဒေ ဥပဒက်ဆိုတာတော့ ငဘနားမလည်။ ဦးသာဂေါင်နှင့် ပေါင်းလာတာ ယခုမှမဟုတ်။ ဘိုးစဉ်ဘောင်ဆက် ဘေးလက်ထက်ကစ၍ဖြစ်သည်။ လယ်ထောက်ခဆိုသည့် အရာမှာလည်း ငဘက နာသည်အထင်ရှိလျှင် "သည်တစ်နှစ်တော့ ဦးရယ် ကြည့်လုပ်ပါဦး"ဟု ပြောလိုက်လျှင်ပင် နှစ်ကျပ်ခွဲ မကုန်ဘဲနှင့် လျှော့ပြီးသားဖြစ်သည်။ သခင်ဆိုသည်ကို အဲသည်တုန်းက ငဘကြားဖူးသည်။ သခင်ဆိုတာဟာ မီးတုတ်တွေနှင့် ရှို့ သည် ဆိုပါကလား။ သခင်ဆိုတာ ပုလိပ်ဖမ်းတတ်သည်ဟုလည်း လူပြောသူပြော ဗဟုသုတ ဆည်းပူးဖူးသည်။

မျိုးချစ်အဖွဲ့ကတော့ ဂဠုန်ခေါင်းဆောင်သည် ဆိုသည်။ ဂဠုန် ဆိုသဟာ လူလော၊ နတ်လော၊ ကုမ္ဘဏ်လော၊ နှံပြည်စုတ်လော၊ ခွဲခြားပြီး ငဘမသိတတ်။ သူသိတာကတော ဖြိုးတုပ်သည် တစ်ခါတစ်ခု သူ့ကိုယ်သူ ဂဠုန်လို့လည်း ဆိုသည်။ ဒေါက်တာဘမော် ဆိုသူတစ်ဦး နန်းရင်းဝန်ဆိုလား၊ ရှင်ဘုရင်ဆိုလား၊ တက်ဖြစ်တုန်းက ဖြိုးတုပ်သည် ဆင်းရဲသားပါတီကလို့ဆိုပြီး လယ်ကွင်းထဲမှာ အလုပ်ကောင်းကောင်း လုပ်မစားတဲ့ လူတစ်စုနှင့် အင်အားစုဖူးသည်။ ယခု သင်းတို့တစ်တွေနှင့်ပင် ပေါင်းပြီး သခင်ဖြိုးတုပ် ဖြစ်လာပြန်ပြီ။ ဖြိုးတုပ်မှာ အလုပ်အကိုင် မည်မည်ရရမရှိ။ ပုလိပ်တွေ ကွင်းထဲလာလျှင် သူတွဲခုတ်လာတတ်သည်။ "မြေတိုင်းစာရေး ဆူတုန်း တန်ဆောင်မုန်းလ"မှာ ဆိုလျှင်လည်း မြေတိုင်းအင်စပက်တော်နောက်က သံကြိုးဆွဲသူမှာ ဖြိုးတုပ်ပင်ဖြစ်သည်။ အရက်ဖမ်းရာမှာလည်း ယစ်မျိုးအရာရှိတွေနှင့် ဖြိုးတုပ်မှာ ပူးတွဲပူးတွဲနေသည်။ တစ်ခါတစ်ခါလည်း မြို့ တက်ပြီး