Saturday, June 13, 2009

အခန်း (၃) ငါးခုံးမ


လောကဓာတ်တစ်ခုလုံး အပူဓာတ်ဖုံးလွှမ်းလျက် ရှိသည်။

ရာသီက နွေရာသီဖြစ်၏။ လ၏ အလိုဆိုလျှင် အသက်ငင်၍ တပေါင်းဘက်သို့ ၀ိညာဉ်ကူးခါနီး ဖြစ်သည်။

စိတ်ကူးယဉ်ဆရာတို့က "တပို့တွဲ ပေါက်လဲရယ်တဲ့ ငုံစီစီ၊ ဖူးတံတွေကချီ"ဟူ၍ သာယာသောတေးသံကို ဖွဲ့ဆိုခဲ့လေသည်။ သို့ရာတွင် နံနက်မိုးသောက်မှသည် နေ၀င်မိုးချုပ်သည့်တိုင်အောင် ပူပြင်းလှသောနေမှာ စာဆိုတော်ပဏ္ဍိတ်တို့၏ စိတ်ကူးကို အရူးလုပ်၍ သရော်နေသည်။

သို့ပေမယ့် လမြတ်လထွတ်ဖြစ်သော တပေါင်းလသည် မဝေးတော့ပြီ။ ထိုသရောခါ "လတပေါင်း၊ ခအောင်းရယ်တဲ့ ပွင့်ချိန်တန်"ဟု အသံဝါကြီးနှစ် တစ်အားကုန်အော်ကာ စာဖွဲ့ရချိမ့်မည်။


သို့သော် သည်နှစ် လ ဘယ်လောက်ပဲ ထွက်ထွက်၊ သည်နှစ်လလောက် အပူလွန်ကဲသောလ ဘယ်လမှမရှိဟု ငဘသိသည်။ လယ်ကွင်းတွေ ပတ်ကြားအက်ကုန်ပြီ။ တဲဘေးရှိ တလင်းပြင်ကလေးမှာ နွားချေးကျံစက သနပ်ခါးထူထူလိမ်းထားသည့် မိဖော့မျက်နှာအတိုင်း ပြောင်တင်းချောမွေ့ နေသည်။ ယခုတော့ တလင်းကလေးမှာ အမယ်အိုရွတ်တွကြီးမျက်နှာလို အက်ရာထင်နေပြီ။ ရွှေအဆင်းကဲ့သို့ ၀ါဝင်းသောရိုးပြတ်တို့မှာ အရောင်လွင့်၍ မွဲခြောက်ခြောက်ရှိနေပြီ။ လယ်ကွင်းကိုဖြတ်၍ တောတန်းဘက်သို့ ခေါင်းကို မြေနားကပ်ပြီး ငုံ့ကြည့်သူသည် မြေငွေ့အပူရှိန်ကြောင့် ရိပ်ရိပ်ရိပ်ရိပ်နှင့် အရာဝတ္ထုများ လှုပ်ရှားနေသည်ကို မြင်နိုင်ပေမည်။ လောကဓာတ်ဆရာတို့၏အလို အလင်းရောင်သွေဖည်ခြင်းဖြစ်သည်။ သိပ္ပံပညာကို ကကြီးပုတ်လောက်ရေး၍မှ နွားထီးမှန်း နွားမမှန်းမသိသူ ငဘအဖို့မူ၊ သွေဖည်တာတော့ သွေဖည်တာပဲ၊ ဘာသွေဖည်သလဲတော့ မဆိုနိုင်။ သူ့စိတ်ထဲမှာ ခါတိုင်းပူနေကျဖြစ်သော နွေဥတုသည် အခုအခါမှ ဖောက်ပြန်သွေဖည်ပြီး အပူကြီးနေရော့သလားဟု ထင်မှတ်မှားမိသည်။

လယ်ကွင်းထဲမှာ လေပွေကလည်း ခဏခဏ မွှေ့သည်။ တောင်တန်းစပ်က ချောင်းဦးတိုမှာလည်း ရေနည်းသွားပြီ။ ငါးခူ၊ ငါးရံ့ ၊ ငါးပြေမ၊ စသည်တို့မှာ ရေပူတွင် ပေါလောမျောပြီး ပုပ်၍ပင်နေချေပြီ။ စောစောက ငဘသိလျှင် တမံတုတ်ပြီး ငါးဖမ်းလိုက်ရသော် ငါးရံ့ ခြောက် ခွက်တစ်ဆယ်လောက်တော့ အနည်းကလေး ရမှာပေါ့။

ယခုလို ၁၃၀၄ ခုနှစ်၊ တပေါင်းလမျိုးကို ငဘကိုယ်တွေ့ဖြစ်လေရာ သူလည်း ကဗျာဆရာ့အနေနှင့် စိတ်ထဲမှာ စာဖွဲ့ကောင်းဖွဲ့မိပေမည်။ သူဖွဲ့မည့် ကဗျာမှာ ယခုကာလ နောက်ဆုံးပေါ် တက္ကသိုလ်ကျောင်းထွက် စာတတ်ပုဂ္ဂိုလ်များ၏ ကဗျာနှင့်စာလျှင် ကွဲပြားခြားနားချက် တစ်ချက်ပဲရှိသည်။ ထိုနောက်ဆုံးပေါ် ကဗျာ့ပါရဂူတို့က သူများစာကို ခိုးချသည့်အရာ ငဘထက်သာသည်။ ငဘကား လူရည်မလည်သေးသောကြောင့် ခိုးမချတတ်။ သူ့ပင်ကိုဥာဏ်ကို သုံးရရှာသည်။

"ဘယ့်နှယ်ဗျာ၊ ပူ-ပူလွန်းတော့တယ်။ အပြင်ကလဲ ပူ၊ အတွင်းကလဲ ပူ၊ နေရှိန်ရတဲ့အထဲ ရင်ထဲမှာ သောကမီးကလည်း ချစ်ချစ်တောက်လို့ပူ၊ သားသမီးအတွက်ကလဲ အကြောင့်အကြမကင်းလို့ ပူ၊ ကာလပျက်ခါနီးမှာ စပါးဈေးကျသွားမှစိုးလို့ ပူ၊ ကာလပျက်လျှင် လူဆိုးအတွက် ပူ၊ အထူးသဖြင့် ဖြိုးတုပ်ကို ကြောက်ကြောက်ပြီး ပူ၊ ဟိုသင်းအတွက်လဲ ပူ၊ သည်သင်းအတွက်လဲ ပူ၊ သြော်... ပူ... ပူ... ပူ..."

ဤကား ငဘ၏ကဗျာတည်း။ သူ့ကဗျာမှာ တပူပူမြည်နေသော ကဗျာဖြစ်၏။ မြည်လည်းမြည်လောက်ပါပေသည်။ တို့မြန်မာပြည်မှာ တပေါင်းလ ကျရောက်ခါမှပဲ စပါးကလေးရောင်းပြီး ငွေမြင်ကြရသည်။ သည်တော့မှပဲ တောသားတွေ ပိုက်ဆံဖောတော့သည်။ ပိုက်ဆံဖောတော့မှပဲ၊ ဘုန်းကြီးပျံပွဲတွေ တခြိမ့်ခြိမ့်ခံရသည်။ ဘုန်းကြီးပျံ ရှိမှလည်း ကြက်တိုက် ဖဲရိုက်လို့ပျော်သည်။ ကြက်ဝိုင်းကောင်းပြန်တော့လည်း တယ်ပြီးရှုံးလှချည်ကလား၊ ရှုံးတော့လည်း စိတ်ညစ်သည်။ စိတ်ညစ်မှလည်း မီးတောက်တဲ့ တောအရက်ကလေးက သောက်ကောင်းသည်။ သောက်ကောင်းတော့လည်း မူး၊ မူးကောင်းတော့လည်း ရမ်း၊ ရမ်းကောင်းတော့လည်း ဒေါသထွက်၊ ဒေါသထွက်တော့လည်း ရန်ဖြစ်လို့ တယ်ကောင်း။

ထို့ကြောင့်လည်း ဤလ,မျိုးကို ရာဇ၀တ်မှု ပြဒါးချိန် တစ်ရှိန်တည်း ထိုးတက်လာသောလ ဟူ၍ အုပ်ချုပ်ရေး ပါရဂူတို့က အမှတ်အသားပြုကြသည်။

ယခုလည်း သည်လမှာ အင်္ဂလိပ် ဟိုနေ့ပြေးတော့မလို၊ ဒီနေ့ပြေးတော့မမလို၊ နေ့တစ်မျိုး ညတစ်မျိုး ကြားနေရသည်။ အမယ်လေး၊ ဘယ်သူ့ယုံပြီး ပုံခဲ့မှာလဲ။ လောဘမီး ဒေါသမီးတို့သည် "ဘုန်းမီးနေသို့ တောက်လတ္တံ့ " ဟူသော တဘောင်အလိုအရ တဟုန်းဟုန်းထ၍ လောင်တော့မည်။

တပေါင်းလလည်း ဆန်း၍လာချေပြီ။

ငဘမှာ ပူအိုက်လွန်း၍ တဲရှေ့ကွပ်ပျစ်ပေါ်တွင် လဲလျောင်းနေရင်း လမင်းကို အာရုံစိုက်၍နေသည်။

ပစောက်ကလေး ပက်လက်လန်နေသကဲ့သို့ ယက်ကန်ယက်ကန်နှင့် တဖြည်းဖြည်းတွားသွားနေသော သုံးရက်လခမျာမှာ မျက်စိပေကလပ် ပေကလပ် လုပ်၍နေသော ကြယ်အပေါင်းတို့၏အလယ်တွင် မျက်စိသူငယ် ဖြစ်နေရရှာသည်။ ကြယ်အပေါင်းခြံရံပါလျက်ကနှင့် ဖိုးရွှေလမင်းကလေးမှာ အာကာသထဲတွင် ယောင်လည်လည်နေရရျာသည်။ လူထုအပေါင်း ၀ိုင်းရံလျက်နှင့်လည်း၊ လယ်သမားငဘမှာ လောကကြီးထဲတွင် မျက်စိလည်ရတော့မည်။

သို့သော် အင်း... နံဘေးမှာ မိဖော့ ရှိသေးသားပဲ။

မိဖော့က နို့ဝသွားသော သားငယ်ကလေး တခွီးခွီးဖြင့် အိပ်ပျော်သွားသည်ကို သူနှင့်သူ့လင် နှစ်ဦးကြားထဲတွင် ချ၍သိပ်နေသည်။ ထဘီက ကပိုကရိုနှင့် မိဖော့၏ ချက်အောက်ကို ဖုံးထားသည်။ ကြယ်ရောင်တွင် မိဖော့၏ မျက်နှာကို ငဘမြင်ရသည်။ သည်လိုညမျိုးမှာ မိဖော့ကို မြို့ သူကလေးများလို လက်ကျပ်အင်္ကျီကလေး ၀တ်စေပြီး ပုတီးလက်ကောက် ဒွါဒယာ စသည်တို့ ဆင်ပေးလိုက်ရလျှင် "မိုးနတ်ဒေ၀ီ၊ မေဘရဏီ တနှုန်းကဲ့သို့" ငါမြင်ရမှာပဲ။ သြော်- ငါတို့လယ်သမားတွေဟာ ဒီလိုစည်းစိမ်မျိုးကို ဘယ်ဘ၀ကျမှ မှန်းနိုင်ပါ့မလဲ။ မိဖော့ကို ခိုးပြေးတဲ့နှစ်တုန်းကလဲ ဒီလယ်ဧက အစိတ်၊ ယခုလဲ အစိတ်ပဲ။ အင်း.. ဘိုးအေလက်ထက်တုန်းက ဧကလေးဆယ်ထိအောင် လုပ်ငန်းချဲ့ ထွင်ဖူးပါရဲ့ ။ ဒါပေမယ့် စပါးပေးအတိုးကြီးလို့ အဘိုးမသေခင်တစ်နှစ်လောက်မှာ ငါရှင်ပြုတဲ့အကြွေးတွေ ဆပ်လိုက်ရလို့ ဒုံရင်းပြန်ကျတာပါပဲကလား။ ဟယ်- ယောက်ျားပဲ။ ယခု ဦးသာဂေါင့်ဆီမှာ အပ်ထားတဲ့ စပါးနှစ်ရာကို ဈေးကောင်းကောင်းရောင်းရလျှင် သူဆီမှာ နောက်ထပ်တစ်ရှဉ်းထွန်လောက် တိုးချဲ့နိုင်ဖို့ ပြောရဦးမှာပဲ။

ငဘသည် အတွေးပင်လယ်ကြောထဲတွင် ပေါလောပေါ်၍နေသည်။ မိဖော့က ကလေးမနိုးအောင် အသာရွှေ့ ပြီး ငဘအနားကပ်သည်။ ငဘက သက်ပြင်းရှူလိုက်သည်။ "ဒီမှာ- ကိုယ်က ဘာများတွေးပြီး စိတ်မောနေရတာလဲ"

"ရှေ့ ရေးနောက်ရေးပေါ့ကွယ်၊ တို့သမီးလေးလဲ ကြီးလာပြီ။ ကြိုးစားပမ်းစား အလုပ်လုပ်တဲ့ နောက်လိုက်ကောင်းကောင်းတစ်ယောက်တွေ့ရင် တစ်ခါတည်းသာ ပေးစားလိုက်ချင်တော့တာပဲ"