လယ်သမားအရေးတော်ပုံအတွက် မြို့ အုပ်နှင့် အတိုက်အခံ စကားပြောရာ မြို့ အုပ်က သူ့သခင်နာမည်ကို ကြောက်ပြီး အရှုံးပေးလိုက်သလိုလို လေလုံးထုတ်သည်။ ဘာပဲဖြစ်ဖြစ် ဖြိုးတုပ် ငဘတဲသို့ရောက်တိုင်း ကြက်ဥလေးငါးဆယ်လုံးလောက်တော့ ချောရသည်။ ကြက်ဖလည်း အနည်းဆုံး တစ်ကောင်လောက်တော့ တုတ်သိမ်းစာ မိသွားတတ်သည်။ ယခု လယ်သီးစားကိစ္စမှာလည်း ဦးသာဂေါင်နှင့် တစ်ခါမျှ ပဋိပက္ခ မဖြစ်ဖူးလေသောကြောင့် "ငွေနှစ်ကျပ်ခွဲ အကုန်မခံနိုင်ပါ"ဟု ဖြိုးတုပ်ကို ပြောမိ၍ ငဘသည် ဖြိုးတုပ်၏အငြိုးကို ခံရသည်။ ငြိုးရုံမျှမက သူကြီးအိမ်မှာ ပိုင်နက်ကျူးလွန်မှုနှင့် ငဘကို ဖြိုးတုပ်က တရားစွဲသေးသည်။ သူကြီးက ငဘရိုးသည်ကို သိပါ၏။ သို့ပေမယ့် ဖြိုးတုပ်က လူမိုက်ခေါင်းဆောင်မို့ အမှုမမှန်သည်ကို သိလျက်နှင့် ဖြိုးတုပ်ကျေနပ်အောင် ငွေငါးကျပ်လျော်ကြေးနှင့် ပြေငြိမ်းရန် ငဘအား တိုက်တွန်းသည်။ သည်သူကြီးနှင့် သည်ရွာသားမှာ တစ်ခါဖူးမျှ မတော်မတရားဖြစ်ဖူးကြသည် မရှိလေတော့ မှားမှားမှန်မှန် ရန်မှငြိမ်းစေတော့ ဆိုပြီး ငွေငါးကျပ်ကို ငဘ အဆုံးခံလိုက်ရသည်။ ဒါတောင် သင်းက မကျေနပ်ပါကလား။ ကြည့်စမ်း ဦးသောဘိတ ကျောင်းဝိုင်းထဲတုန်းက ငါ့မယားကို ရေတွင်းနားမှာ မဟားတရားပြောပြီး ဗလက္ကာယ လုပ်မယ်ကြံသေး။ ဦးသောဘိတ ငေါက်လိုက်လို့ပေါ့၊ သက်သက်မဲ့ လူတောထဲ အရှက်ခွဲသည်။ အနိုင်ကျင့်သည်။ နှိပ်စက်သည်။ ခေါင်းပုံဖြတ်သည်။ နိုင်ရာစားလောကကြီးပဲ။ ယခု သင်းက သခင်ခေါင်းဆောင်ဖြစ်နေပြီ ဆိုပါကလား။