"ကျုပ်သမီးက ငယ်ပါသေးတယ်တော့"

"ငါတော့ မြန်မြန်ကြီးသစေ့ချင်ပြီကွယ်။ ဒါမှ တို့သမက်ကလေးက ရင်မြေကတုတ်လုပ်ပြီး ကြိုးစားလိုက်ရင် လေးငါးခြောက်နှစ်အတွင်း ဧကခြောက်ဆယ်လောက်တော့ နိုင်နိုင်နင်းနင်း ဦးစီးနိုင်မှာပဲ။ သြော်- လယ်သမားဘ၀ တယ်ပင်ပန်းလှပါကလား။ ဘယ်တော့မှ ကိုယ့်လယ်ကိုယ့်ချောင်းနဲ့ လူလူသူသူ နေရတော့မှာလဲ"

ငဘက မိဖော့၏ နဖူးဆံစကလေးများကို သူ့လက်ကြမ်းကြီးနှင့် ပွတ်သီးပွတ်သပ်လုပ်ရင်း ချူသံပါအောင် ညည်းလိုက်သည်။ မိဖော့က ဆေးပေါ့လိပ်ကို လိုက်စမ်းရင်း ငဘကို ကျောပေး၍ လှည့်လိုက်သည်။ ဆေးပေါ့လိပ်ကိုတွေ့သောအခါ မီးမသေသေးသည်နှင့် တဖြည်းဖြည်းဖွာရင်း သူ့အတွေးနှင့်သူ ငြိမ်သွားပြန်သည်။

"အင်း... ငါ့လင်တော့ အလုပ်ဇွဲ တယ်ပြင်းတာပဲ၊ သူကြံသလို လေးငါးနှစ်အတွင်းမယ် လယ်ဧကခြောက်ဆယ်လောက် ထွန်နိုင်ရင် ၀မ်းစာစပါးက အနည်းဆုံး တစ်နှစ်တစ်ရာတော့ လှောင်နိုင်မှာပဲ။ ဦးသာဂေါင့်ဆီက စပါးလဲ နှစ်ရာကနေပြီး လေးငါးရာအထိ ပွားလာမှာပဲ။ ဘယ်နည်းနဲ့မဆို တစ်နှစ်တစ်နှစ် ငွေသုံးလေးရာ အနည်းကလေးပိုမယ်။ သြော်- ဒီလိုဆိုတော့လဲ သမီးကို နေရာချဖို့၊ သားတွေရှင်ပြုဖို့၊ ဗာဟိရတွေ များလာတော့ တို့တဲကလေးနဲ့နေလို့ တင့်တယ်မှာမဟုတ်ဘူး။ အင်း.. တို့ကွင်းမှာ တို့ လူရည်တတ်ဦးမှာပေါ့၊ သူကလဲလူရိုးကြီး ဆိုတော့ မနှစ်က ကောက်စိုက်လာတဲ့ ချစ်ပုကြီးတို့လိုဟာမျိုးနဲ့တွေ့သွားရင် သူ စိတ်ပြောင်းသွားမလားမသိဘူး"

မိဖော့ဦးနှောက်ထဲသို့ နောက်ဆုံးတွေးလုံးကလေး ကတ်သီးကတ်သတ် ၀င်သွားသည်နှင့် တစ်ပြိုင်နက် မိဖော့မှာ သူ့လင် နက်ဖြန်သဘက်ပဲ မယားငယ်ယူတော့မည့်အတိုင်း စိုးရိမ်ပူပန်မိသည်။

"ဒီမှာတော့ ဒီမှာ"ဟု မိဖော့က ငေါက်ဆတ်ဆတ်နှင့်ခေါ်ကာ ငဘမျက်နှာဘက်သို့ လှည့်လိုက်သည်။

ငဘက အလန့်တာကား "ဟေ- ဘာလဲဟ"ဟု ပြန်အော်လိုက်သည်။

မိဖော့က ကိုယ့်လိပ်ပြာကိုယ်မလုံဖြစ်ပြီး ဆေးလိပ်ကို ပါးစောင်တွင် ခဲ၍ဖွာရင်း ဗြောင်ဖွင့်မေးကြည့်လျှင် ကောင်းမလားဟု စဉ်းစားခန်းထုတ်သည်။ သူဖွာလိုက်သော မီးရောင်တွင် မိဖော့၏ ကပိုကရိုပုံပန်းကို ငဘမြင်ရ၏။ အို-တယ်သာဆိုရ အပျိုကရှုံးလောက်သော သူ့ကိုယ်လုံးကိုယ်ပေါက်ကလေးမှာ ငဘကို မြှူနေသည်။ ငဘကလည်း ယခုနေအခါ မိဖော့ရင်ပြင်မှာ "အမ်မစီ"ကြိုးကလေး တွဲလောင်းခိုနေလျှင် ပိုပြီးကြည့်ကောင်းမှာပဲဟု တွေးမိသည်။

"ဒီမှာ တော်နဲ့ ခဏခဏလှောင်တဲ့ ချစ်ပုကြီးတို့ ဘယ်ရောက်နေပလဲ"

"ဘယ်သိပါ့မလဲဟ- သည်ကောင်မက အခြေရှိတဲ့ဟာမမှ မဟုတ်ဘဲ"

"သူက ခပ်နန့်နန့်နော်"

"အင်း..."

"ဒီမှာ- တော်လေ သားကြီးသမီးကြီးနဲ့၊ ပျော်လိုက်ချင်တဲ့စိတ်များ မထားနဲ့နော်၊ ကျုပ်တို့သမီးက မငယ်တော့ဘူးတော်ရေ့ ။ တော်တော်ကြာ လူကဲ့ရဲ့ စရာကြီး ဖြစ်နေပါဦးမယ်"

ငဘက မိဖော့၏ပါးကို တံစဉ်ကဲ့သို့ရှသော လက်ဝါးကြမ်းကြီးနှင့် ပွတ်၍ "ဘယ်ကလာပြီး ကြံကြီးစည်ရာကွာ၊ မဟုတ်တာပဲ"ဟု အသံလေးကြီးနှင့် ပြောလိုက်သည်။

"သြော်- စိုးရိမ်လို့ပြောရတာတော်ရေ့ ၊ တော်တော်ကြာ မယားနှစ်ယောက်ကြား ဗျာများနေမှာစိုးလို့"

"ကွယ်- ဒီလောက်ပေါင်းလာမှပဲ၊ စိတ်မချသေးဘူးလားကွာ။ ငါက ဒါမျိုးတွေကို စိတ်မ၀င်စားဘူးလဟ။ မင်းတို့သားအမိတစ်တွေ ဘုရားသွားကျောင်းတက်ရင် လူလူသူသူ သွားလာနေထိုင်နိုင်လောက်အောင်လို့ချည်း တွေးတွေးပြီးပူနေရတယ်။ ဒီနှစ်စပါးကို တလင်ခြင် တစ်ပိဿာဈေးနဲ့ ရောင်းရရင်"

"အရပ်က ပျက်နေပြီတော်ရေ့ "

ငဘအဖို့ သည်စကားသည် အမင်္ဂလာအစစ်ကြီးဖြစ်သည်။ သာယာသောညမှာ အပူပြင်းပြင်းကို ညင်းလေပြည်က ဖြေဖျောက်နေတုန်း မိဖော့နှင့် ရှေ့ ရေးနောက်ရေး တိုင်ပင်ရသည်မှာ အရှင်လတ်လတ် နိဗ္ဗာန်ရောက်ခြင်းပင်ဖြစ်သည်။ ယခုမူ သည်စကားကြောင့် နိဗ္ဗာန်ကို လက်လှမ်းအမီတွင် အ၀ီစိသို့ ဇောကိုးပြန်ဆင်းရသည်နှင့် တူလေသည်။

"သိကြားသာသနာကလဲ နီးလာပြီကိုးကွဲ့၊ မတော်သူ့ထိပ်၊ တော်သူ့ထိပ်ဆိုတဲ့ သိကြားမင်းရဲ့  ၀ရဇိန်လက်နက်တွေ မြင်ရဥိးမှာပေါ့ကွယ်"

ယင်းသို့ညည်းတွားကာ ငဘက သက်ပြင်းချသည်။ မိဖော့က သူ့ညာဘက်လက်ကို ငဘ၏ရင်ပေါ်သို့ တင်လိုက်သည်။

ငဘက မိဖော့ကြောက်မည်စိုး၍ တစ်ကြောင်း၊ သူလည်း စိတ်သက်သာရာရချင်၍တစ်ကြောင်း ဤအကြောင်းကြောင်းတို့ကို ထောက်ရှု၍ မိဖော့၏လက်ကို မလွှဲသာသဖြင့် ဖမ်းဆုပ်ထားရသည်။ စိတ်ထဲကတော့ အပါသား။

ညင်းလေပြည်သည် မိဖော့နှင့် ငဘတို့၏ ရင်ခွင်ထဲသလို့ ခေါင်းလျှိုဝင်ကာ တွတ်တီးတွတ်တာ လုပ်နေသည်။

ငဘနှင့် မိဖော့တို့စိတ်ထဲ၌ကား ပူလောင်လှသောကမ္ဘာကြီးထဲမှ အလွတ်ရုန်းကာ သုခအမြိုက်နှင့် ပြည့်စုံလျသော လောကနိဗ္ဗာန်တံခါးဝသို့ ရှေးရှုနေကြလေပြီဟု ကိုယ့်စိတ်ကို ကိုယ်လှည့်စားထားလိုက်ကြသည်။

သို့သော် သူတို့နှစ်ဦးစလုံး ဤကမ္ဘာကြီးထဲ၌ပင် ကျင်လည်လျက်ရှိနေသေးသည်ကို သတိရစိမ့်သောငှာ၊ တစ်ဖက်တောတန်းမှ အုန်းအုန်းမြည်သော အသံတစ်ခုက နှိုးဆော်လိုက်သည်။ အသံမှာ တောတန်းကို ကျော်နေရသဖြင့် တော်တော်နှင့် မသဲကွဲချေ။

"ဒီမှာ နားထောင်စမ်း၊ ဘာသံတွေလဲမသိဘူး"ဟု မိဖော့က ပြောရင်း ငေါက်ခနဲ ထထိုင်ပြီးလျှင် ထဘီပြင်ဝတ်သည်။ အသံတို့မှာ ခွေးအူသံ၊ ကျီးလန့်သံ၊ ဘဲနိုးသံ၊ ကြက်ကတော်သံတို့၏ အကြားတွင် မြုပ်သွားလိုက် ပေါ်လာလိုက်ဖြစ်သည်။ တစ်ချက်တစ်ချက် ပေါ်လာပြန်လျှင်လည်း တစ်ခဲနက်ဖြစ်သည်။

လင်မယားနှစ်ယောက် နားစွင့်ထောင်ကြသည်။ ထိုအတွင်း ဟော်ရီးတဲမှ ချောင်းဟန့်သ့ ကြားရသည်။ မြတ်မွှေးနှင့်သာအိတို့လည်း အိပ်ရာက ထလာကြသည်။ မိနီကလည်း "အမေ ဘာလဲ"ဟု အိပ်ခန်းတွင့်မှ လှမ်းမေးလိုက်သည်။ မိဖော့မှာမူ ကလေးတွေလန့်မည်စိုး၍ အခါလည်သားကလေးကို ပွေ့ကာ အိပ်ရာထဲသို့ဝင်သည်။

အသံမှာ လူစုလူဝေးတို့ သံပြိုင် ဟစ်အောင်နေသော အသံဖြစ်သည်။ အားလုံးနားစွင့်လိုက်ကြသည်။ မိနီက ဟာ- ဟော- အဖေရေ့ ၊ မအေယိုးဟေ့လို့ ဆဲသံကြားတယ်"ဟု ဆို၏။

"ဟာ- ဆဲတာဟုတ်မယ်မထင်ပါဘူး လုံမရယ်။ ဟော-ဟော နားထောင်စမ်း"ဟု မြတ်မွှေးက လက်ညှိုးကလေးကို ထောင်ကာပြောရင်း နားစွင့်လိုက်သည်။

အသံမှာ သဲကွဲလာပြီ။

"သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံ အောင်ပြီ"ဟူသော ကြွေးကြော်သံကြီးသည် ငဘ၏လယ်ကွင်း တည်းဟူသော ကမ္ဘာလောကကြီးကို အမြစ်ကနေပြီး ဆွဲနှဲ့ လိုက်လေသည်။

ငဘစိတ်ထဲ၌ ကိုသာဂေါင်၏ စပါးအပြည့်တင်လာသော ငါးရာပါသမ္ဗာန်ကြီး ရင်ဝတက်ဆောင့်လိုက်သလို အောင့်ခနဲဖြစ်သွားသည်။

ထိုအသံများ တစ်အောင့်လောက် ပျောက်သွားပြီးနောက် တောတန်းအလွန် ရေကျော်ဝ တရုတ်ဆိုင်ဘက်ဆီမှ ဗြုန်းဗြုန်းဒိုင်းဒိုင်းအသံများ ကြားရပြန်သည်။ တော်တော်ကလေးကြာသွားသောအခါ မီးများထိန်ထိန်လင်း၍ တက်လာသည်။ ကောက်ရိုးပုံမီးရှို့ သည်ကို မြင်နေကျတောသူတောင်သားတို့အဖို့ ထိုမီးသည် ဘာမျှထူးခြားလှသည်မဟုတ်၊ သို့သော် ထိုမီးရောင်သည် ကောင်းကင်ကို ပြေး၍ဟပ်လိုက်သောအခါ သာမည ကောက်ရိုးမီး မဟုတ်တန်ရာဟု ကြည့်သူအားလုံးတို့က ရင်တဖိုဖိုနှင့် မြည်တမ်းရင်း ကောက်ချက်ချလိုက်သည်။