ငဘက အံကြိတ်ကာ တက်တစ်ချက်ခေါက်ပြီး ငါးမျှားတံကို သုတ်ယူလိုက်သည်။ ငါးစင်ရိုင်းတစ်ကောင် ဖျပ်ဖျပ်လူးပြီး ပါလာသည်။ စိတ်ဆိုးမာန်ဆိုးနှင့် ငါးကိုဖြုတ်ပြီး အားကုန်လွှင့်ပစ်လိုက်သည်။ ငါးစာအသစ်တပ်ပြီး ဆက်လက်မျှားပြန်သည်။

"ဘယ်လိုလုပ်ကြမှာလဲတော့၊ အရပ်ပျက်ရင် သရောကြီးခိုင်းဦးမှာပဲ"ဟု မိဖော့က ငဘကို ထပ်ပြောပြန်သည်။

ငဘက သူ့မယားပြောသံကို ဂရုမထား။ သူ့မယားရင်ခွင်ထဲက ကလေးကို လှမ်းကြည့်သည်။ ကြည့်တုန်းကတော့ ကလေးပါပဲ။ သို့ပေမယ့် အိ၍ဖောင်းနေသော မိဖော့၏ရင်ကို မြင်ရသောအခါ သားငါးယောက်အမေဟု ဆိုသာဆိုရသည်။ နောက်ထပ်ဆယ်ယောက်မွေးဦးတော့ နဂိုရည်ပျက်ဦးမည်မဟုတ်။ လတ်လတ်ပဲရှိသေးသည်ဟူ၍ ငဘအထင်ကြီးမိသည်။ အင်း... စင်စစ်တော့ သူ့ငါးချဉ် သူချဉ်ခြင်းမျှသာ။ အပေါ်အင်္ကျီ မ၀တ်နိုင်သောကြောင့် ဗလာဟင်းလင်းနှင့် ထားရဖန်များ၍ နေလောင်သော အသားဆိုင်မှာ ညိုပုပ်ပုပ်ရှိသည့်အထဲ နို့ကြောပြတ်၍နေသဖြင့် ရွှေဖရုံသီး နုနုနှင့်ခြောက်ရဘိသကဲ့သို့ အဖြူပြောက်အစင်းကလေးများဖြင့် ရှုံ့ တွတွရှိနေသည့်အရာကို ငဘ သေချာစွာ မကြည့်ချေ။ အကယ်၍ သေချာစွာကြည့်လိုက်မိလျှင် ခန္ဓာငါးပါးဖောက်ပြန်မှု သဘောတရားတို့ကို အကွင်းသားမြင်မိမှာစိုး၍ ငဘက သူ့မျက်စိကို ကပျာကသီ ရုပ်သိမ်းလိုက်သည်။

"အေးဟဲ့၊ သရောကြီးများခိုင်းရင် ဘယ်လိုများနေမှာပါလိမ့်"ဟု ငဘက ငါးမျှားကြိုးဆီကို တစ်ချက်မျက်စပစ်ရင်း မိဖော့ကို တုံ့ပြန်မေးခွန်းထုတ်သည်။ "အံမယ်- မိဖော့ရာ တို့မြန်မာပြည်ကြီးမှာ ငတ်သေတဲ့မသာ မရှိနိုင်ဘူးဟ"ဟု သူ့မယားကို စကားပြေပြောသည်။ သို့သော် အရပ်ပျက်မှာကို သူ့မယား ဘယ်လိုတွေးပြီး ကြောက်ပါလိမ့်ဟု သူစဉ်းစားသည်။ သူလည်း ကြောက်သည်။ သို့သော် ဘာကို ဘယ်လိုတွေးပြီး ကြောက်ရမည်ကို သူမစဉ်းစားတတ်။ သည်လိုကိစ္စမျိုးမှာ တစ်ခါဖူးမျှ တွေ့ကြုံခဲ့ရဖူးသည်မရှိ၍ ကြောက်စရာကောင်းသည်မှာ ဘာကြောင့်ဟု အကြောင်းမရှာတတ်။

"လူဆိုးတွေ ထ-မှာပဲတော့"ဟု မိဖော့က ညည်းညူလိုက်သည်။

"အေးဟဲ့... အဲဒါတော့ စိုးရိမ်ရတယ်"

"ဖြိုးတုပ်လဲ ဟို တစ်ရာကိုး တစ်ရာ့တစ်ဆယ်သမားတွေနဲ့ ပေါင်းနေတယ်ကြားတယ်"

"ဘယ်သူပြောသလဲ"

ငဘမှာ သည်မေးခွန်းထုတ်ပြီး တွေဝေနေသည်။ သူ့မယားပြောကာမှပဲ ကြောက်စရာကောင်းသည်ကို ရှာတွေ့တော့သည်။ ငါ့မယား မိဖော့ဟာ ဒါမျိုးကျရင် နှိုက်နှိုက်ချွတ်ချွတ် စဉ်းစားတတ်သည်ဟု စိတ်ထဲကျိတ်ပြီး မယားကို ချီးမွမ်းမိသည်။ သို့ရာတွင် သူ့မယားက ကြိုတင်စဉ်းစားမိသလောက် အကယ်၍ လူဆိုးတွေထလျှင် သည်ဘေးရန်ကို အဘယ်ပုံ ကာကွယ်ခုခံရမည်ကို သူကြိုတင်မစီမံတတ်။ ထို့ကြောင့် စိတ်အိုက်လာသည်။ "ဘယ်သူကပြောသလဲဟင်"ဟု ထပ်မေးသည်။