သို့သော် သူတို့တစ်တွေ ငဘတဲနောက်ဘက်ခပ်ကျကျ မြစ်ကြီးဟိုဘက်က မီးရောင်ကို မြင်ရသေး၍သာ မြည်တမ်းရုံ မြည်တမ်းကြသည်။ မြင်လိုက်တော့ ရင်ထဲတွင်စို့ပြီး ငဘရော၊ မြတ်မွှေးရော၊ သာအိရော "တစ်ခါတော့ဖြင့် ခက်ကြရောပေါ့လကွာ"ဟု ညည်းတွားကာ မျက်ရည်များပင် ကျကြသည်။ ဟော်ရီးမှာမူကား အာ့ကိုဂျီး၊ အာ့ကိုဂျီး၊ အားလုံး မာလကတွားကုန်ပြီ"ဟူ၍ ချုံးပွဲချငိုလေတော့သည်။

ကောင်းကင်အလုံး မီးဟုန်းဟုန်းထ၍ တောက်လေပြီ။ သာအိ၊ မြတ်မွှေးနှင့် ငဘတို့တဲရှိ လူကုန်နိုးကြပြီ။ ကလေးတွေလည်းလန့်၍ တစာစာငိုကြသည်။ သာအိမ်န်းမက ထဘီစွန်တောင်ဆွဲပြီး လန့်ပြေးပြေးရာ ဗွက်ထဲတွင် ခြေချော်လဲလိုက်သေးသည်။ လေရူးကလေး တစ်ချက်တစ်ချက် သည်ဘက်လွင့်လာလျှင် မီးလုံးကြီး လိုက်လာသကဲ့သို့ ရှိသောကြောင့် လယ်ကွင်းရှိ ကျားမ ကလေးသူငယ်မကျန် ထွက်ပြေးမည်တကဲကဲ လုပ်သည်။ ငဘက ဟောက်ထား၍ ငြိမ်နေကြရသည်။

ငဘစိတ်ထဲ၌ ကမ္ဘာကြီးပျက်စီးလုနီးပြီလောဟု မေးခွန်းထုတ်နေသည်။ အခြားသူများလည်း ငိုင်နေကြသည်။ ထမင်းအိုးနှစ်လုံးချက်လောက်ကြာအောင် မီးတောက်များ လျှံ၍တက်နေသည်။ ပြီးလျှင် အလင်းရောင် ၀ပ်သွားသည်။ ထိုအခါမှ မိန်းမများ၊ ကလေးများ ကိုယ့်တဲတွင်းသို့ အလျိုအလျိုဝင်ကြသည်။
"တို့နဲ့ အဝေးသားပဲကွာ၊ ကဲ-ကဲ- တဲထဲပြန်ကြ၊ မနက်ကျမှ အကြောင်စုံသိအောင် စုံစမ်းရဦးမှာပဲ၊ အိပ်ရေးပျက်ကြမယ်၊ သတိဝိရိယနဲ့လည်း အိပ်ကြဟေ့"ဟု ငဘက သူ့အဖော်များအား ညွှန်ကြားချက်ပေးလိုက်သည်။ သို့အတွက်ကြောင့် ယောက်ျားများလည်း ကိုယ်စီကိုယ်င တဲထဲသို့ ပြန်ကြသည်။ သို့သော် ထိုညအဖို့ လူကြီးပိုင်းမှာ ကောင်းစွာ အိပ်ပျော်ကြသည်မဟုတ်။

မိဖော့၏ ဆေးခံတောင်းထဲမှ ဆေးပေါ့လိပ်နှင့် ငဘတို့မှာ တစ်ညလုံး မဟာမိတ်ဖွဲ့နေကြသည်။ မိဖော့မှာမူကား ငဘ၏ဘေးတွင် ထိုင်ကာ ညှိုးငယ်သောမျက်နှာနှင့် ငဘ၏အကဲကို ခတ်နေသည်။ သန်းခေါင်ကြက်တွန်သောအခါမှ ငဘက တိုက်တွန်းလွန်းမက တိုက်တွန်း၍ မိဖော့ အိပ်ရာဝင်သည်။ငဘကား မှောင်ထဲတွင် ဆေးပေါ့လိပ်မီးကို ကသိုဏ်းရှုရင်း ကြောင်တက်တက်ဖြစ်နေသည်။ လင်းကြက်ဆော်လေမှ အိပ်ခန်းဝရှိ ၀ါးပိုးခါးပန်းပေါ် ခေါင်းတင်ပြီးလျှင် တခေါခေါနှင့် အိပ်မောကျသွားလေတော့သည်။

သို့သော် ငဘ၏နားထဲတွင် "သခင်မျိုးဟေ့ တို့ဗမာ"ဟူသော အသံများ ၀ီခေါ်ကာ မြည်လျက်ရှိတုန်းပင်။ ညဥ့်ဦးက ကြားရသော အသံကို အိပ်လျက်နှင့် ကြားနေရသောကြောင့် အိပ်ပျော်သွားသည်ဟူ၍ပင် မထင်မိချေ။ ထိုအသံတို့မှာ အိပ်မက်ထဲက အသံလေလား ဟူ၍လည်း တွေးလိုက်သေးသည်။ သို့သော် ယခုကြားသောအသံတို့မှာ နီးကပ်လွန်းလှချေ၏ တကား။

တစ်အောင့်လောက် မေ့ခနဲ့အပျော်တွင် "သခင်မျိုးဟေ့ တို့မြန်မာ၊ အရေးတော်ပုံ အောင်ပြီ" ဟူ၍ အသံဝါကြီးနှင့် တစ်အားကုန်ကြုံးပစ်လိုက်သော အသံမှာ တန်တော့၊ ဖြိုးတုပ်ရဲ့  အသံပဲ။

ငဘ ငေါက်ခနဲထထိုင်လိုက်သည်။ လင်းကြက်ဆော်ရုံမဟုတ်။ ထိန်ထိန်လင်းနေပြီ။ သူ့တဲခြေရင်းဘက်မှ သာအိတို့အသံကို ကြားရသည်။ "အမယ်လေးဗျ"ဟု ဟော်ရီးအော်လိုက်သော အသံကိုလည်း ကြားလိုက်သည်။ တွေဝေနေစဉ်ပင်လျှင် ဟော်ရီးကို လက်ပြန်ကြိုးတုပ်၍ ဆွဲလာသော ဖြိုးတုပ်နှင့် သူ၏ အပေါင်းပါ လူနှစ်ဆယ်အစိတ်ခန့် တဲရှေ့ ရောက်နေသည်ကို တွေ့ရသည်။

ဟော်ရီး၏ခေါင်း၌ ခေါင်ရန်းပန်းတွေ ဝေဆာ၍နေသည်ဟု ငဘအောက်မေ့လိုက်သည်။ သေချာစွာ ပြန်ကြည့်လိုက်သော် နဖူး၌ ဟက်တက်ပြဲနေသော ဒဏ်ရာတစ်ခုကို သွေးခြင်းခြင်းနီလျက် တွေ့ရသည်။

ဖြိုးတုပ်က ငဘ၏တဲပေါ်သို့ ပိုင်စိုးပိုင်နင်း ၀င်ရောက်လာသည်။ "ဘယ်မလဲ ထင်းရှူးသေတ္တာ" ဟု ဆိုသည်။ ငဘက ငိုင်နေသည်။ ဟော်ရီးက "အာ့ကိုဂျီး"ဟု အသံပြုသည်။ ဖြိုးတုပ်က "ဒီကုလား ဘာစကားများသလဲ" ဟု ဆို၍ ဓားနှောင့်နှင့် ကျောကိုထုသည်။ ဟော်ရီးသည် မြေပေါ်ကို ဆောင့်ကြောင့်ထိုင်ချပြီးလျှင် တဟီးဟီး ငိုလေသတည်း။

"ဟေ့ကောင် ဘယ်မှာလဲကွ"ဟု ဖြိုးတုပ်က ဘီလူးသဘက်စီးနေသော လောဘသံကြီးဖြင့် ငဘကို မေးသည်။ ငဘက ဆုတ်, ဆိုင်း, အ, ထစ် ဖြစ်နေသောကြောင့် ဖြိုးတုပ် စိတ်မရှည်နိုင်တော့ဘဲ ငဘ၏ ကျောပြင်ကို ဓားပြားနှင့်ရိုက်သည်။

ဖြိုးတုပ်မှာ လူမိုက်ပင် လုပ်နေဖူးသော်လည်း နဂိုက ဓားကိုင်ဖူးသူမဟုတ်။ သတ္တိလည်းမရှိ။ အရပ်ပျက်ကာမှ ဗိုလ်တက်လုပ်ရသူဖြစ်လေရာ ဓားပြားအရိုက်တွင် လက်အနည်းငယ်တွန့်ပုံရသည်။ ထို့ကြောင့် ရိုက်ပြီးဓားကိုအသိမ်းတွင် ငဘ၏ကျောပြင်မှာ ဓားဦးရှ၍သွားလေရာ ဖြာခနဲ သွေးတွေပန်းထွက်သည်။

မိဖော့က ကြောက်ဒူးတုန်၍ အခန်းအောင်းနေရာမှ ငဘဖြစ်ပုံကို မြင်လေသောအခါ "အမယ်လေး မြင်မကောင်းရှုမကောင်း ဖြစ်ကုန်ပါပေါ့လား"ဟု အော်ကာ ငဘရှိရာသို့ ပြေးလာသည်။ ဖြိုးတုပ်မှာ တစ်မတ်ဖိုးမျှသာ သခင်ဖြစ်လေရကား၊ သူ့၌ သူရသတ္တိ တစ်မတ်ဖိုးမျှသာ ရှိသည်။ ထို့ကြောင့် ရှိသမျှသော သတ္တိကလေးနှင့်ပင် လန့်ပြီး ပြေးမည်ကြံ၍နောက်တွန့်သွားသည်။ တပည့်တပန်းများက နောက်ပိုင်း၌ မထွက်သာအောင် သူ့ကို ပိတ်၍ထားသောကြောင့်လည်းကောင်း၊ မိဖော့က သူ့လင်ရှိရာသို့သာ ချဉ်းကပ်၍သွားသောကြောင့်လည်းကောင်း၊ ဖြိုးတုပ်မှာ ဣနြေ္ဒဆယ်၍ ရလိုက်ပါသေးသည်။

ငဘဖြစ်ပုံကို ဟော်ရီးမြင်သောအခါ "အာ့ကိုဂျီး ချွန်နော့်အတွက် ဒုက္ခဖစ်တယ်နော်၊ မကန်းဘူးရှိတယ်။ ပေးလိုက်ပါတော့ အာ့ကိုဂျီးရယ်" ဟု ဆိုသည်။
ငဘကလည်း "ခင်ဗျားတို့လိုချင်တာ ကိုယ့်ဟာကိုယ် တက်ရှာကြပေါ့လဗျာ" ဟု ငေါက်ဆတ်ဆတ် ပြောလိုက်သည်။

ဖြိုးတုပ်တို့လူသိုက်လည်း တဲတွင်းသို့ဝင်ရောက်မွှေနှောက်သည်တွင် ငဘတို့အိပ်ခန်းအောက်တည့်တည့်ရှိ စပါးပုတ်ထဲမှာ ဟော်ရီး၏ သေတ္တာကို အလွယ်တကူရသည်။

ဖြိုးတုပ်က ငဘအား "ခွေးမသားမျိုးဖျက်၊ ကုလားပစ္စည်းကို နင့်အမေလင်ဟာအောက်မေ့ပြီး တရိုတသေသိမ်းထားရသလား" ဟု ကြိမ်းသည်။ သူ့တပည့်များကိုလည်း ငဘအား လက်ပြန်ကြိုးတုပ်ရန် ဖြိုးတုပ်က ခိုင်းသည်။ သာအိနှင့် မြတ်မွှေးတို့က "သခင်ဖြိုးတုပ်ရယ် ကိုယ့်ဗမာအချင်းချင်း မလုပ်ကောင်းပါဘူး"ဟု မျက်ရည်ခံထိုး၍ တောင်းပန်လေသောကြောင့် သခင်ဖြိုးတုပ်က ခွင့်လွှတ်တော်မူသည်။

သို့သော် ဟော်ရီးကိုမူ လက်ပြန်ကြိုးတုပ်၍ သူ့တဲရှိရာ ခေါ်သွားသည်။ ဟော်ရီးတဲရှေ့  တလင်းပြင်တွင် ဟော်ရီးစုဆောင်း၍ထားသော စပါးတစ်ရာခန့် တစ်ပုံရှိသည်။ ဖြိုးတုပ်၏ တပည့်အပေါင်းတို့လည်း ၄င်းတို့၏ အဆောင်အဖြစ်ယူလာသော သုံးရောင်ခြယ်အလံကြီးကို ထုတ်၍ ၀ါးရုံတောမှ ၀ါးလုံးတစ်ခုကို ဖြတ်၍ယူကာ အလံကိုတပ်ပြီးလျှင် စပါးပုံပေါ်တွင် ထူလိုက်သည်။