"သြော်... ဒီမှာတော့ ပြောနေတာ မကြားဘူးလား၊ ရှမ်းသေ ရေကျော်မှာနေတဲ့ ကိုသာဦးတို့တဲကို ကျွန်မ မနေ့က ရောက်ခဲ့တယ်၊ ဓနိသီးခူးမလားလို့ဥစ္စာ၊ ဓနိသီးတွေက ရင့်ကုန်လို့၊ ကိုသာဦးမိန်းမနဲ့ တစ်ယောက်တစ်လှည့်စီ သန်းတုပ်ခံကြရော။ အဲဒါနဲ့ စကားစပ်ရင်း ကိုဖြိုးတုပ်အကြောင်း ရောက်သွားရော၊ သူက ကျွန်မတို့ကွင်းမှာ အစည်းအရုံး ဥက္ကဋ္ဌတဲ့တော့၊ မြန်မာပြည်မှာ မိစ္ဆာတွေကို မထားဘူးတဲ့တော့၊ ရာမချစ်တီးရဲ့  စပါးကျီကို ဆင်းရဲသားအများအတွက် ဝေငှပေးမယ်တဲ့တော်ရေ့ ၊ ရေကျော်ဝက တရုတ်ဆိုင်ကလေးကိုလည်း ဓနရှင်ပစ္စည်းမို့လို့ ဓနရှင်ဝါဒ ပျက်စီးအောင် လုပ်ရမတဲ့တော့"

"နေပါဦးဟဲ့၊ ရာမချစ်တီးက သူ့စပါးတွေ ဝေငှဖို့ သဘောတူရဲ့ လား"

"ချစ်တီးက ဘယ်သိပါ့မလဲတော့"

"မသိဘဲနဲ့ ဖြစ်နိုင်ပါ့မလား"

"တော် တွေးလိုက်မှမြင့်လေ၊ လှေကြီးထိုးချည်းပဲ၊ သူပေးမှ ရမှာတဲ့လား"

"အင်းပေါ့ သူပေးမှပေါ့"

"အင်္ဂလိပ်ပြေးရင် မြန်မာပြည်ဟာ တို့ပြည်ဖြစ်ပြီ၊ တို့အစိုးရနဲ့တို့မို့လို့ နိုင်ငံခြားသားတွေပစ္စည်းဟာ တို့ပစ္စည်းဖြစ်ကရောပေါ့တဲ့ တော်ရေ့ "


ငဘက "တို့ အစိုးရနဲ့ တို့"ဟူသော စကားကို ကြားလိုက်လျှင်ပင် ပုလိပ်တွေ ပတ္တရောင်လှည့်လာလျှင် အရက်ရှာပေးရမည့် ၀တ္တရား နှစ်ပြန်တိုးချေဦးတော့မည်ဟု သဘောပေါက်မိပြီး စိတ်ထဲမှာ အိုက်ရုံမက ချွေးဒီးဒီးပင် ကျလာသည်။

"မင့်စကားကကွယ်၊ ရာဇ၀တ်မကင်းပါကလား"

"အမယ်လေး၊ တော့ပုလိပ်တွေကို တွေးမနေပါနဲ့တော့၊ သင်းတို့မလာတာ ဘယ်လောက်ကြာသွားပြီလဲ၊ မင်းမရှိတဲ့ တိုင်းပြည်မှာ ရာဇ၀တ်မှုမရှိဘူးတော့"

"အို... မင်းက ရာမချစ်တီးရဲ့  စပါးကို ချိန်နေတာလား"

သည်စကားကို ငဘက အတည်လိုလိုနှင့် ပြောင်ချော်ချော်ပြောသည်။ သို့သော် မိဖော့စိတ်ထဲမှာ အတော်ဆွေးသွားသည်။

"ဒီမှာ... ရှင် ကျုပ်ကို ဒီလိုအရမ်းမပြောနဲ့ သိလား၊ မစားရ ငတ်သေသေ၊ ဒါမျိုး ကျုပ် ဘယ်တော့မှ စိတ်မကူးဘူး။ အခုပြောနေတာက ကျုပ်တို့ အရပ်ပျက်ရင် ဘယ်ပြေးကြမလဲ၊ ကျုပ်တို့လယ်ကွင်းမှာ ကျုပ်တို့နောက်လိုက် သာအိတို့၊ မြတ်မွှေးတို့ မြေတူးကုလား ဟော်ရီးတို့ တစ်သိုက်ရယ်၊ ကျုပ်တို့ရယ် အားလုံးမှာ လေးငါးဦးစုနေရတာ။ ဟော်ရီးကလဲ ကုလား၊ ရေကျော်ဝမှာလဲ တရုတ်ဆိုင်၊ ဘေးကတရုတ် ကုလားတွေကြောင့် ကျုပ်တို့ပိုခက်လိမ့်မယ်ထင်တယ်။ ကျုပ်သဘောကတော့ တရုတ်ရယ်၊ ကုလားရယ်လို့ မတွေးတတ်ဘူး။ လယ်သမားဟာ လယ်သမားပဲ။ သူ့အသိုက်အ၀န်းနဲ့သူ အထိုက်အလိုက် ကြည့်နေရမှာတော့၊ သူတို့နဲ့ ငြိုးသူရန်ဘက် မဟုတ်လေတော့ သူတို့ကိုလဲ ဘာမျှလုပ်စရာမလိုဘူး၊ ကိုယ့်လုပ်လဲ မခံနိုင်ဘူး။ ရှေ့ရေးနောက်ရေးဆိုတာ..."


ဖြုတ်ခနဲဆို ငါးမျှားတံကို ငဘက သုတ်တင်လိုက်သည်။ က,ကတစ်ကြီးတစ်ကောင် ထွန့်ထွန့်လူး၍ ငါးမျှားတံတွင် ချိတ်ပါလာသည်။ ငဘက ငါးကိုဖြုတ်၍ ပလိုင်းထဲသို့ ထည့်လိုက်သည်။ ဤအတွင်း တဲရှေ့က ကလေးများက "ဟော မိပြီထင်တယ်ဟေ့"ဆိုကာ တဲနောက်ဖေးချောင်းဘက်ဆီသို့ ပြုံပြီးလာကြသည်။


"မပူပါနဲ့ မိန်းမရာ၊ ကိုယ်ကောင်းရင် ခေါင်းမရွေ့ ပါဘူးကွ။ ဟော်ရီးတို့ဆိုတာ ဒိုးတူပေါင်ဖက် လုပ်ဖော်တွေပဲ၊ ငါစောင့်ရှောက်နိုင်သမျှ စောင့်ရှောက်ရမှာပေါ့"

ဤစကားဆုံးလျှင်ပင် တဲရှေ့က "အာ့ကိုဂျီး"ဟု နှစ်ခွန်းဆင့်၍ အော်လိုက်သောအသံကို ကြားရသည်။


ထိုအသံမှာ ဟော်ရီး၏အသံ ဖြစ်သည်။ သူ့အကြောင်းပြောနေစဉ် သူရောက်လာသဖြင့် သူဘာအရေးတကြီးဖြစ်လာပါလိမ့်ဟု တွေးမိပြီး ငဘမှာ ခေါင်းနားပန်းပင် ကြီးသွားသည်။


"ဟော်ရီး လာဟေ့... ဘာလဲကွ"