တစ်ယောက်က "အရေးတော်ပုံ" ဟု သံတိုင်သည်။
အများက "အောင်ပြီ" ဟု လိုက်ဆိုရသည်။
ဤ အခမ်းအနားကား ရန်သူ့ပစ္စည်းဖြစ်သော ဟောရီး၏ စပါးကို သခင်ဖြိုးတုပ်က သိမ်းဆည်းရေးလုပ်လိုက်သော အခမ်းအနားဖြစ်သတည်း။

သခင်ဖြိုးတုပ် နိုင်ငံရေးလုပ်လာခဲ့သမျှ တိုင်းပြည်အတွက် အနစ်နာခံခဲ့ရသည်ချည်းပင်။ လူလားမြောက်သည်နှင့် တစ်ပြိုင်နက် အလုပ်မရှိ တစ်ရာ့ကိုးဖြစ်နေသောကြောင့် ဂျီ၊ စီ၊ ဘီ၊ အေ ခေတ်နှင့် ကြုံ၍ နိုင်ငံရေးနယ်ထဲသို့ ခြေစုံပစ်ကာ ၀င်ခဲ့ပါသည်။ ထိုခေတ် နိုင်ငံရေးလမ်းစဉ်အတိုင်း အစိုးရကို အာပေါင်အာရင်းသန်သန်နှင့် ကုန်း၍ဆဲခဲ့သည်။ အဆဲကောင်းသောကြောင့် အစိုးရကို အကြည်ညိုဖျက်မှုနှင့် အဖမ်းခံရတော့မလိုလို ဖြစ်ခဲ့သေးသည်။ ပုလိပ်နှင့်ကပ်ပေါင်းပြီး ပုလိပ်သတင်းပေး လုပ်ခဲ့၍သာ ချမ်းသာခဲ့သည်။ ၀ံသာနုကိုချည်း အားကိုးနေခဲ့ပါလျှင် ထောင်ကျသည်သာ အဖတ်တင်လိမ့်မည်။ အလုပ်အကိုင်မရှိ၍ နိုင်ငံရေးဝင်လုပ်မိပါ၏။ နိုင်ငံရေးဝင်လုပ်မိသောကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်။ ဂျီ၊ စီ၊ ဘီ၊ အေ ဆက်ကြေးနျင့် အဘယ်မှာ စားလောက်ပါအံ့နည်း။ သို့ကလို ဖြိုးတုပ် အနစ်နာခံခဲ့ရသော်လည်း ဦးချစ်လှိုင်ကြီး သမ္မတဖြစ်တော့ နိုင်ငံရေးသမားပေါက်စ ဖြိုးတုပ်ကို ဆေးဖော်ကြောဖက်မျှပင် မလုပ်ပါ။ ထို့ကြောင့် အသက်နှစ်ဆယ့်တစ်နှစ်သားအရွယ်မှာ နှစ်ဆယ့်တစ်ဦးပါတီ ပေါ်လာသောကြောင့် တြင်းကြေအောင် နှစ်ဆယ့်တစ်ဦးပါတီထဲ ၀င်ခဲ့သည်။ သည်အခါကျပြန်တော့လည်း နှစ်ဆယ့်တစ်ဦးကြောင့် အဆဲသာခံရသည်။ ဘာမှ ရပေါက်ရလမ်းမရှိခဲ့။ ဆက်ကြေးကိုပင်လျှင် မှန်မှန်ကြီး အုပ်စားနိုင်သော အခြေသို့ မရောက်ခဲ့ရချေ။ အနစ်နာခံသမျှ အလကားပဲ။ ဦးဘဖေတို့လူသိုက် ၀န်ကြီးဖြစ်လာသောအခါ ဖြိုးတုပ်ကို မေ့ပစ်လိုက်ကြပြန်သည်။ မသကာ သူလည်း သစ်တောရေးဝန်ကြီးတစ်ယောက် လုပ်နေတာပဲ။ ဖြိုးတုပ်ကို အကောက်စာရေးရာထူးပေးလိုက်ရင် ဖြိုးတုပ် ငြိမ်သွားမှာပ။

ယခုတော့ ဖြိုးတုပ်မငြိမ်နိုင်။ တကယ့်အရေးကျလျှင် မျိုးချစ်ပါတီကိုမှ အားကိုးရသည်။ ထို့ကြောင့် နှစ်ဆယ့်တစ်ဦးကိုကြဉ်၍ မျိုးချစ်ကိုကပ်သည်။ သို့ရာတွင် ဓားမ ပါတီကလည်း ခေတ်စားလာပြန်သေကြောင့် ဓားမနှင့်လည်း ရေလိုက်ငါးလိုက် ပေါင်းရသေးသည်။ ဖြိုးတုပ်ကတော့ မျိုးချစ်ကို သစ္စာစောင့်ပါသည်။ ဘုရားစူးရပါစေ့။ အဲ- နို့ပေမယ့် နိုင်ငံရေးဆိုတာ လှေနံဓားထစ် မဟုတ်ဘူး။ ကာလံတဲ့၊ ဒေသံတဲ့၊ အဂ္ဂံတဲ့၊ ဓနံတဲ့။ ဘုရားဟောဒေသနာမဟုတ်လား။ ဆင်းရဲသားပါတီနှင့် လုံးနေသော်လည်း ဖြိုးတုပ်သည် မျိုးချစ်၏လေးစားခြင်းကို ခံရပါသည်။ နိုင်ငံရေးအကင်းပါးတာကိုး။ မျိုးချစ်ခေါင်းဆောင်များကလည်း ပညာရှိတွေပဲ။ နားလည်ကြတာပ။

သခင်တွေ သံပုံးတီးတုန်းက ဖြိုးတုပ်သည် ဂဠုန်စစ်သူကြီးလို ၀ါးရင်းတုတ်နှင့် ကူခဲ့သေးသည်။ သို့ရာတွင် ၀ါးရင်းတုတ်ကြောင့် သခင်တွေနှင့် ပဋိပက္ခမဖြစ်ခဲ့ပါ။ ၀ါးရင်းတုတ် တပ်မတော်ကြီးထဲတွင် ဖြိုးတုပ် ကန့်လန့်ပါနေစေကာမူ တို့မြန်မာသခင်များက နားလည်ကြပါသည်။