"အာ့ကိုဂျီးဆီ လာတာပဲဗျ၊ အခု ချွန်နော် သတင်းတစ်ခုကြားတယ်။ လယ်ကွင်းက ကုလားတွေကို ကုလားပြည်နှင်မလို့တဲ့။ အခါကလဲ မကန်းဘူး အာ့ကိုဂျီး၊ ချွန်နော် သိပ်ကြောက်တာပဲ၊ ခက်လိမ့်မယ်ထင်တယ်"

"တို့ရှိသားပဲကွယ်"ဟု ငဘက လုပ်သားအချင်းချင်း ကရုဏာသက်သံဖြင့် ပြောသည်။

မှန်သည်။ ကရုဏာသက်သည်။ ဟော်ရီးသည် လယ်ကိုမီ၍ တစ်ဝမ်းတစ်ခါးရှာသူဖြစ်သည်။ ငဘလည်း ထို့အတူပင်၊ လုပ်သားအချင်းချင်း ပြောရလျှင် ဖြူသည်၊ မည်းသည်၊ ညိုသည်၊ ၀ါသည်ကို ငဘ ဂရုမစိုက်။ ကုလားတွေ ကုလားပြည်ငွေပို့တာကိုလည်း အရေးမထား။ တရုတ်တွေ ကြီးပွားပြီး ဇိမ်ခံနေတာလည်း သူ့ကုသိုလ်နှင့်သူဟု အောက်မေ့သည်။ ဟော်ရီးရှိ၍ တာတမံလုံခြုံသည်။ တာတမံလုံခြုံ၍ စပါးထွက်ကောင်းသည်။ ရေကျော်ဝကကုန်စုံဆိုင်ရှိ၍ ငရုတ်ကြက်သွန်ဝယ်လို့ရပြီး ယခုမိထားသော က,ကတစ်ကလေးကို အရသာရှိရှိ ချက်စားနိုင်မည်။ ဘယ်သူ လက်ဝါးကြီးအုပ်အုပ်၊ ငါတို့ လယ်သမားအခြေမှာ သည်အတိုင်းသာဖြစ်မည်။ ဤမျှသာ ငဘသဘောပေါက်သည်။ ငဘအဖို့ ကမ္ဘာသူကမ္ဘာသားအချင်းချင်း မုန်းတီးသောစိတ်များ မွေးမထားတတ်။ တရုတ် ကုလားများ ကြီးပွားသည်ကို အားကျမခံယှဉ်ပြိုင်လုပ်ကိုင်လိုက်မည်ဟူသော မာနမျိုးလည်းမရှိ။ သူနားလည်သမျှမှာ စပါးပေးနှင့် ငွေချေးကာ လယ်ထဲ၌ ကျွဲလိုနွားလိုရုန်းပြီး စပါးပေါ်ချိန် အကြွေးဆပ်ဖို့ပင် ဖြစ်သည်။

"အာ့ကိုဂျီးနဲ့ နေလာတာ နှစ်ပေါင်း ဆယ့်နားနှစ်လောက်ရှိပြီ၊ တစ်ခါတစ်ခါ ဘင်္ဂလားတွားတယ်နော်၊ အာ့ကိုဂျီးဆီမှာ ပြစ်ကျီးတွေ အပ်ခဲ့တာပဲ၊ အခုလဲ ချွန်နော်လိုက်ကိတယ်၊ အာ့ကိုဂျီးကိုပဲ အားကိုးတယ်"

"အေး... အေး... မင်းဘာထားချင်သလဲ၊ ဘင်္ဂလားပြန်တော့မလား"

"အား... ဘင်္ဂလားပြန်လို့ ဘယ်ဖစ်မလဲ အာ့ကိုဂျီး၊ လူဂျိုးတွေကြောက်တယ်။ ဒါကြောင့်မို့ အာ့ကိုဂျီးဆီမှာ ပြစ်ကျီးအပ်ချင်တယ်။ ချွန်နော့်သေတ္တာလေ။ အဲ့ဒါ မှောင်ရင်ယူခဲ့မယ်။ ငွေတစ်ရာ့နားဆယ်ရှိတယ်။ ခါးမှာချည်တဲ့ ငွေကြိုးလဲ ရှိသေးတယ်။ နာ့တံတီးလဲပါတယ်။ အဲဒါတွေ အာ့ကိုဂျီးဆီမှာ..."

"ဦးသာဂေါင်ကြီးဆီမှာ ပို့ထားပါလားကွယ် ဟော်ရီးရယ်"ဟု မိဖော့က ကလေးကိုခါးထစ်ခွင်မှ ကြမ်းပြင်သို့ချရင်း ကျီးလန့်စာစားမျက်နှာထားနှင့် ပြောလိုက်သည်။

"အိုကွယ်၊ ကိုယ့်အားကိုးလို့ လာတဲ့ဥစ္စာပဲ"ဟု ငဘက ၀င်စွက်လိုက်သဖြင့် မိဖော့မှာ တွေဝေပြီး ငြိမ်နေလိုက်ရသည်။

ယင်းသို့လျှင် တော်တော်ကလေး မှောင်လာသောအခါ ဟော်ရီးသည် သူ့သေတ္တာကို ငဘထံသို့ ယူလာသည်။

ဟော်ရီးက ငဘနှင့် မိဖော့ရှေ့တွင် ဖွင့်ပြသည်။ ငွေသားကျပ်သုံး ဒင်္ဂါးပြားရေ တစ်ရားငါးဆယ်တိတိ၊ ငွေခါးပန်းကြိုးတစ်ခု၊ နားသံသီးတစ်စုံ၊ ကုလားဒိုတီသုံးထည်၊ ဂျုံအိတ်ခွံကို ချုပ်ထားသော အင်္ကျီနှစ်ထည် စသည်တို့ကို ငဘက စိတ်မှတ်ဖြင့် စာရင်းတင်ပြီးလျှင် လက်ခံလိုက်သည်။ ကလေးတွေက ဘေးက ၀ိုင်းအုံကြည့်ကြသည်။ ငဘက ကလေးတွေကို မောင်းထုတ်လိုက်ပြီး သူတို့ရှဲတော့မှ သေတ္တာကိုဝှက်သည်။

ဟော်ရီး၏ ထင်းရှူးသေတ္တာမှာ တဲတွင်းရှိ စပါးပုတ်ထဲသို့ ပုန်းလျှိုးဝှက်လျှိုးနှင့် ငုပ်သွားလေသည်။

"အာ့ကိုဂျီး ဘယ်သူမှ မတိပါစေနဲ့နော်"ဟု ဟော်ရီးက ပြောသည်။

"အေး... အေး.. စိတ်ချပါ"ဟု ငဘက ဆိုသည်။

ထိုအတွင်း တဲ၏ညာဘက်သို့ တတောင်ဆစ်ချိုးလာသော ခပ်လှမ်းလှမ်းရှိ ချောင်းကမ်းပါးမှ လှေလှော်သံကြားရသည်။ မှောင်ပြီဟု ဆိုရသော်လည်း ချောင်းရိုးတစ်လျှောက်မှာ မှန်ပြင်တစ်ချပ်ကို အရှည်လိုက်ခင်းထားဘိသို့ ရှိလေရာ လှေနှင့်တကွ လှော်လာသူ၏ အရိပ်အယောင်မှာ ပကတိပြတ်သားလှသည်။ သျှောင်တစောင်းထုံးပြီး ခေါင်းပေါ်၌ တဘက်တစ်ထည်ပတ်ထားပုံမှာ- "မဟုတ်ခါမှလွဲရော မိဖော့ရေ၊ ငါတော့ဖြင့် ဖြိုးတုပ်လို့ ထင်တာပဲ"

- - - - -