ဖြိုးတုပ်သည် နိုင်ငံရေး၌ လာဘ်မြင်လာပြီဖြစ်၍ ပါတီများ အင်အားစု၍ကောင်းတုန်းအချိန်မှာ နှစ်ဖက်ခွ၍စားသာသဖြင့် ချောင်လည်လာသည်ဟု ဆိုနိုင်ပါ၏။ သို့သော် ဖြိုးတုပ်သည် နိုင်ငံရေး၌ စွန့်စား၍ အနစ်နာခံခဲ့သည်တို့နှင့်စာသော် မထေမိသေးပါ။ နိုင်ငံရေး၌ သည်တစ်ကွက် နေရာမကျသေးလျှင် ဟိုတစ်ကွက်ကို လှမ်းကြည့်ရသည်။ အဲဟိုတစ်ကွက်က စားပေါက်မပွင့်သေးဘူးဆိုပြန်လျှင်လည်း စိတ်ရှည်ရှည်ထားတတ်ရမည်။ ဟော... သို့ကလို စိတ်ရှည်ရှည်ထားလိုက်တော့ နိုင်ငံရေးနစ်နာခံခဲ့ရသမျှအတွက် ယခုလို ထင်းရှူးသေတ္တာကို အပိုင်စီးရကရောမဟုတ်လား။

ဤမျှ နိုင်ငံရေအတွက် ကြီးလေးသောတာဝန်ကို ထမ်းရွက်ရရှာသော ဖြိုးတုပ်သည် မိမိလုပ်ဖွယ်ကိုင်ဖွယ် ကိစ္စအ၀၀တို့ကို ဖိဖိစီးစီး လုပ်ဆောင်ပြီးသည်နှင့်တစ်ပြိုင်နက် ငဘတို့၏ကွင်းမှ ထွက်ခွာသွားတော်မူလေသတည်း။

ဖြိုးတုပ်သည် ဟော်ရီးကို ပထမ ဓားစာခံအဖြစ်ဖြင့် ခေါ်သွားပြီးမှ လမ်းတစ်ဝက်တွင် ပြန်လွှတ်လိုက်သည်။ ဟော်ရီးလည်း ပြန်ခွင့်ရသော် ငဘ၏တဲသို့ဝင်သည်။ သူ့ခမျာ ခါးတစ်ဖက်စောင်း၍နေသည်။ တဲထဲသို့ရောက်သောအခါ ငဘ၏ကျောပြင်၌ အရှည်တစ်ထွာသာသာရှိသော ဓားရာကြီးကို သာအိ၊ မြတ်မွှေး၊ မိဖော့တို့က ရေနံဆီမီးခွက်မှရသော ရေနံဆီများ၊ မီးသီးများတို့ဖြင့် နယ်သိပ်၍ တော်သားလယ်သမား၏ဘာဝ ပထမ သူနာပြုစုခြင်းဖြင့် ပြုစုနေကြသည်ကို ဟော်ရီးတွေ့ရသည်။

ဟော်ရီးလည်း ဟီးဟီးမြည်၍ငိုသည်။ ငိုရန် အဖော်ညှိနေသော မိဖော့က "ဟော်ရီးရဲ့ ၊ တစ်ခါတော့ ခက်ကြပြီပေါ့ကွဲ့ " ဟု အော်ဟစ်လိုက်လေရာ မိနီနှင့် သူ့မောင်ကလေးသုံးယောက်မှာ ညံစာစာနှင့် ငိုကြွေးကြပြန်သည်။

ထို့နောက် သာအိက ဟော်ရီးနဖူးကို ဆေးထည့်ရန်ကြည့်သည်။ ဟော်ရီးက "နဖူးက ကိတ်ကျမချိပါဘူး၊ ခါးကခက်တယ်၊ အားကြီးအောင့်တယ်" ဟု ဆိုသည်။ ထို့ကြောင့် သာအိက ခါးကိုကြည့်သည်။ သာအိ မျက်နှာပျက်သွားသည်။ မိဖော့က အနားကပ်မည်လုပ်သည်ကို "ခင်ဗျားမလာနဲ့၊ ကလေးတွေကိုသာကြည့်ပါ။ မငိုပါစေနဲ့"ဟု ဆိုပြီးနှင်သည်။ မြတ်မွှေးကိုမူ မျက်စပစ်၍ခေါ်သည်။ မြတ်မွှေးလည်း ဒဏ်ရာကိုမြင်ရသောအခါ မျက်နှာသွေးဆုတ်သွားသည်။ သို့သော် နှစ်ယောက်သား ဟော်ရီးစိတ်မပူအောင် အရေးမကြီးသောအနေနှင့် ဒဏ်ရာကို ရေနံဆီဆွတ်ပြီး အ၀တ်နှင့်ပတ်သည်။ ပြီးလျှင် ဟော်ရီးကို တဲခေါင်းရင်း၌ လဲလျောင်းစေကာ သိပ်ထားလိုက်ကြသည်။ ဟော်ရီးမှာမူ ညည်းတွားရင်း မှိန်းနေသည်။ ထိုအတွင်း ငဘ၊ သာအိနှင့် မြတ်မွှေးတို့ ခေါင်းချင်းရိုက်ကြသည်။

ငဘ၏စိတ်ထဲ၌ သူ၏သာယာသော တဲအိမ်ကလေးမှာ မသာအိမ်နှင့်ပင်တူချေပြီဟု တွေးကာ ၀မ်းနည်းပန်းနည်းဖြစ်သည်။ ထိုအချိန်အခါမျိုး၌ ငဘ၏ သွေးချင်းသားချင်းဖြစ်သော တို့ဗမာလယ်သမားအပေါင်းတို့မှာ ငဘနည်းတူ ၀မ်းနည်းပက်လက် ဖြစ်ကြရရှာသည်ကို ငဘသိရလျှင် ၀မ်းနည်းဖော် ၀မ်းနည်းဖက်များနှင့်အတူ ပျော်ပျော်ကြီး ၀မ်းနည်းလိုက်ရမည်ဖြစ်၍ သူ စိတ်ပြေကောင်း ပြေမိပေမည်။

သုံးဦးသား ခေါင်းချင်းရိုက်ပြီးသော် လူစုခွဲလိုက်လေသည်။ ငဘလည်း ငေးမျှော်ရင်း ကျန်ရစ်သည်။ ဟော်ရီး၏ စပါးပုံဆီသို့ သူ့မျက်စိရောက်သွားသည်။

နံနက်လေပြည်ကလေးက ဆော်သွင်းမြူးနေသည်။
သုံးရောင်ခြယ် တို့ဗမာ ဒေါင်းအလံကြီးကလည်း ဟော်ရီး၏ စပါးပုံပေါ်တွင် တဖြူးဖြူးနှင့် ၀င့်၍နေလေသည်။
- - - - -



အခန်း (၅) နယ်ချဲ့ သမားများ



အခန်း (၆) နိပွန်-မြန်မာ ယဉ်ကျေးမှု



အခန်း (၇) အ၀ီစိမှသည် မဟာအ၀ီစိသို့

No comments: