Sunday, July 12, 2009

ဇာတ်သိမ်း

အခန်း (၁၃)

ငဘ၏ အောင်ပွဲ

ချက်ကြီးက တစ်လအတွင်း လယ်ကွင်းထဲ ပြန်အရောက်လာခဲ့ပါမည် ဆိုပြီး ထွက်သွားသည်မှာ တစ်လပြည့်လုနီးပြီ။ သူပြန်လာသည်နှင့် တစ်ပြိုင်နက် သားရေးသမီးရေးကိစ္စ ပြီးပြတ်အောင်စီမံရမည်။ မိဖော့ရှိသော်လည်း မိနီအတွက်ဆိုလျှင် ငဘမှာ ကိုယ်ပဲအမိ၊ ကိုယ်ပဲအဖ ဖြစ်တော့သည်။ မိဖော့က အရာရာလေးမျိုးမှာ ဘာမျှစိတ်ချရသည်မဟုတ်။ အရပ်ကလည်း အပြောင်းအလဲဆိုသောကြောင့် ဓားပြကတော့ ထုံးစံအတိုင်း ထတုန်းပင်ဖြစ်သည်။ သိုပပေမယ့် သင်းတို့မခံနိုင်ပါဘူး။ စကားပုံက အရှိသားပဲ။ “ဂျော့ဘုရင်ရွှေဘုန်း၊ နေတနှုန်းပမာယူ” ဆိုတာ သင်းတို့ မသိလို့ပေါ့။ ခဏပါပဲ။ တော်တော်ကြာ ငြိမ်သက်သွားမည်ဖြစ်သည်။ သို့သော် မငြိမ်သက်မီကာက အခိုက်အတန့်မှာ ၀ယ်ရေးခြမ်းရေးအတွက် ဖအေလုပ်သောသူက ကိုယ်တိုင်ရွာတက်ပြီး စီစဉ်ရမှာပဲ။

သတင်းသန့်သန့်ကြားရသည်မှာ ဆိတ်ကြီးကုန်းရွာ၌ အရောင်းအ၀ယ် ကြက်ပျံမကျ စည်ကားလျက်ရှိပြီ။ ထုံအားကုန်စုံဆိုင်လည်း ခါတိုင်းကဲ့သို့ပင်ပြန်ဖွင့်နေပြီ။ မြို့၌လည်း စစ်အုပ်ချုပ်ရေးရောက်နေပြီ။ တလောက ဆိတ်ကြီးကုန်းရွာကိုပင်လျှင် စစ်သင်္ဘောကလေးများ လာ၍ဆိုက်ကြသေးသည်ဟု ကြားရသည်။ ကလေးတွေကို သကြားလုံးဝေသည်မှာ ဒိဋ္ဌပဲဟု ပြောကြသည်။ ရေကျော်ဝဆိုင်က ဘုမရဲ့သားကလေးက သူ့ဦးလေးတစ်ယောက်နှင့် ရွာတက်သွားရာ အသားနီစပ်စပ် အမေရိကန်တစ်ဦးနှင့်တွေ့၍ သူ့ထံမှ သကြားလုံးများရလိုက်သည်။ အဲသည်သကြားလုံးကို ကလေးက အမှတ်တရ သိမ်းဆည်းယူလာခဲ့ပြီး ဘုမကိုပေးသတဲ့။ အပေါ်ယံက ဆီစိမ်စက္ကူချောချောကလေးနှင့် ထုပ်ထား၍ စားတော့ အလွန်အရသာရှိသည် ဆိုပါကလား။ အဲသည်သတင်းကို သာအိပြော၍ ငဘသိရသည်။ ဤသည်ကိုထောက်လျှင် ရွာတက်ဖို့အတွက် စိတ်ချရတော့မည်။

ထို့ကြောင့် မိဖော့၊ မိနီ၊ သားသမီးအပေါင်းနှင့်တကွ တဲနီးပါးချင်းတို့ကို ငဘမရှိတုန်း အစစအရာရာ သတိဝီရိယနှင့် နေထိုင်ကြဖို့ မှာခဲ့ပြီးသော် ငသည် ဆိတ်ကြီးကုန်းရွာသို့ တက်လေ၏။

ဆိတ်ကြီးကုန်းရောက်သောက် ရှေးဟောင်းနှောင်းဖြစ်တွေ တွေးမိပြီး ဆိတ်ကြီးကုန်းကိုပင်လျှင် စိတ်နာရတော့မလိုလို၊ လူ့ဘောင်တစ်ခုလုံးကိုပင်လျှင် စိတ်နာရတော့မလိုလို ဖြစ်မိသည်။ ဤရွာထဲမှာ ကျေးဇူးရှင် ဦးသာဂေါင်ကြီးကဲံသို့ သီလ-သမာဓိရှိသူ ရှာမှမရှားသည်။ ခမျာမှာ ဘုမသိဘမသိနှင့် ဂျပန်အသတ်ခံရသည်။ ယခုကျေးဇူးရှင်ကိုယ်စား ဦးသာဂေါင့်မိန်းမသာလျှင် ကျန်ရစ်သည်။ သူ၏မျက်နှာကို ဘယ်လိုလုပ်ပြီး ကြည့်ရပါ့မတုံး။ ဦးသောဂေါင့်အိမ်ရောက်သောအခါ ဦးသောဂေါင်မိန်းမ ဒေါ်မွှေးအုံက ငဘကို မြင်သည်နှင့် တစ်ပြိုင်နက် ဆီး၍ငိုသည်။ ငဘကလည်း ငိုမည်ဟု အားထုတ်ကြည့်၏။ သို့သော် မျက်ရည်တို့မှာ ခန်းခြောက်ခဲ့လေပြီတကား။

ဒေါ်မွှေးအုံကလည်း လာရင်းကိစ္စကိုမေးသည်။ ငဘကလည်း တိုတိုပင်လျှင် အစီရင်ခံသည်။ ဦးသာဂေါင်ကြီး ရည်စူးခဲ့သည့်အတိုင်း ဖြစ်မြောက်သွားသောကြောင့် ဒေါ်မွှေးအုံက သူ့လင်ကို တ-တ ပြီး တစ်ချီ ထပ်ငိုလိုက်သေးသည်။
“ငဘရေ ဒီအကြောင်းတွေကို မေးမယ့်သာမေးရတယ်၊ ပန်းဇုံ ပြန်ပြောလို့ သိရပါပြီ။ ချက်ကြီးက တပ်မတော်ကိုအပြန်မှာ သူ့အမေဆီ ၀င်သွားသေးတာကလား။ အဲဒီကမှတစ်ခါ ကျုပ်ဆီလာပြီး ကန်တော့သွားသေးသတော့။ အဲဒီတော့ ခပ်မြန်မြန်ြ ပြီးသစေ့ချင်တယ်ဆိုရင် ပန်းဇုံဆီကို သွားလိုက်ဦး။ သွားဖို့တော့ မလိုဘူးပေါ့လေ။ ငါတို့ပြီးလျှင် ပြီးပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းတော့ လုပ်ဦးမှပဲကွဲ့”

ဒေါ်မွှေးအုံ ညွှန်ကြားချက်အရ မပန်းဇုံထံ ငဘသွားသည်။ တောသားတို့ဘာဝ နားဖောက်သည့်စကားမှာ အလွန်လွယ်ပါသည်။ ကိန်းကြီးခန်းကြီးလုပ်ရန် မလိုပါ။ ထို့ကြောင့် ထိုကိစ္စမှာ အထစ်အငေါ့မရှိဘဲ ပြီးစီးရပြန်ပါသည်။

“မိဖော့တို့က ရိုးအားကြီးတော့ဗျာ ကျုပ်ပဲအမိ၊ ကျုပ်ပဲအဖ ဖြစ်နေတယ်။ ဒါကြောင့် ၀ယ်ရေးခြမ်းရေးကိစ္စမှာ ကျုပ်ပဲလုပ်ရမှာပဲ။ ကဲ- အချိန်ရှိတုန်း သွားလိုက်ဦးမယ်” ဟု ငဘက မပန်းဇုံကြီးအား ပြောပြကာ တရုတ်ထံအား ကုန်စုံဆိုင်ရှိရာဘက်သို့ လျှောက်၍လာခဲ့သည်။

ဝယ်ဖို့ခြမ်းဖို့ ငွေငါးထောင်ကလည်း လွယ်အိတ်ကြီးထဲမှာ ပါလာသည်။ ငွေကို ယခုကဲ့သို့ တစ်ခါဖူးမျှ အထုပ်လိုက် မလွယ်ဖူးလေသောကြောင့် စိတ်ကလည်း များစွာမလုံ။ သည်အထဲမှာ လမ်းသွားလမ်းလာသူများက ငွေထုပ်ကြီးကို ခဏခဏကြည့်သည်။ တချို့ကလည်း ငဘကို မြင်ဖူးသလိုလိုနျင့် ပြုံး၍ပြသည်။ အချို့က အသံထွက်အောင် ရယ်လိုက်သေးသည်။ သြော် - ပိုက်ဆံမျက်နှာ ဆိုသဟာ အလွန်တန်ခိုးကြီးပါကလား။ ရှေးတုန်းက တောသားငဘ ဆိုလျှင် ပြုံးဖို့ရယ်ဖို့ မပြောနှင့် ခေါင်းညိတ်ပြီး နှုတ်ဆက်ဖော်တောင် ရှာမရဘူး။ ယခုတော့ သိသူရော၊ မသိသူရော ခေါ်ချင်ပြောချင်ရှိကြသည်။ သို့ပေမယ့် လောကကြီးက အရှုပ်သား။ ငါတို့တောသားအပေါ် စကားရောဖောရောလုပ်ပြီး အချောင်သတ်ချင်ကြလို့လားမှမသိဘဲ။

အင်း.. ဂျပန်လက်ထက်မှာ အနှိပ်စက်ခံခဲ့ရသည်မှာ ရှေးကပြောခဲ့သလို သူ့ဝဋ်သူပဲ ရှိပါစေတော့။ ယခုလို ခေတ်သစ်ထူထောင်နိုင်ဖို့ ငဘ ဘ၀သစ်ဖန်တီးနိုင်ဖို့ လက်ထဲမှာ အဆင်သင့် လေးငါးထောင်ကျန်ရစ်ခဲ့သည့်အတွက် ကျေးဇူးတင်မည်ဆိုလျှင် တင်လောက်ပေသည်။ ကျေးဇူးဆိုသည်မှာ ရှာတတ်မှ တွေ့ရပေသကိုး။ သင်းတို့ကိုတောင် ကျေးဇူးတင်ထိုက်မည်ဆိုလျှင် ငါတို့၏ ကိုးကွယ်ရာ အရှင်သခင်ဖြစ်သော အင်္ဂလိပ်မင်းများကို ပိုပြီး ကျေးဇူးတင်ရှိထိုက်လှပေသပေါ့။ အင်း.. သူရို့ပြန်လာပြီဆိုလျှင်ပဲ တို့တစ်တွေ ရေချမ်းအိုးကြီးဖြစ်တော့မည်။ ယုတ်စွအဆုံး အိမ်က အငယ်ကောင်ကလေး ကုလားမခြင်းတောင်းဆွဲ နို့ဆီဆမ်းတဲ့ ထမင်းကြမ်းခဲ စားရတော့မည်။ အိမ်ကထွက်လာခါနီးမှာတောင် လူပြောသူပြောနှင့် ကောင်ကလေးက အတော်ကြီး လူပါးဝလိုက်သေးသည်။ “ အဖေကျောတဲ့ နို့ဂျီဆိုလာ ကျားချင်ဒယ် ” တဲ့။ သူ့ခမျာ သူများတွေ ပြောလို့သာ ကြားရသည်။ နို့ဆီဆိုသည်မှာ မုန့်များသလက်လိုလို ကိုက်စားရသည်ဟု အောက်မေ့နေသေးသည်။ “ဟဲ့- ကလေးရဲ့၊ နို့ဆီဆိုတာ နင့်နှာခေါင်းထဲကထွက်တဲ့ နှပ်ချေးလိုပဲဟဲ့” ဟု ပူဆာလွန်းအားကြီး၍ ရွံအောင်ပြောပါသော်လည်း ကောင်ကလေးက အဲသည်နှပ်ချေးနှင့်တူသော နို့ဆီကိုမှ စားချင်သည်ဆိုသည်။ စားရမှာပေါ့သားရယ်။ ငဘ အသက်နှင့်ခန္ဓာမြဲပြီး အမြတ်ကျန်ရစ်ခဲ့သည်နောက် နို့ဆီဆိုတာ မခဲယဉ်းတော့ဘူးဟေ့။

မပန်းဇုံတို့ ဥယျာဉ်မှသည် ထုံအားဆိုင်သို့ စဉ်းစား၍ ကောင်းကောင်းနှင့် လျှောက်လာရာ ရွာတောင်ဘက်အချိုးမှာ ဒီလုံးခဲနှင့် ခလုတ်တိုက်မိ၍ စည်းစိမ်အတော်ပျက်သွားသေးသည်။

နို့ဆီဆိုတာ ဘာခဲယဉ်းစရာရှိသလဲ။ ဘိလပ်သင်္ဘောကြီးတွေနှင့် ပါလာတော့မည်။ ယင်းသို့ဆိုလျှင် ငဘ ဘ၀သစ်ဖန်တီးရေးအတွက် တစ်အားတက်ရပြန်ပြီ။ ချက်ကြီးတို့မှာ လူငယ်သာဖြစ်၍ ရှေ့နောက် မတိုင်းထွာတတ်။ သင်းတို့သည် စွန့်ဖို့လောက်သာတွေးတတ်ပြီး စားဖို့ကိုမူ မတွေးတတ်။ အများကြိုက်ဝါဒ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး စသော စကားကြီးစကားကျယ်များသည် အတုံးလိုက်အတစစ်လိုက် ၀ါးစား၍ရကောင်းသည်မဟုတ်။ ထုံးစံအတိုင်း ကိုယ်လုပ်မှ ကိုယ်စားရမည်။ မိဖော့နှင့် အိမ်ထောင်ကျကတည်းက ရည်မှန်းထားသော ကိစ္စများ အရှင်အင်္ဂလိပ်အစိုးရမင်းတို့ ပြန်လာမှပဲ အထမြောက်တော့မည်။ မိဖောနှင့် ငဘက ယခုရှိရင်းစွဲ လယ်ကွက်ကိုလုပ်မည်။ ချက်ကြီးနှင့် မိနီတို့ကမူ သာအိ၏ တူကလေးကို နောက်လိုက်ထားပြီး ယခုလယ်မြေ၏ မြောက်ဘက် ပထမတန်းမြေကလေးကို ဒေါ်မွှေးအုံဆီက ထပ်ငှား၍ အလုပ်လုပ်ကြရမည်။ သုံးနှစ်သုံးမိုးအတွင်းတွင် လယ်ကောင်းစွာအလုပ်ခဲ့ရသောကြောင့် စပါးအလွန်ရှားလိမ့်မည်။ ထို့ကြောင့် စပါးဈေးတက်မည်။ သည်အတွင်း သုံးလေးနှစ်လောက် ရိုးရိုးကုပ်ကုပ် အလုပ်လုပ်ရလျှင် သားသမီးတွေကိုလည်း ရှင်ပြုနိုင်မည်။ သည့်နောက်ဆိုလျှင် မိနီနှင့်ချက်ကြီးတို့ကို မျက်နှာလွှဲနိုင်ပေတော့မည်။ အဲဒီအခါ ရောက်ပြီဆိုလျှင် မိဖော့နှင့်အတူ ဘုရားသွားကျောင်းတက်နှင့် သံသရာအရေးအတွက် လုပ်နိုင်မည်။ ဒီလိုဆိုလျှင် ၀မ်းသာဖို့ တယ်ကောင်းပါကလား။

ဝမ်းသာလုံးဆို့၍နေသောကြောင့် နောက်ထပ်တစ်ချက် ခလုတ်တိုက်မိသည်ကိုမျှပင် သတိမထားနိုင်။ ထုံအားဆိုင်ပေါ် တက်ခါမှပင် ခြေမကွဲမှ သွေးထွက်နေသည်ကို တွေ့ရ၍ ရေနံနှင့် သိပ်ရသေးသည်။

ထုံအားဆိုင်ရှင် အဘိုးကြီးက ငဘကို မမြင်ရသည်မှာ ကြာပြီဖြစ်၍ ယခုကဲံသို့ ပြန်တွေ့သောအခါ အလွန်ဝမ်းသာမိသည်။ ပျူပျူငှာငှာဖြင့် နှုတ်ဆက်သည်။ လက်ဖက်ရည်ကြမ်းကို ကိုယ်တိုင်ငှဲ့၍တိုက်သည်။ “၀မ်းစာစဗျာ၊ ၀မ်းစာစဗျာ” ဟု ခဏခဏ ပါးစပ်က ရေရွတ်သည်။

ဝမ်းသာစရာကြီးပေပ။ သည်လိုအချိန်အခါမျိုးမှာ ငဘအတွက်ရည်စူး၍ ပွဲအငြိမ့်တွေ တခြိမ့်ခြိမ့်ခံပေးဖို့ပင် ကောင်းလှသည်။

ဤသို့ ငဘနှင့်တရုတ်အဘိုးကြီးတို့ ၀မ်းထဲတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကြီး လှည့်နေသည်နှင့် လာရင်းကိစ္စကိုပင်လျှင် မေ့တေ့တေ့ဖြစ်မိသည်။ အချင်းချင်း ရှေးဟောင်းနှောင်းဖြစ်များကို စားမြုံ့ပြန်ပြီးခါမှ အကြောင်းကို ဖောနိုင်ရှာကြသည်။ ငဘက ထုံအားဆိုင်ရှင်အား ကိစ္စအကြောင်း ပြောပြသောအခါ အဘိုးကြီးက အလွန်သဘောကျသည်။ ချက်ကြီးကို “တယ်တော်တဲ့ ကောင်ကလေး” ဟု ချီးမွမ်းလိုက်သောအခါ ငဘမှာ စိတ်ကြီးများပင်လျှင် ၀င်မိသေးသည်။

“လိုချင်တာအားလုံး ယူစွားပေါ့လေ။ ခင်ဗျားပြောလဲ ပစ္စည်းလေ အားလုံးစုပေါင်း...”
ထုံအားဆိုင်ရှင် အဘိုးကြီးက ပေသီးကိုထုတ်ပြီး တရုတ်လိုရေရွတ်ရင်း ဂျောက်ဂျောက်ဂျက်ဂျက်နှင့် စာရင်းတွက်သည်။
“အားလုံးဆိုရင်လေ၊ နိယာ့ငါးဆယ် ခယောက်ကယပ်တီမတ်ကျလယ်။ ခယောက်ကယပ်တီမတ် စော့လိုက်မယလေ။ လက်ငင်းပေးရင်”
“လက်ငင်းပေါ့ ပေါက်ဖော်ကြီးရ” ဟု ငဘကပြောရင်း ငွေအိတ်ကြီးကို စားပွဲပေါ် မာန်ပါပါနှင့် ပစ်တင်လိုက်သည်။

ငဘက လွယ်အိတ်ထဲမှ ထောင်မလဲသဲကော် ဘေူးဖြူဘုရားနီ ငွေစက္ကူတို့ကို ထုတ်ပြီး ရေတွက်မည်ပြု၏။ စိတ်ထဲ၌ ငါးထောင်လောက်တော့ ချောကရောဟု အောက်မေ့ထားသည်မှာ ယခု နှစ်ရာ့ငါးဆယ်မျှနှင့် ကိစ္စပြီးမည်ဆိုလျှင် ကျန်သမျှ အမြတ်ချည်းပဲဟု ငဘက တွက်ကိန်းချသည်။
“မီဟုတ်ဖူးလေ၊ မီဟုတ်ဖူး။ တယ်ခက်လာကိုး” ဟု အဘိုးကြိးက ညည်းလိုက်သည်။
“နို့- လက်ငင်းဆို ပေါက်ဖော်ကြီးရ၊ စပါးပေးတို့ဘာတို့တော့ မလုပ်နဲ့ဦး။ အခါက မကောင်းသေးဘူးဗျာ့”

ငဘက အဘိုးကြီးသည် စပါးပေးကိုမျှော်ပြီး အတိုးကြီးကြီးနှင့်နှက်ရန် ရည်ရွယ်သည်ဟု အထင်ရှိသည်။ လက်ငင်းမပေးနိုင်ဟု အောက်မေ့ရာမှ ယခု လက်ငင်းပေးနိုင်တော့ အဘိုးကြီး သဘောမကျပြန်ဘူး ဟု အယူရှိသည်။

“မီဟုတ်ဖူးလေ၊ တယ်ခက်လာကိုး။ ဒီငွေစက္ကူတွေ မလိုချင်ဘူး။ အင်္ဂလိပ်လေ၊ အင်္ဂလိပ်” ဟု အဘိုးကြီးက ဆိုသည်။
“ဘယ် အင်္ဂလိပ်ငွေစက္ကူလဲ၊ ဘယ်ရနိုင်မလဲ” ဟု ငဘက ဒေါကလေးပါပါနှင့် ပြောသည်။
“အင်္ဂလိပ်ပြန်လာပြီလေ၊ အင်္ဂလိပ်ပြန်လာရင် စူ့စက္ကူပဲစုံးရမှာပဲ။ ဂျပန်စက္ကူ တီယားမ၀င်ဘူးလို့ ကြေညာထားတယ်။ အာခုမနက်ဘဲ စာခယလယ်လေ”

အဘိုးကြီးက ငဘအား စာထုတ်ပြ၏။ ငဘက မျက်မှောင်ကုပ်လိုက်၊ မျက်လုံးဖြဲလိုက်နှင့် ဖတ်ကြည့်၏။ စာလုံးတွေကို စိတ်ရှည်ရှည်နှင့် သတိထား၍ပေါင်းမှ အကြောင်းကို ရေးတေးတေး ရိပ်မိသည်။
“ဒါဖြင့် ဒီဂျပန်စက္ကူဟာ အလကားပေါ့နော်” ဟု ငဘက လေကိုဖော့၍ မေးလိုက်သည်။
“ကျုပ် ခီနခီနပြောလယ်မှုတ်လား၊ ဂျပန်လုပ် ဘာစောက်စုံးကယလဲ”

ငဘ ငိုင်သွားသည်။ သို့သော် သူ စိတ်တင်းထားပါသည်။ ထုံအားဆိုင်ရှင်အဘိုးကြီးကလည်း ထိုငွေများအတွက် စပါးပေးနှင့် မှတ်ထားမည်။ ဘယ်နှစ်မှာမှ ဆပ်ဆပ်၊ သည်ပစ္စည်းများကို ပေးလိုက်မည်။ မိနီဖို့ ကနုကမာဘီးကလေးတစ်ချောင်း၊ နံ့သာခဲတစ်ဘူး လက်ဖွဲ့လိုက်ဦးမည်။ ယင်းသို့ အားပေးအားမြှောက်ပြုလေသောကြောင့် ငဘ စိတ်တင်းထားသည်မှာ မလျော့ပါ။

ငဘမှာ မကြံသာပါ။ ကျေးဇူးတင်ရှိစွာနှင့်ပင် ထိုပစ္စည်းများကို လက်ခံဖို့ပင်ရှိပါသည်။ သို့သော် စကားတစ်လုံးမျှမပြောနိုင်တောပြီ။ အဘိုးကြီးကို ကြေကွဲသော မျက်စိနှစ်လုံးဖြင့်သာလျှင် ကျေးဇူးတင်ကြောင်း အရိပ်နိမိတ်ပြခဲ့ရတော့သည်။

လယ်ကွင်း၌ပြန်ရောက်သောအခါ ငဘကို ချက်ကြီးက စီးကရက်ကလေးကို ဖွာလျက် ကြိုဆိုနှင့်သည်။
ငဘ၏ အသက်ဗူးဖြစ်သော နှစ်ခါလည်ကျော်ကျော် သုံးခါလည်နီးပါး သားကလေးက “နို့ဂျီဘူး” ဟု ဆီး၍နှုတ်ဆက်သည်။

ငဘက ကောင်ကလေးကို “ဒီစောက်ကောင်ကလေးဟာ” ဟု မငေါက်စဖူး ငေါက်လိုက်သည်။ မိဖော့က နှုတ်ခမ်းစူ၍ ကောင်ကလေးကို “သေမင်းငင်ကလေး၊ ဒီကိုလာဟဲ့” ဟု ခေါ်ယူပြီး ခါင်းထစ်ခွင်သို့ ဆောင့်ကာတင်လိုက်သည်။

ငဘကား ဘာမျှမပြော။ သမက်နှင့်သမီးတို့ကိုခေါ်၍ အိမ်ထောင်ပစ္စည်းများကို အသယ်ခိုင်းသည်။ ပြီးလျှင် ငွေစက္ကူလွယ်အိတ်ကြီးကို ဖြေ၍ အိမ်ရှေ့တလင်းပြင်၍ ပုံချသည်။

မိဖော့က “ဒါဘာလုပ်တာလဲ” ဟု မေးသည်။ သူ့လင် ရူးများရူးပြီလားဟု အောက်မေ့သည်။

ငဘက စက္ကူမှ အပတ်များကိုခွာ၍ စက္ကူများကို တစ်ရွက်စီတစ်ရွက်စီနေအောင် ဖွသည်။ အောက်က ကနစိုငုတ် တစ်စနှစ်စခံထားသည်။
ငါးထောင်ဖိုးမျှသော စက္ကူတို့ကို ယင်းသို့တလားထက်၌ ပုံပြီးသော် မီးဖိုချောင်ထဲမှ မီးရဲရဲနှင့် မြင်းကသားထင်းကို ယူလာပြီးလျှင် သင်္ဂြိုဟ်သမှု ပြုလေ၏။

မိဖော့က ရင်ဘတ်စည်တီးဖြင့် “မိနီတို့၊ ချက်ကြီးတို့ လာကြပါဦးဟဲ့။ တစ်ခါဖြင့် နင်တို့အဖေ ရူးပါကရောဟဲ့” ဟု အသံကုန် အလန့်တကြား အော်လိုက်သည်။

ချက်ကြီး၊ မိနီနှင့် ကလေးများ ၀ိုင်းအုံလာကြသည်။ လှုပ်လှုပ်ရွရွသံကြား၍ ဟော်ရီးတို့လူစုလည်း ပြေးလာသည်။ သာအိနှင့် မြတ်မွှေးတို့လည်း ၀ိုင်းလာသည်။

မိဖော့က “အရပ်ကတို့ လုပ်ကြပါဦး။ ကျုပ်လင်တော့ ဆေးမိလာသလား မပြောတတ်ဖူး” ဟု ဆိုပြန်၏။

ချက်ကြီးက အမေ မငိုနဲ့ မငိုနဲ့.. အဖေလုပ်တာ ဒီတစ်ခါနည်းလမ်းကျတယ်။ ကျွန်တော်လည်း အမေ့ကို မပြောအားသေးလို့ပဲ။ ဂျပန်စက္ကူတွေဟာ မသုံးရတော့ဘူး။ အင်္ဂလိပ်က ကြေငြာပြီးပြီ” ဟု ဆို၏။

ထိုအခါတွင် မိဖော့လည်း ထမီကိုစွန်တောင်ဆွဲ၍ မီးပုံနားသို့ လွှားခနဲကပ်ပြီးလျှင် ငဘရှို့ထားသော စက္ကူပုံကြီးကို ၀ါးခြမ်းပြားနှင့် ဖွပေးရင်း တဖျစ်တောက်တောက်နှင့် ရေရွတ်လေသည်။

မီးပုံကြီးမှာ အထက်သို့ လက်ခုပ်တစ်ဖောင်စာလောက်နီးနီး တရှိန်ထိုးတက်ပြီးမှ ပြန်ကျသွားသည်။ ကလေးများက အားရ၀မ်းသာ လက်ခုပ်လက်ဝါးတီးကြသည်။ ဟော်ရီးနှင့် အူရိယာကုလားတစ်စုက “ဂျပန်တွေအားလုံး ဒီလိုမာလကတွားတယ်နော်၊ ကန်းတယ်ရှိတယ်” ဟု ချီးကျူးသည်။ သာအိနှင့်မြတ်မွှေးတို့ကလည်း မီးပုံရှေ့တွင် ၀ိုင်းဖွဲ့၍ မဟာမိတ်နိပွန်တို့ သူရို့ငွေစက္ကူများ လောင်စာသင့်သလို သင့်ကြပါစေရန် ဆုမွန်ကောင်း တောင်းကြသည်။

ငဘက မီးပုံကိုကြည့်ပြီး ၀မ်းသာဝမ်းနည်းမျက်နှာထားမျိုးဖြင့် တွေနေသည်။ ထို့နောက် လက်သီးဆုပ်၍ ညာလက်ကိုဘေးသို့တန်းပြီးလျှင် တံထောင်ဆစ်ကို ထောင့်မှန်ကျအောင် ချိုးလိုက်သည်။ ခြေဖနောင့်နှင့် မြေကိုဆောင့်သေးသည်။ ငဘသာလျှင် ဘုရားလောင်းဖြစ်ဘိမူကား ဤမဟာပထ၀ီမြေကြီးသည် ထိုဒဏ်ကို မခံမရပ်နိုင်သောကြောင့် ငလျင်လှုပ်မိပေလိမ့်မည်။

“သခင်မျိုးဟေ့ တို့ဗမာ၊ အရေးတော်ပုံအောင်ပြီ” ဟု ငဘက အသံကုန် ဟစ်လိုက်သည်။ ကွင်းနောက်ဘက် တောတန်းကလေးက ငဘအော်သလို လိုက်၍အော်သည်။

ငဘက ယခုကဲ့သို့ အော်ကြည့်ပြန်တော့လည်း အော်၍အရသာရှိသားပဲ။ မိမိက တိုင်သံပေးသည်ကို တောတန်းကလေးက ဖောက်လိုက်သည်မှာလည်း နားထောင်၍ အကောင်းသားပဲ။ သို့သော် သူဘယ်အရေးတော်ပုံကို အောင်လိုက်ပါလိမ့်ဟု စဉ်းစားကြည့်မိသည်။

သူ့ရှေ့က မီးပုံကလေးမှာ ပြာကျသွားပြီးလျှင် မွဲသည်ထက်မွဲ၍လာလေသည်။

အရှင်ကြီး သခင်ကြီးတို့ အားကိုနှင့် ငဘ ဆောက်တည်လာခဲ့သော ငဘ၏နောင်ရေးမှာလည်း ငဘရှေ့က မီးပုံကလေးထဲတွင် ပါ၍သွားလေသတည်း။

(မောင်ထင်)

အခန်း (၄)

အခန်း (၄) ချစ်ကြည်ရေးလမ်းစ

ဖြိုးတုပ် လုပ်ပုံနှယ် ရှက်စရာပဲ ကောင်းတော့သည်။ နိင်ငံကြီးသား မပီသလိုက်လေ။ ဘယ်နှယ့်ဗျာ ကျုပ်တို့ အထွတ်အမြတ်ထားတဲ့ ဇာတိမာန် ပွက်လောရိုက်စေသော အမျိုးသား အလံကြီးကိုမှ စပါးပုံ တက်လုရာမှာ သင်းအသုံးချသည်။ နိင်ငံကြီးသားတို့ အမြင်မှာ ရှက်စရာ ပါလား။ ရှက်ရှက်နှင့် လဲပြီး သေလိုက်ဖို့ ကောင်းသည်။

သို့ပေမယ့် အသက်တစ်ချောင်းဆိုတာ နှမြောဖို့ အကောင်းသား ၊ အကြောင်းမရှိဘဲနှင့်တော့ လဲပြီး သေဖို့မသင့် ။ ကျွန်ုပ်တို့ စဉ်းစားဆင်ခြင် သုံးသပ်၍ သေသင့်မှ သေလိုက်ကြပါစို့။

အင်း….စဉ်းစားကြည့်ပြန်တော့လည်း ငါတို့ ဗမာနိင်ငံတော်ကြီး လွတ်လပ်သည့် အဖြစ်သနစ်ကို ငါတို့ မြန်မာနိင်ငံတော်သားဖြစ်သော ၊ ကျေးလတ်တောရွာ ပစ္စန္တရာဇ် ဇနပုဒ်သား ဖြိုးတုပ်က ယခုကဲ့သို အမျိုးသား အလံတော်ကြီးကို တခမ်းတနား လွှင့်ထူကာ မော်ကွန်း တင်ခဲ့သည်မှာ ငါတို့မြန်မာ့ အနာဂတ်သမိုင်းတွင် ဂုဏ်ယူစရာချည်း ဖြစ်ခဲ့ပြီး တကား။

ဤကဲ့သို ဂုဏ်ယူနိင်လောက်အောင် စီမံဖန်တီးပေးသော သူတော်ကောင်း သူတော်မြတ် အပေါင်းတို့အားလည်း ငါတို့သည် ကျေးဇူး တင်ရှိထိုက်လှပေ၏ တကား။ သူတို့သည်သာလျှင် ငါတို့ မြန်မာအမျိုးသား တောသူ ၊ တောင်သား အပေါင်းတို့အား နှစ်ပေါင်း တစ်ရာကျော်မျှ တသွေးတည်း တသားတည်း အနေဖြင့် ကောင်းရာ သုဂတိသို့ လားစေရန် မြင့်မြတ်ကြီးမားလှသော၊ ပညာရေး အခြေခံစနစ်ဖြင့် ဆုံးမပဲ့ပြင် သွန်သင်၍ ချောင်ပိတ်ထားခဲ့သည် မဟုတ်တုံလော။ ထိုကျေးဇူးတော် အစုံကြောင့်သာလျှင် ဖြိုးတုပ်၏ ဥာဏ်အမြင် ဤမျှကြီးခဲ့ခြင်း ဖြစ်ချေသည် တကား။

“ ဟိသစ္စံ ” ထိုစကားသည် မှန်၏။ ငါတို့၏ အရှင်သခင် အင်္ဂလိပ် အစိုးရမင်းတို့သည် မြန်မာပြည်ဖွား တိုင်းရင်းသားတို့အား ရင်ဝယ်သားကဲ့သို သနားကြင်နာတက်သော မဟာဂရုဏာ တော်ဖြင့် ငါတို့၏ မြန်မာပြည်ကြီးကို သိမ်းပိုက်လိုက်တုန်းက ငါတို့မြန်မာ အမျိုးသားများ၏ အခြေသည် သုည ဒီဂရီ၌ တည်ခဲ့၏။ ထိုမျှ နုံချာ ဖျင်းအ လှသော အခြေအနေ မျိုးမှ တိုးတက်စေရန် ရည်သန်ကာ အရှင်အင်္ဂလိပ် မင်းတို့သည် ကြိုးစားပမ်းစား ဆောင်ရွက်လိုက်လေရာ ၁၃၀၄ ခုနှစ် သူတို့တတွေ အောင်မြင်စွာ ဆုတ်ခွာသွားသည့် အချိန်၌ ငါတို့ မြန်မာ အမျိုးသားတို့၏ မူရင်းဖြစ်သော ငဘများ ၊ ဖြိုးတုပ်များ၏ အခြေမှာ ဒီဂရီ သုည တစ်လုံးမှသည် နှစ်လုံးသို့ တိုးတက်ရစ်လေပြီ။

ထို့ကြောင့် စပါးပုံပေါ်တွင် အမျိုးသား အလံစိုက်ကာ လွတ်ပြီး လပ်နေသော မြန်မာနိင်ငံတော်ကြီးကို ထူထောင်ခဲ့သော တမတ်သား သခင်ဖြိုးတုပ်အတွက် မြန်မာအမျိုးသား လယ်သမားအပေါင်းတို့၏ ကိုယ်စား ငါတို့နည်းနည်းမျှ ရှက်စရာမလို။ ငဘလည်း ရှက်စရာမလို။

စင်စစ် ငဘကလည်း နည်းနည်းမျှ မရှက်ပါ။ သူ့ကျောပြင် ဓါးရှ ခံရ၍သာ မခံချင်ဖြစ်မိပါသည်။ ထို့ကြောင့် နိင်ငံကြီးသား ဘ၀နှင့် မနေဖူးသော ဖြိုးတုပ်၏ နိင်ငံကြီးသား မပီသသည့် ဖြစ်အင်ကို ရင်မပြီး စုပ်သပ်ဖို့ မလိုတော့ပြီ။ ရှက်ထိုက်သူတို့ ရှက်တတ်ဖို့ ထားလိုက်တော့မည်။

စင်စစ် ဒီဟာမျိုးက ဘာမျှ အရေးမကြီး။ လက်ငင်းအရေးတကြီး လုပ်ဖို့က ငဘဆေးရုံ မြန်မြန်ရောက်ဖို့ ဖြစ်သည်။

ပြောနေ ကြာရော့။ ဆေးရုံ အမြန်ပို့မည်။ သို့ပေမယ့် မြန်မာပြည် ကျေးလက်တောရွာ အခြေအနေအရဆိုလျှင် အနီးဆုံး ဆေးရုံကို အမြန်ဆုံးရောက်အောင် သွားဖို့ဆိုသည်မှာ ဘယ်နည်းဖြင့်မဆို နှစ်ရေကျော်ကျော် သုံးရေလောက် လှေဖြင့် အပြင်းလှော်ရဦးမည်။ လမ်း၌ ဦးသာဂေါင်ကြီးကို အကျိုးအကြောင်းပြောပြီး ပိုက်ဆံဝင်တောင်းရဦးမည်။ မြို့ဆိုတာ ငဘလည်း ရောက်ဖူးသည် မဟုတ်။ သာအိတော့ တစ်နှစ်တခေါက်လောက် ရောက်ဖူးသည်။ ထို့ကြောင့် ငဘက သာအိကို အဖော်ခေါ်သည်။ မြတ်မွှေးကိုမှု လယ်ကွင်းရှိ ကျန်ရစ်သူ သားမယားကလေးများ ကြည့်ဖို့ထားခဲ့ရမည်။

သာအိ၏ ညီကလေး ငတက်ကိုလည်း ပဲ့ကိုင်ဖို့ ခေါ်ရဦးမည်။ ထမင်းအိုးတောင်း ၊ ဟင်းအိုးတောင်း ပြင်နှင့်ကြပေရော့။ ဟော်ရီးအတွက်လည်း ကုလားတစ်ယောက် အပိုခေါ်ဦးမှ ဖြစ်မည်။ သင်းတို့က ဇာတ်ကြီးလေတော့ လမ်းစားဖို့ ကုလားပဲလှော်တို့ ၊ မုန့်ဆန်းလှော်တို့ ထုပ်ထား နှင့်ကြပေရော့ ။ ဤမျှ အပြင်းစီမံလိုက်ရာ ငဘတို့ လူသိုက် ညနေ ရေအမှီ လယ်ကွင်းမှ ထွက်နိင်သည်။ သို့ရာတွင် ဟိုညက မီးထိန်းလင်းနေသော ရေကျော်ဝကို ခဏ၀င်ရဦးမည်။ ငဘ ၊ သာအိ နှင့် ကုလားလေးတို့သည် ရေကျော်ဝ တရုတ်ဆိုင် တံတားသို့ တက်ကြသည်။ တရုတ်ဆိုင် အနီးအနား အိမ်ခြေ ဆယ့်လေး ငါးအိမ်လောက်ရှိသည်။ ထိုအစုက လူများက လူလေးငါးယောက်စုပြီး နေ့လည် ကင်းဖွဲ့၍ စောင့်နေကြသည်။ ငဘတို့ တက်လာသော အခါ ငဘအား…

“သခင်မျိုးဟေ့ဟု” လက်သီးဆုပ် လက်ရုန်းတန်းအော်ကာ နှုတ်ဆက်သည်။ သူတို့၏ အချိန်းအချက်အရ ငဘက “တို့ဗမာ” ဟု ပြန်အော်ရမည်။ သို့မှ မိတ်ဆွေနဲ့ ရန်သူ ခွဲခြားတတ်မည်။ သို့သော် ငဘသည် ဤမျှလောက် ပညာအရည်အချင်း ပြည့်စုံသည် မဟုတ်။
ငဘတို့ ဤမျှ အကင်းပါးလျှင် မြန်မာပြည် လွတ်လပ်ရေး ရသည်မှာ ကြာလှပေရောပေါ့။ ယခုတော့ ဒီလိုမဟုတ်။ မြန်မာတွေလည်း မလွတ်လပ်သေး။ ငဘလည်း အဖြေ မပေးတတ်သေး ။ ထို့ကြောင့် ကင်းသမားများ ၀ိုင်းအုံပြေးလာသည်။ ငဘလည်း လန့်၍ နောက်ဆုတ်သည်။ သို့ရာတွင် အချိန်ကောင်းသောကြောင့် ကင်းသမားများက ငဘမှန်းသိသည်။

“ ဟေ့ကောင်…ငဘရ ၊ ဘာကြောင့်ပြေးသလဲ ”
“ ဟာ ခင်ဗျားတို့လား… ဘာကြောင့် ကျနော့်ကို လိုက်ရသလဲ ”
“ အို..ငဘရာ ၊ မင်းနှယ့်ကွာ… သခင်မျိုးဟေ့လို့ အချက်ပေးနေတာ ၊ မကြားဘူးလား ”
“ အော် ကိုကြီး ငလုံးလား ၊ ကြားတော့ ကြားတာပေါ့ဗျာ ”
“ အေးလဟာ…ကြားရင် ထူးပါလားဟ ”
“ ကဲ…ထူးပါပြီတဲ့ဗျာ…ဗျို့ ”
“ အမလေးလေး…ဒီလိုထူးပုံ မဟုတ်ဘူးကွ ခေတ်မမှီတဲ့ ငဘရ…၊ တို့ဗမာလို့ ပြန်ထူးရတယ်ဟ ၊ တောသားလည်း ဆိုရဲ့ သောက်ဖျင်းနိုင်လိုက်တာလည်း လွန်လို့ ”

ကင်းသမားများက ၀ိုင်းရီကြသည်။ ငဘလည်း အလွန်ရှက်သွား၏။ ငဘလို တောသားအဖို့ ဒါမျိုးမှ ရှက်စရာကောင်းသည်။ စပါးပုံလုခံရသည်မှာ ဘာမျှ အရေးမကြီး ။ သူများ ၀ိုင်းရယ်ချင်း ခံရမှ ဟီရိသြတပ္ပတရားဟူသည်။ ကင်းသမားတို့မှာ တစ်ကွင်းထဲ သားများ ဖြစ်လေရာ ငဘအား အကျိုးအကြောင်း မေးသည်။ ဟော်ရီး၏ အကြောင်းကို ကြားသဖြင့် စုပ်တသတ်သတ် ဖြစ်ပြီးလျှင် လှေသို့ဆင်းကြည့်ကြသည်။ ကိုကြီး ငလုံးနှင့် မကြီးစာတို့က လမ်းစားဖို့ဟော်ရီးကို ငှက်ပျောသီး ၊ အုန်းသီး လက်ဆောင်ပေးသည်။ ချစ်ခင်ကြင်နာသော အမူအရာပြကြသည်။ တကယ့်စေတနာနှင့်လည်း ချစ်ခင်ကြင်နာ ကြပါပေသည်။

ပြီးလျှင် ငဘက ညက အဖြစ်အပျက် အသံဗလံများ အကြောင်း မေးသဖြင့် တံတားမှ တရုတ်ဆိုင်ဆီသို့ သွားကြသည်။

အဟန်ရှုပ်သည် ငဘကို သဘောကောင်း၍ ဖြောင့်မတ်၍ မဟုတ်မခံတတ်၍ ခင်မင်ရှာသည်။ ငဘမှာ သည်ကွင်းတွင် မှန်မှန်လုပ် မှန်မှန်စားနိင်သူ ဖြစ်လေရာ အဟန်ရှုပ်က ငဘကို သူများတကာထက် အထင်ကြီးသည်။ သူ့ကို စိတ်လည်းချသည်။ ယုံလည်း ယုံကြည်သည်။ ဤမျှ လက်ပွန်းတတီး စိတ်တူသဘောတူ ရင်းနှီးလေသောကြောင့် အဟန်ရှုပ်က ငဘကို မြင်သည်ဆိုလျှင်ပင် သူ၏ ညီငယ်တစ်ဦး အိမ်ပြန်လာသည်တွင် အစ်ကိုဖြစ်သူက အိမ်တွင်းမှုများကို ဆီး၍တိုင်သကဲ့သို့ ခရေစေ့တွင်းကျ တိုင်လေသည်။

ရှေးတုန်းကဆိုလျှင် တနည်းအားဖြင့် မနေ့ညနေလောက်က ဆိုလျှင် ပိုက်ဆံသိမ်းသော စားပွဲတန်းလျားနောက်က မှန်ဘီဒိုထဲ၌ ကုလားအုတ်တံဆိပ် ပလေကပ်လုံချည်၊ ဆီစိမ်လုံချည်၊  ကြယ်တံဆိပ်စွပ်ကျယ် ၊ မအုံးစိန် ဇာဘော်လီ ၊ ရှာပန်းထည် အနီ၊ ကေကေလုံချည် ၊ သရက်ထည် ထဘီ ၊ ပန်းစည်းကြိုး ၊ ကျောက်ဆူးတံဆိပ် ဘန်ချည်ကြိုး၊ ငါးမျှားတံ အရွယ် အစားစား ၊ စက္ကူရောင်စုံ ၊ ခဲတံ ၊ ကျောက်တံ ၊ ကျောက်သင်ပုန်း ၊ ဘီး၊ ဖန်လက်ကောက် ၊ ကနုကမာကြယ်သီး စသော ဗလိနတ်စာ ဗြုတ်စဗျင်းတောင်း ကုန်အမျိုးမျိုး တို့သည် ၊ ဒူးနေရာ ဒူး ၊ တော်နေရာ တော် ဆိုသလို ကိုယ့်ဆိုင်ရာ အကန့်ကန့်တို့၌ တင့်တယ်စွာစံပယ်လျက် ရှိခဲ့ကြသည်။ ဆီပုံး ၊ ရေနံဆီပုံး ၊ ဆပ်ပြာ ၊ ဖယောင်းတိုင်တို့မှာလည်း ၊ သူ့ထင်းရှုးပုံးနှင့်သူ စည်းကမ်းသေ၀ပ်စွာ နေခဲ့သည်။ ငရုတ် ၊ ကြက်သွန် ၊ အာလူး ၊ ပဲ ၊ နှမ်း စသည်တို့မှာ ဆိုင်ခေါင်းရင်းတွင် ရှိသော ထင်းရှုးသေတ္တာ တင်ခုံ၌ သူ့အခန်းနှင့် သူ တစ်သိုက်စီ တည်ရှိခဲ့သည်။

ယခုငဘကြည့်လိုက်သော အခါမူကား ၊ ဘီဒို၌ ဗလာ ၊ ထင်းရှုးပုံး၌ နတ္ထိ ၊ ထင်ရှုးသား တင်ခုံ၌ ဘာမှ မရှိ ၊ ရေနံဆီ ကတော့ကြီးက ဘီဒိုထဲ ရောက်နေသည်။ ဆီစုပ်သော ဘုံဘိုင်မှာ ရစရာမရှိအောင် ပျက်နေသောကြောင့် အဟန်ရှုပ်၏ သားကလေးက မြင်းလုပ်၍ စီးနေသည်။ စားပွဲ ကုလားထိုင် တို့မှာလည်း ပြန့်ကျဲ ပြိုကွဲ ပျက်စီး ပျောက်ရှ၍ကုန်ချေပြီ။

အဟန်ရှုပ်သည် တောအနေများ၍ မြန်မာစကား ပီသအောင် ပြောတက်သည်။

တကယ်တော့ အဟန်ရှုပ် မြန်မာစကား ပီသသည်မှာ ဘာမှ မဆန်းပါ။ ၁၂ နှစ်သား အရွယ်လောက်က စ၍ မြန်မာမြေနင်းပြီး ၊ မြန်မာရေကို သောက်ခဲ့သည့်နောက် မြန်မာစကားကိုမှ မပီသလျှင် ဘယ်စကားကို ပီသရမှာလဲ။ ဟိုဂန္တာလရာဇ်ပြည်ကြီးရှိ ကောင်းတုံနယ် ကျေးရွာမှ အဟန်ဆိုတော့ တရုတ်ကလေးသည် ကတ္တူရွက်သင်္ဘောကြီး စီးပြီး ရန်ကုန်မြို့သို့ ရောက်လာသည်။ ငဘက အဟန်ရှုပ်က သူ့အကြောင်း ရှေးဟောင်း နှောင်းဖြစ်များ ပြောပြသော အခါ သူရန်ကုန်ရောက်စက ခါးတွင်း ကြိုးနဲ့သီ၍ ပတ်ထားလေ့ရှိသော တရုတ်ကြေးပြား အပေါက်ကြီးများကို ထုတ်ပြလေ့ရှိသည်။ ထိုကြေးပြား အပေါက်ကြီးများမှာ မြန်မာသုံးပိုက်ဆံ မဟုတ်သောကြောင့် အဟန်ရှုပ်သည် ရေကျော်ဝ၌ ဤမျှကြီးကျယ် ခမ်းနားသော ဆိုင်ကြီးကို အပိုင်စီးနိင်အောင် အဘယ်ပုံ လုပ်သနည်းဟု ငဘ မတွေးတက်။ ငဘမှတ်မိသမျှမှာ အဟန်ရှုပ်သည် ရန်ကုန်မှ ရေကျော်ဝသို့ ရောက်ခါစ ယခုသူပိုင်သော ဆိုင်တွင် ထမင်းချက်ရသည်။

ထိုအခါ အဟန်မှာ အသက်နှစ်ဆယ်ခန့်အရွယ် လူပျိုဖြစ်သည်။ ငဘကား ပုဆိုးကွင်းသိုင်း မဖြုတ်သေးသော အရွယ်၌ ဖြစ်၏။ မိဖော့တောင်မှပဲ ထဘီကို ရင်မရှားတက်သေး။ သို့သော် ငဘသည် မိဖော့ကို ခိုးပြေးသောနှစ်၌ အဟန်ရှုပ်က ဆိုင်ရှင်ဖြစ်နေပြီ။ သင်းတို့ တရုတ်တွေဟာ ဘယ်လို ပိုက်ဆံရှာပါလိမ့်။ သူတို့ကတော့ တယ်ပြီး ကုသိုလ်ထူးတာပဲ။ ငဘငယ်စဉ်က အဟန်ကို “ ဟေ့ ပေါက်ဖော် ” ဟု ခေါ်ဖူးသည်။ လူလားမြောက်သည့် နေ့မှစပြီး ငဘသည် အဟန်အား အဟန်ရှုပ်ဟု ခေါ်ကာ ရိုသေခန့်ညားလာရသည်။ အဟန်ရှုပ်ဆိုတော့ မြန်မာလို ဦးအဟန်ပေါ့။

အော် လူဆိုတာ သူ့ကံအကျိုးပေးနဲ့သူပဲ။ ငဘသည် အဟန်ရှုပ်ကြီးပွားသည့် အကြောင်းကို ဤမျှ အထိသာသိသည်။ အဟန်ရှုပ်က ငဘအား “ မင်းကြီးပွားချင်လျှင် ငါ့ကို ကြည့်ဟု ” ပြောဖူးပါ၏။ ယင်းသို့ ပြောဖူးသဖြင့် အဟန်ရှုပ်ကို ခဏခဏ ကြည့်မိပါ၏။ သို့သော် ငဘမှာ မကြီးပွား။ အဟန်ရှုပ် သာလျှင်ကြီးပွားသည်။ ထိုအချက်သည်သာလျှင် အံဖွယ်ဘနန်း ထူးဆန်းလှသည်။ အဟန်ရှုပ်က ဗမာစကားကို ဌာန်ကရိုဏ်းကျအောင် ပြောတက်သည်မှာ ငဘအဖို့ ဘာမှ မထူးဆန်း။

“ ကဲ ဒါပဲကြည့်တော့ ကိုငဘရေ။ ကျုပ် တရုတ်ဆိုပေမယ့် ခင်ဗျားတို့ ရွာကျောင်းကို ဆွမ်း ၊ ကွမ်း ထောက်နေတဲ့ ဒကာ အရင်းပါဗျ။ သာရေး နာရေးမှာ ဆိုလည်း ဘယ်တုန်း အခါမျှ မငြင်းဘူး။ ကြည့်လေ ချောင်းဦးဘုရား ထီးတင်တုန်းက ပန်းဆွဲပြား….ကြီးကို လှူတာ ကျုပ်ပဲ မဟုတ်လား ။ ကဲ…ကဲ ကိုငဘတို့ ၊ ကိုလုံးတို့လည်း အသိသားပဲ။ တရုတ်နှစ်သစ်ကူးရင်လည်း ကျုပ် ချက်အရက် အ၀တိုက်ခဲ့တာပဲ မဟုတ်လား။ ဒီနှစ် အရပ်ပျက်ခါနီးမို့ ကျုပ်အစောင့် အရှောက် ရပါစေတော့လို့ ဖြိုးတုပ်တို့ လူသိုက်ကို အမြဲလိုသမျှ ထောက်ပံခဲ့ပါတယ်ဗျာ။ ဒါနဲ့တောင် ဒီလိုဖြစ်ရတာ အသည်းနာဖို့ကောင်းတယ်။

ကျုပ် ရေကျော်ဝက လူများကတော့ စောင့်ရှောက်ဖော်ရပါရဲ့။ ဒါပေမယ့် ဖြိုးတုပ်ကို ကြောက်ရသကိုး ။ ဘယ်တတ်နိင်မလဲ။ ကျုပ်က ပစ္စည်းကုန်တာ မနှမြောပါဘူး။ လူကိုယုံမိလို့ ဒီလောက်ဖြစ်ရတာ ပိုပြီး အသည်းနာတာပါပဲ။ အမယ်..အခုမှဗျို့ လူဆိုးနဲ့ လူကောင်း ခွဲခြားသိရတာ ကလား..။ ကျုပ်တို့တတွေ အထင်ကြီးနေတဲ့ စိပ်ပုတီးကြီးနဲ့ ဦးသာအိုကြီးဟာ လက်တဖက်က ဓါးကိုင်ပြီး မဆိုင်သူ မကပ်ကြနဲ့လို့ အော်တာ ကျုပ်ဖြင့် ရယ်တောင် ရယ်မိတယ်ဗျာ။ မယုံရင် ကိုလုံးကို မေးကြည့်။ ”

အဟန်ရှုပ်လည်း ရင်ထဲ၌ ရှိသမျှကို သက်သာရာ ရပါစေတော့ဟု အကုန်ဖွင့်ချလိုက်သည်။ ငဘနှင့်တကွ ရေကျော်ဝအစုက လူများလည်း အဟန်ရှုပ်ကို ဂရုဏာ သက်စွာဖြင့် ငြိမ်သက်စွာ နားထောင်ကြသည်။ ရေကျော်ဝက လူများ ဤစကားကို ကြားရသည်မှာ အခါ နှစ်ဆယ်ထက်မနည်းပြီ။ ငြီးငွေ့လှပြီ။ သို့သော် အဟန်ရှုပ် စိတ်ထိခိုက်မည် စိုး၍ သူထပ်ပြောတိုင်း ပြောတိုင်း အသစ်ဖြစ်သကဲ့ အိနြေ္ဒာရစွာ နားထောင်ကြသည်။

“နို့ပေမယ့် အချိန်တွေကြာပြီ.. ခွင့်ပြုကြပါဦး။ ရေသိပ်ကျလျှင် ရေကျော် မကျော်နိင်ပဲ နေဦးမည်ဟု” ငဘက အဟန်ရှုပ်နှင့် တကွ ရွာသားများကို နှုတ်ခွန်းဆက်ပြီး ခရီးပြင်း ထွက်ခဲ့သည်။ ညသန်းခေါင် မတိုင်မီ ဆိတ်ကြီးကုန်းသို့ရောက်သည်။ ဆိတ်ကြီးကုန်းသည် သုဿန်တစပြင်ကဲ့သို့ ငြိမ်လှသည်။ ဦးသာဂေါင်တို့ အိမ်နောက်ဖေး တံတား၌ ငဘဆိုက်သည်။ ဆိုက်လျှင် ဆိုက်ချင်း ငဘအား “သခင်မျိုးဟေ့” ဟူသော အသံတသံက ဆီးကြိုနုတ်ဆက်သည်။ ငဘမှင်တက်မိနေသည် ။ ဒီစကားကို သူခဏခဏ ကြားခဲ့ပြီ ၊ ကိုကြီး ငလုံးကလည်း အဖြေကို သင်ပေးလိုက်ပြီ။ သို့သော် ဒီစကားကြားတိုင်း တစ္ဆေအခြောက်ခံရသလို ဖြစ်ပြီး ငိုင်သွားသည်။

ဟော်ရီးနှင့် အတူပါလာသော ကုလားကလေးက ငဘသံ တုံပြန်ခြင်း မပြုလျှင် အလိုက်ခံရဦးတော့မည်ဟု နားလည်မိ၍ တို့ဗမာဟု အချက်ပြန်လိုက်သည်။ “ဟဲ့ ကုလားသံကြီးပါ ကလား” ဟု လူစုက အော်သည်။ “ဟာ ကုလားတွေ တက်လာတာပဲ ၊ တို့ကို ရန်မူမလို့ ထင်တယ်” ဟု တစ်ယောက်က ထမင်းလုံးတစ္ဆေခြောက်ခံရသလို ကြောက်ကြောက်နှင့် ပြောသည်။ လူစုလည်း ရှိသမျှ လေးမြှား ၊ နှစ်ဘက်ချွန် တုတ် ၊ ဓါးတို့ကို ကိုင်ပြီးလျှင် ကုလားတက်ခေါက်လိုက်သည်။ တစပြင်ဟု ငဘထင်ရသော ဆိတ်ကြီးကုန်း ရွာမှာ သေသူတွေ အသက်ဝင်ပြီး ရှင်သန်ထမြောက်သဖြင့် တရုန်းရုန်းနေကြသလို အုန်းအုန်းနှင့် မြည်သွားသည်။ ရွာရိုးတစ်လျှောက်၌ တံခါးပိတ်သူပိတ် ၊ ရွာပြင် ပြေးသူပြေး ၊ ကုလားတပ်ကြီး ချီလာပြီဟု အော်သူအော် ၊ တို့ဗမာ အသံကလည်း တခဲနက် ပေါ်လာသည်။
ငဘလည်း အုတ်အော်သောင်းနင်း ဖြစ်မှ အိပ်ရာမှ လန့်နိးလာသကဲ့သို့ ကမန်းကတန်း လှေပေါ်မှ နေ၍

“ကျနော် ရေကျော်ဝက ငဘပါ ။ ဦးသာဂေါင်ဆီကို လာတာပါ”

ဟု ကုန်းကုန်းပြီး အော်၏။ ထိုအခါမှ လူစုလူဝေး ရှဲသွားပြီး အိမ်ပေါ်သို့ တက်ရလေသည်။ ရွာသူရွာသားတို့ အမေးအမြန်း ထူလှ၍ တစ်ကြောင်း ၊ နံနက်တွင် ထွက်နိင်ရန် ကိုသာဂေါင်ထံမှ ငွေရေးကြေးရေး စကားပြောရ၍ တစ်ကြောင်း ၊ သန်းခေါင်ကျော် ၂ ချက်တီးမှ ငဘ တရေးတမော အိပ်ရသည်။ နံနက်လင်းသော အခါ ငဘရောက်ချိန်၌ ကုလားတက်ပြီဟု အော်၍ အပြေးတွင် ရွာထဲက ဗမာအိမ် သုံးလေးအိမ်ကို ဗမာတက်ပြီး အေးဓါးပြ တိုက်ကြောင်း ကြားသိရသည်။ ငဘက ဗမာ ဗမာချင်းတိုက်သည်မှာ မဖြစ်နိင်ဟု တွေးသည်။ အကြောင်းသော်ကား သခင်ဖြိုးတုပ်၏ နောက်လိုက်တဦးက အမျိုးသား အချင်းချင်း လက်ဖျားနှင့် မတို့ဘူးဟု ဆိုသည်ကို ဘုရားဟော ဒေသနာကဲ့သို့ တောသားတို့ဘာဝ ယုံစားမိခြင်းကြောင့် ဖြစ်သည်။

မနက်စာကို ခပ်စောစော စားပြီးလျှင် ငဘနှင့် ဟော်ရီးတို့ ခရီးတတန် ထွက်ကြပြန်သည်။ လမ်း၌ ကရင်ရွာဆိပ်များတွင် အမောအပန်းဖြေရန် ခေတ္တဆိုက်သည်။ ကရင် ဖထီးတို့က ငဘကို မသင်္ကာ၍ ခဏခဏ လာစစ်သည်။ ဘာသာဘာဝ ပြောဆိုကြသည်ကို ငဘနားမလည်။ ကရင်အိမ်များသို့ စားစရာ တောင်းသည်ထိ။ ကရင်အချို့က

“နင်တို့ ဗမာတွေ တကယ်မယုံရဘူးဝေ့၊ ညည နွားတို့ ကြက်တို့ လာလုပြီး သတ်သတ်စားတယ်။ ဒီလိုသာ ဆိုရင် ဝေး ၊ တခုခုတော့ ဖြစ်ကြတော့မှာပဲဝဲ့” ဟု ရင်လေးဖွယ် စကားပြောသည်။ ထိုညက ကရင်ရွာမှ ထွက်ခဲ့ပြီးနောက် တညလုံး လှော်လာရာတွင် မြစ်ကြီးဘေး တဖက်တချက်များ၌ ကရင်ရွာ ၊ ဗမာရွာများ ၌ မီးဟုန်းဟုန်းတောက်၍ နေသည်ကို တွေ့ရသည်။ ငဘမှာ အတော်ပင် စိတ်လေးမိသည်။

“နင်တို့ ဗမာတွေ တယ်မယုံရဘူး ဝေ့ ” တဲ့။ မှန်သည်။ ဖြိုးတုပ်တို့လို ဗမာမျိုးကို ကရင်မပြောနှင့် ငဘတောင်မှ မယုံနိင်ပါ။ ကရင်ဆိုသည်မှာ နဂိုကပင် ရိုးသားသူ ဖြစ်သည်။ အဲ တခုတော့ ရှိသည်။ သူတို့လူမျိုးက “ ဟင် ” ဆိုလျှင် ပြီးရောပြီးရော။ ကောင်းကင်ပြင် တခုလုံးသည် လမင်း၏ ဆုတ်နေသော အရှိန်အ၀ါတို့ဖြင့် ၀ိုးတိုးဝါးတား လင်းနေသည်။ မီးဟုန်းဟုန်း တောက်နေသော ရွာများမှ မီးတောက် မီးလျှံတို့သည် ကောင်းကင်ပြင်ကို ပြေး၍ ဟက်သည်။ ငဘသည် ထိုမီးတောက် မီးလျှံတို့ကို ကြည့်ပြီး လှေဦးမှ မှန်မှန်လှော်လာရာ တယောကုန်း ရေကျော်သို့ ရောက်လာသည်။ ရေကျော်သည် အလွန်ကျဉ်းမြောင်းသည်။ ဗေဒါများလည်း မျောနေသည်။ ရေကျော်ထဲကို ၀င်နိင်အောင် ဗေဒါဖောင်ကြီးများကို လှော်တက်နှင့် တအားခွဲရသည်။ ရေကျော်ထဲ ရောက်သည့် အခါ၌လည်း ငဘသည် လှေဦးမှ ထိုင်၍ ဗေဒါဘုတ်တို့ကို လှေဦးမှ ထိုင်၍ တအားဆွဲယူပါမှ လှေသည် တရွေ့ရွေ့ သွားနိင်သည်။ ဗေဒါဘုတ်ကို လှော်တက်နှင့် ထောက်လိုက်လျှင် “ဖောက် ” ခနဲမြည်သည်။

ည၏ တိတ်ဆိတ်ခြင်းထဲ၌ ထိုဖောက်ခနဲ မြည်သံမှာ ငဘ၏ အဖော်ဖြစ်သည်။ ဗေဒါဖုတ်တစ်ဖုတ်ကို တက်နှင့် ထောက်လိုက်၍မှ “ ဖောက် ” ခနဲ မမြည်ဘူးဆိုလျှင် ငဘမကျေနပ်။ ရွက်တံရှည် ဗေဒါတို့မှာ ကောင်းကင်က လမင်းကြီးဆီသို့ လက်လှမ်းကာ “ထမင်းတစ်ဆုပ်နှင့် ရေတစ်မှုတ်”ကို တောင်းနေသကဲ့သို့ ၊ သို့သော် ထိုဗေဒါ ဘုတ်တို့သည် ရိုးတံတို ဗေဒါဘုတ် ပုပုကလေးများနှင့် မတူ ၊ သူတို့ကို ငဘတက်နှင့်ထောက်သော် ထောက်တိုင်း အသံမပြု။

သို့သော် လှေဦးနှင့် မလှမ်းမကမ်းက ဗေဒါဖုတ်တစ်ဖုတ်မှာ အတော် ကတ်သီးကတ်သတ်နိင်သည်။ ငဘက လှော်တက်နှင့်ထောက်လိုက်သော် အခါ “ ဘုတ် ” ခနဲ မြည်သည်။ တက်စောင်းခုတ်လိုက်သည့် အခါကျတော့ “ ဖြန်း ” ခနဲမြည်သည်။ ထို့ကြောင့် ငဘက မျက်စောင်းထိုး၍ ကြည့်မိသည်။ အလို ဗေဒါဖုတ်ကြီးထဲမှာ ဖြူဖြူဖွေးဖွေး ကားယားကြီးလဟ။

ပဲ့ကိုင်ရင်း ငိုက်နေသော ငတက်သည် သူ၏ ငိုက်နေသော ဇာတိကို မပေါ်အောင် ချောင်းတချက် ဟန့်ပြီးလျှင် တက်တချက် သုတ်လိုက်သည်။ သို့သော် လှေကားမရွေ့ချေ။ ငဘမူကား ထို ဖြူဖြူဖွေးဖွေး ကားယားကြီးကိုသာ အာရုံစိုက်ကာ သူ့ဘက်ပါလာအောင် လှော်တက်နှင့် ယက်ယူသည်။ ဖြူဖြူဖွေးဖွေး ရေဆေးငါးကြီးလို အမလေးဗျ အခါလည်သားကလေး ခြေကားယား လက်ကားယားနှင့် ဗေဒါဖုတ်ပေါ်မှာ ဖားပေါင်စင်းနေပါရော့ ကလား။ အော် ဖထီးတွေကို သနားဖို့ ကောင်းလိုက်တာ။ ဧကန္တခုတ်ရင်း ထစ်ရင်း ၊ ပြေးရင်း လွှားရင်းနှင့် မိခင်ဖခင်လုပ်သူတို့သည် ဤရင်သွေးကလေးကိုပင် ပစ်ခဲ့ရပါပေါ့လား။

“ အော် ဒုက္ခ …ဒုက္ခ ဖွဟဲ လွဲစေ ဖယ်စေ ၊ ဒီကလေးသာ ငါ့ကလေးဆိုလို့ ဆိုလျှင် အမလေး
မိဖော့ရေ နင်ရင်ကွဲပြီး ငါလည်း ရင်ဆို့ရမှာပါကလား။ ယခုတော့ တော်သေးရဲ့ဟဲ့
ကရင် ကလေးနဲ့ တူပါရဲ့ ”

ငဘသည် ကလေးအလောင်းကို လှော်တက်ဖြင့် ပက်လက်လှန်ကြည့်သည်။

“ အောင်မယ် တော်သေးရဲ့ ပူတင်းတောင် မတွက်သေးလို့ ယောင်္ကျားကလေးမှန်း သိရတယ် ၊ ကရင်ကလေးလို့ အောက့်မေ့ပါ။ လက်စသက်တော့ ဗမာကလေးပါ ကလား ”

လမင်း၏ အရောင်အ၀ါသည် အလွန်တရာ မညံလှပါ။ ငဘ၏ မျက်စိသည်လည်း တောနေ မျက်စိဖြစ်၍ ဇဝေဇ၀ါမဖြစ်နိင်ပါ။

“ ဟယ် ငတက်ရယ်..လက်စသက်တော့ ဗမာကလေးပါလား ” ဟု ငဘက ငတက်ကိုလှမ်း၍ အော်ပြောသည်။ ငတက်က ပါးစပ်မှ ဥုံဖွ တို့ကို ရွတ်၍ တအားဆောင့်ကာ တက်ကုန်သုတ်လိုက်ရာ ဖြူဖြူဖွေးဖွေး ရေဆေးငါး အခါလည် သားကလေးမှာ သူ့အဖော် ဗေဒါများနှင့် အတူ သူ့ဘ၀၏ ခရီးလမ်းစကို ရှာရန် အလို့ငှာ ကျန်ရစ်ခဲ့လေသတည်း။

အခြေကား ဆိုသည်ထက် ဆိုးလာသည်။ ထိုကလေး အလောင်းသည် ဗမာကလေးအလောင်းဖြစ်၍ ဗမာ ငဘသည် ကရင်ငဘတို့အပေါ် စိတ်နာသွားလေမလား ။ ငဘမျက်စိထဲတွင် ဗမာကလေး အလောင်းသည် ရစ်ဝဲ၍ နေပါသော်လည်း ငဘစိတ်ထဲ၌ ထိုကလေးသည် ကရင်ကလေး ဖြစ်အံ။ သူ့အဖေ သူ့အမေများသည် ငါ့ထက်ပို၍ စိတ်မကောင်းဖြစ်တော့မှာပဲ ဟူ၍သာ တွေးမိသည်။ ငဘ၏ ဦးနှောက်ထဲသို့ ဘယ်ဇာတိမာန်မှ ၀င်၍ မြှောက်ထိုး ပင့်ကော် မလုပ်ပါ။ ထို့ကြောင့် ငဘကား မတုန်မလှုပ်။ ညည်းတွားစရာ အကြောင်းရှိ၍ ညည်းရာ၌ သည်ပင်လျှင် ခပ်အေးအေး နှင့် ညည်းသည်။

နောက်တစ်နေ့ နံနက်တွင် ဗမာရွာ တရွာ၍ နံနက်စာ စားရန် ဆိုက်ရာ ကရင်နှင့် ဗမာတို့မှာ တသွေးတသံ တမိန့်ထဲကို မျှော်ကာ ရိုက်ပွဲဆင်နွဲနေပြီဖြစ်ကြောင်း ငဘကြားသိရလေသည်။

သည်တစ်ခေါက်မှာမှ ငဘ မြို့သို့ရောက်ဖူးရတော့မည်။ ဘာမျှမသိနားမလည်၍ ငကက်ကို အဖော်လုပ်လာခဲ့သည်။ တစ်လမ်းလုံး စိတ်ရှုပ်စရာတွေချည်း တွေ့ခဲ၊့ မြင်ခဲ၊့ ကြားခဲ့ရသည်။

“ငတက်ရယ် ပထမတော့ ကုလား ၊ တရုတ်ပါပဲ။ နောက်တော့လည်း ကရင်နဲ့လည်း မတည့်ပါဘူး။ ကြာရင် တို့အချင်းချင်းလည်း ဆော်ကြဦးမယ် ထင်ပါရဲ့ကွာ။ မြို့ကျရင်လေ တရုတ်ကော ၊ ကုလားကော ၊ ကရင်ကော ၊ ဗမာကော ဘယ်သူ့မှ ယုံနိင်စရာ ရှိတော့မှာ မဟုတ်ပါဘူး ထင်ပါရဲ့ ငါ့ညီရာ” ဟု ငဘက လေးလေးပင်ပင် ညည်းတွားလိုက်သည်။

“ကဲ့ဟေ့ မြို့ကို မမှောင်ခင် ကပ်နိင်ပါ့မလား” ဟု ငဘက ငတက်ကိုမေးသည်။ “ကြည့်ကပ်တာပေါ့ ကိုငဘရာ” ဟု ငတက်က ငဘကိုပြန်ပြောသည်။
နေ၀င်သည်နှင့် တစ်ပြိုင်နက် မြို့ဦးက စေတီတော်ကြီး ရွှေတွေ ၀င်းနေသည်ကို ငဘဖူးမြော်ရသည်။ ငဘက ဦးအကြိမ်ကြိမ်ချသည်။ သည်ဘုရားမျိုးကို ကုသိုလ်ထူး၍ ဖူးမြော်ရခြင်းဖြစ်သည်။ သည်လို ရွှေပြောင်ပြောင် စေတီရင် ပြင်မှာ ကလင်ကလင်မြည်နေသော ဆည်းလည်းသံကို နာခံရင်း မိဖော့နှင့်တကွ ကလေးတွေ တစ်ပြုံကြီးပါ ဖူးလိုက်ရလျှင် ကုသိုလ်ကို ဘေးဖယ်ထားပြီး မိဖော့၏ မျက်နှာကလေးကို မြင်လိုက်ရတာနှင့်ပင် အမောပြေလောက်ပါရဲ့။

“ကိုငဘရေ မဖြစ်ဘူးထင်တယ် ၊ ကမ်းဦးမှာ သေနတ်တွေတကိုင်ကိုင်နဲ့ လူစုလူဝေးတယ်ကောင်းတယ်။ မနက်မှပဲ ကပ်ကြစို့” ဟူ၍ ငတက်က စိုးရိမ်းတကြီးပြောလိုက်၍ ငဘစိတ်ထဲ၌ ခဏတဖြုတ် မြင်လိုက်ရသော မိဖော့မျက်နှာမှာ ပျောက်ကွယ်သွားသည်။

ငဘမှာ ငတက်အားကိုးဖြစ်၍ သူအကြံပေးသမျှကို ဦးမလေးပဲ လိုက်နာရန် အသင့်ရှိနေသည်။

ထို့ကြောင့် ရွှေစေတီကလေးကို ပြပြမျှ မြင်ရသော အရပ်က နေ၍ ငဘသည် တစ်ညခိုနေရသည်။
နံနက်လင်းပြန်သော ငဘ၏ လှေကလေးမှာ ကြောက်ဆုတ် ၊ ကြောက်ဆုတ်နှင့် မြို့သို့ ကပ်လေသည်။ အချိန်မှာ ဝေလီဝေလင်း အချိန်ဖြစ်သည်။ ငိုက်မြည်းသော ကင်းသမားတို့က ထုံးစံအတိုင်းစစ်မေးသည်။ ငဘမှာ ထုံးစံအတိုင်း “သခင်မျိုးဟေ့” ဟု တိုင်သံကြားလျှင် ခေါင်းနပန်းကြီးကြီး သွားတတ်သောကြောင့် ငတက်က “တို့ဗမာ” ဟု အသံဖောက်သည်။ ပြီးလျှင် သူတို့မြို့သို့ လာရောက်ရသော အကြောင်းတို့ကို ပြော၍ ဟော်ရီးကို တွဲကာ ကမ်းနားဆိပ်သို့တက်သည်။

“မင်းတို့နှယ်ကွာ ၊ ကာလကြီးပျက်မှ ရှုပ်ရှုပ်ယှက်ယှက် ဆေးရုံလာနေရသေးသလား ၊ ဂတ်တို့ ရုံးတို့ မရှိတော့ဘူးကွယ့် ၊ ခုလည်း မြို့ကို ကရင်တွေ ၀ိုင်းမယ်လို့ သတင်းရတယ်” ဟူ၍ ကင်းသမားတစ်ယောက်က ပြောသည်။

“ဒဏ်ရာက ဟက်တက်ကြီးမို့ တောမှာ ဘယ်လို ကုနိင်ပါ့မလဲ အစ်ကိုရာ” ဟု ငဘက ပြန်ပြောသည်။

တဖက်ကမ်းမှ သေနတ်သံ တချက်ကြားရသည်။
မြို့၏ တောင်ဘက်ပိုင်းစီမှ ရုတ်ရုတ် ရုတ်ရုတ်နှင့် လူသံတွေ ကြားရပြန်သည်။ မြို့ဘက်က သေနတ်သံတချက်တုံ့ပြန်လိုက်သည်။ ငဘအဖို့ ထိုအသံသည် ၀ရဇိန်လက်နက်သံဟူ၍ ထင်မှတ်မိသည်။

“ကရင်တွေ တက်လာပြန်ပြီဟေ့” ဟု တခဲနက် အော်သံကြားရပြန်သည်။ သေနတ်သံတို့လည်း မိုးမွှန်သွားချေပြီ။ ကင်းသမားတို့လည်း မြေ၌ ၀ပ်နေကြရသည်။ ငဘ ၊ ငတက် ၊ ဟော်ရီးနှင့် ကုလားလေးတို့မှာ ဒီလုံးခဲပုံနောက် ၀င်၍ ပုနေကြရသည်။ တောင်ဘက်ကမ်းမှ မီးခိုးတွေ တက်လာသည်။ ရွာတန်းရှည်ကြီး တောင်ဘက်မှ မီးခိုးလုံးသည် ကြီးမား၍သာ လာပြီးလျှင် မြောက်ဘက်ရှိ အိမ်များဆီသို့ ကူးသည်။

နံနက်ခင်း မြူမှုန်တွေ ထနေစဉ် အပူဓာတ် အခိုးအငွေ့များကြောင့် ကောင်းကင် တပြင်လုံးမှာ မှိုင်းဝေေ၀ဇာတ် ခင်း၍နေသည်။
မြို့ဘက်က နှစ်လုံးပြုး သေနတ်သံမှာ တဖောင်းဖောင်း မြည်နေသည်။ တဖက်ကမ်းမှ ရိုင်ဖယ်ကျည်ဆံတို့မှာ ရွှီခနဲ မြည်၍ လူအများ ခေါင်းပေါ်မှ ကျော်သွားသည်။

“ ဒိုင်း ၊ ရွှီ ၊ ဖောင်း ၊ ဗုန်း ” ဟူ၍ အုန်းခြိမ့်ခြိမ့်ညံနေသော အသံတို့မှာ ဦးသောဘိတ မယ်တော် ပျံတုန်းက ဒုံးတိုက်တာထက် ပြင်းပါကလားဟု ငဘအောက့်မေ့သည်။

အသံတွေ အနည်းငယ် စဲသော် တဖက်ကမ်းမှ မီးလုံးကြီးများ တက်လာ၍ ရွာအိမ်တန်းကြီးမှာ တစ်အိမ်မျှပင် မကျန်ဟု ဆိုစလောက်ပင် လောင်ကုန်သည်။
ငဘလည်း အသံတွေအစဲတွင် ဟော်ရီးကိုတွဲ၍ ဆေးရုံသို့ ခပ်သုတ်သုတ် ခြေပြင်းနှင်ခဲ့သည်။ လမ်းတစ်လမ်းလုံး ငဘမှာ ဒဏ်ရာရသူနှင့် လားလားမျှမတူ။ သုတ်ချက်သား ကောင်းလှသည်။ ဆေးရုံရောက်၍ ဆေးထည့်ခန်း ၀င်မိလေသော် သူ၏ဒဏ်ရာသည် ဟော်ရီးရသော ဒဏ်ရာထက်ပင် စိုးရိမ်စရာ ကောင်းဘိသကဲ့သို့ သံမတလင်းကြမ်းပြင်ပေါ်တွင် ငဘသည် ခွေယိုင်လဲပြို၍ ကျသွားပြီးလျှင် လေးလုံးခြောက်ဖက် အတ္တဘောကြီးမှာ မေ့မြော၍ သွားလေသတည်း။

Wednesday, July 8, 2009

အခန်း (၈) လူစားခြင်း

အခန်း (၈) လူစားခြင်း

"တစ်ခါဖြင့် ခက်ကြပြီ ကိုသာအောင်ရေ့ ၊ ကျွန်မတို့သားအမိတစ်တွေမှာ သူမှမရှိလျှင် အကျိုးကြီး နည်းကရောပေါ့၊ ကြည့်လုပ်ပေးပါဦး"ဟု မျက်ရည်စက်လက်နှင့် မိဖော့က ဆယ်အိမ်မှူးကို ပြောလိုက်၏။ "ခက်တာပဲ မိဖော့ရယ်၊ ငါလဲ ဆယ်အိမ်မှူးတို့၊ ရာအိမ်မှူးတို့ ဆိုတာ မလွှဲသာလို့ ၀င်လုပ်ရတာပါဟယ်၊ ငါဘာမျှမသိပါဘူး၊ ပုလိပ်တွေနဲ့ ဂျပန်တွေ ရွာထဲဝင်လာပြီး မင်းတို့ဆီက ချွေးတပ်အတွက် လူအစိတ်ပေးရမယ်ဆိုပြီး ငါ့ခေါ်သွားလို့ လိုက်လာတာပဲ။ မင်းတို့ကိုငါက သတိပေးဖို့ရာမှာ နင့်လင်ကိုက ပုလိပ်တွေရှိရာ ပြေးတာကိုးဟဲ့"
"သူလဲ ကျွန်မ ဆွဲထားပါရဲ့ ၊ ဂျပန်လို့ကြားတာနဲ့ သွေးရူးသွေးတန်း ဖြစ်သွားတာပဲ၊ အဲဒါ ကြည့်လုပ်ပါဦး"
"နေဦးဟဲ့၊ သူတို့နဲ့အတူ မြန်မာစကားပြန်တစ်ယောက် ပါလာတယ်။ အရင်ကတော့ နင်တို့ကွင်းထဲမှာ သခင်ဥက္ကဌဆိုလား၊ ဘာဆိုလားပဲ"
မိဖော့က ဖြိုးတုပ်များ ဖြစ်နေမလားဟု တွေး၍ပူမိ၏။ သို့သော် ကိုသာအောင်ညွှန်ရာသို့ပင် သွားရချေမည်။ ဖြိုးတုပ်ပင် ဖြစ်စေကာမူ ခြေသလုံးဖက်သင့်ကဖက်မည်။
ချွေးတပ်မှ ဂျပန်မှာ ထိုအချိန်အခါတွင် ကျေးရွာစာသင်ကျောင်းကို ဗိုလ်တဲပြုလုပ်ကာ အဖော်ဂျပန်တစ်ယောက်နျင့် တည်းခိုနေသည်။ သူတို့နျစ်ဦးအား ဆေးပေးမီးယူ ခြေသည်းလက်သည်းလုပ်နေရသူမှာ ဖြိုးတုပ်ပင်ဖြစ်သည်။

မိဖော့လည်း ဖြိုးတုပ်ကိုမြင်သော် မျက်နှာချိုသွေးရလေသည်။ ဖြိုးတုပ်က အကြံအောင်သော မျက်နှာထားဖြင့် "ဘာကိစ္စလာသတုံးဗျ"ဟု ပြုံးပြုံးကြီး ဆီးမေးသည်။ မိဖော့က "ကိုဖြိုးတုပ်ကယ်၊ ပြီးခဲ့တာတွေ ဘယ်လိုမှ မအောက်မေ့ပါနှင့်နော်။ ကျွန်မတို့ သားအမိတစ်တွေကို ကယ်ပါ။ ရှင်လဲ ဗမာပဲရှင်၊ ကျွန်မတို့ကို ကယ်သင့်ပါတယ်"ဟု အသနားခံ၏။

ဖြိုးတုပ်က သူကြည့်လုပ်ပါမည်ဟု ပြောသည်။ ဗိုလ်ကြီးမာ့စတားက သဘောကောင်းပါသည်။ ငဘ၌ သားသမီးများရှိလျှင် သားသမီးများက ကိုယ်တိုင်လာ၍ ကျွန်တော်ကျွန်မတို့ အဖေတစ်ယောက်တည်းကိုသာ မှီခိုရပါသည်ဟု သနားလောက်အောင်ပြောလျှင် လွတ်နိုင်ပါသည် ဟု ဆို၏။

မိဖော့က သည်အကြံသည် အကြံကောင်းဖြစ်သည်ဟု ယုံကြည်လိုက်သည်။ သည်လိုဆိုလျှင် မိနီကိုခေါ်လာလျှင် မကောင်းပေဘူးလား။
ဖြိုးတုပ်က အချိုရှာတုန်း ထန်းလျက်အိုးထဲ မှောက်ရက်လဲသည့် အမူအရာကို မိဖော့ မရိပ်မိရအောင် မျိုသိပ်လျက် "ကောင်းသားပဲ"ဟု ဆို၏။

"ဗိုလ်ကြီးမာ့စတားက ညနေငါးနာရီလောက်ဆိုရင် ထမင်းစားတယ်။ အဲဒီတော့ ခြောက်နာရီ၊ ခုနစ်နာရီ၊ မှောင်လောက်မှ လာတာပေါ့"

မိဖော့လည်း အိမ်သို့ပြန်၍ မိနီကို အကျိုးအကြောင်းပြော၏။ ညနေ မမှောင့်တမှောင်တွင် နို့စို့ကလေးကို ခါးထင်ခွင်တွင်ချီကာ မိနီနျင့်အတူ သားအမိနျစ်ယောက် ဖြိုးတုပ်ထံ လာလေသည်။ ဖြိုးတုပ်က သူတို့ သားအမိကို ကျောင်းအောက်၌ အစောင့်ခိုင်းထားသည်။ သူကမူကား ဂျပန်တွေနှင့် စကားပြောနေသည်။ မိဖော့ စောင့်ရတာ ခြေသလုံးတောင့်လှပြီဟု ညည်း၏။ မိနီက "အမေရယ်၊ ဒီလောက်မှောင်မှ ဟန်ပါ့မလား။ ကျွန်မဖြင့် ရင်ထဲက ဖိုနေတာပဲ"ဟု မဦးမချွတ်ပြော၏။

မိဖော့က သည်တော့မှ တွေးမိသည်။ အချိန်မရှိတုန်းမှာ ဂျပန်ဆီရောက်လို့ ဂျပန်က သမီးကိုဆွဲထားလျှင် ဘယ့်နှယ်နေမလဲ။ သြော်... လယ်သမားသားသမီးဆိုတော့ အနှိပ်စက် တယ်ခံရပါကလား။ သည်လောက်လဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူးလေ။ ငါအရှိသားပဲ။ ကိုငဘလွတ်ဖို့က အင်မတန်အရေးကြီးတယ်။ အဖမ်းခံရတုန်းက သူ့မျက်နှာလေးက သေလို့။ ကင်းဂတ်ထဲမှာ ချြုပ်ထားတာ မြင်ရပြန်တော့လဲ မျက်နှာငယ်ကလေးနဲ့။ ဟယ်... နတ်ကောင်းနတ်မြတ်တွေ အရှိသေးသားပဲ။
"အမေရယ်၊ ကျွန်မ သိပ်စိတ်လေးတာပဲ"ဟူသော မိနီ၏စကားသည မိဖော့၏ နှလုံးသားတို့ကို ဆွဲ၍ဆောင့်လိုက်၏။
"ဒီလောက်တောင် ဖြစ်လှတယ်၊ သမီး ထ- ထ- သွားမယ်"ဟု မိဖော့က ကောက်ကာငင်ကာ ပြောလိုက်၏။

သားအမိနှစ်ယောက် ထလိုက်၏။ လှေကားမှ ကျွိကျွိမြည်သံကြားပြီး ဘွားခနဲ လူတစ်ယောက် ပေါ်လာသည်။ မိဖော့တို့ သားအမိ တစ္ဆေအခြောက်ခံရသလို ခေါင်းနားပန်းကြီးသွားသည်။ လူကိုသေချာစွာကြည့်သော် ဖြိုးတုပ်ဖြစ်နေသည်။ သူ့ပါးစပ်က ဆာကေနဲ့ လှိုင်နေသည်။
မိဖော့က သမီးကလေးလက်ကို တုပ်ဆွဲပြီး ကျောင်းအောက်က ထွက်ပြေးမည်ပြု၏။

"ဟဲ့- ဒါဘာလုပ်တာလဲဟင်၊ နင် ဒီလိုလုပ်ရင် ဂျပန်တွေစိတ်ဆိုးလို့ တစ်မျိုးလုံး သေကုန်လိမ့်မယ်၊ လာ-မိနီ၊ နင့်အမေ အောက်က စောင့်နေလိမ့်မယ်။ ခဏကြာရင် ပြန်ရမှာပဲ၊ အခု ဂျပန်ကြီးက နင့်အဖေအကြောင်း စစ်ကြည့်မလို့တဲ့"ဟု ဖြိုးတုပ်က ပြောပြောဆိုဆိုနှင့် မိနီကိုလက်ဆွဲကာ ကျောင်းပေါ်တက်သွားလေ၏။

မိဖော့ကား ကျောင်းအောက်တွင် အမှောင်ကို အဖော်ပြုကာ ကျန်ခဲ့လေ၏။
တန်ဆောင်မုန်ါ်၊ နတ်တော်၊ ကောက်လှော်စားသော ရာသီတွင် ကောင်းကင်ပြင်၌ မိုးရိပ်တိမ်ရိပ် နှင်းရိပ်ကလေးတွေက မကင်းသေး။ လ,ကလည်း ကွယ်ဖို့ သုံးရက်မျှပဲ လိုတော့သည်ထင့်။ ရွာတန်းရှည်ကြီးမှလည်း ခေတ်ပျက်ကြီးတွင် ရေနံဆီဝအောင် မထွန်းရသေးသောကြောင့် အလင်းရောင်တစ်ချက်မျှမထွက်။

ထို့ကြောင့် လောကဓာတ်တစ်ခွင်လုံးမှာ အမိုက်အတိသာလျှင် ဖြစ်ဘိ၏။

အချိန်သည် ပက်ကျိကဲ့သို့ တရွေ့ ရွေ့  တွားသွားနေသည်။ ကျောင်းပေါ်မှ ပုလင်းသံ ဖန်ခွက်သံများ ကြားရ၏။ တစ်ချက်တစ်ချက် ကြမ်းကြားမှ အလင်းရောင်တစ်ခု အမျှင်တန်းပြီး အောက်သို့ထိုးစိုက်ကျလာ၏။ သို့သော် အမိုက်ကို မတိုးနိုင်သဖြင့် ဖြုတ်ဆို ရုပ်သိမ်းလိုက်၏။ မိဖော့စိတ်ထဲ၌ မှန်အိမ်ကို အခန်းတစ်ခုထဲသို့ ဆွဲသွင်းလိုက်ပြီဟု ထင်၏။ ဖိနပ်သံများ ထိုအခန်းဆီသို လျှောက်သွားသည်ကို ကြားရ၏။ ကြမ်းပြင်ပေါ်ကို ရှပ်ရှပ် ရှပ်ရှပ်နှင့် ဆုတ်ဆုတ်ဆိင်းဆိုင်းလျှောက်သံ ဖြစ်၏။ ဂျပန်စကားပြောသံလိုလို တိုးချည်တစ်ခါ ကျယ်ချည်တစ်လှည့်။ သို့သော စကားလေးလုံးမကွဲ။
အမှောင်ထုသည် ပို၍ကြီးမားလာ၏။ ဆိတ်ငြိမ်ခြင်းလည်း အမှောင်ကို လည်ပင်းဖက်ကာ အဖော်လုပ်၍ပါလာ၏။ စကားသံများ စဲသွားလေပြီ။ အခန်းမှလူတစ်ယောက် ထွက်လာသောခြေသံ ကြားရ၏။

သင်းတို့ ငါ့သမီးကလေးကို ဘာများလုပ်နေပါလိမ့်မလဲ။ မိဖော့စိတ်ထဲ ရိုးတိုးရွတဖြစ်လာ၏။ လှေကားမှ ခြေသံမကြားအောင် တက်ကြည့်၏။ ဟိုက်- ကိုယ်ကျိုးနည်းရချည့်။ လှေကားဝက တံခါးကလဲ ကလန့်ထိုးထားပါကလား။ မိဖော့က တစ်ဖန် လှေကားမှ ခတ်သုတ်သုတ်ဆင်းပြီး အသံကြားရာ အခန်းအောက်မှနေ၍ နားစွင့်ပြန်၏။

ညှစ်သံကလေးတစ်ခု ဟီး-ဟီး ပေါ်ထွက်လာပြန်သည်။
ငိုသံလား၊ ရှိုက်သံလား၊ မိနီငိုရင် ဒီလိုငိုတတ်တာပဲ။ အမယ်လေးတော်၊ တကတဲ၊ တအိအိနဲ့ အသံကတော့ မိနီအသံပါပဲ။
"ငါ့သမီးကလေးကတော့ လူဖြစ်ရှုံးပါပြီ"ဟု စိတ်ထဲကကျိတ်၍ အော်လိုက်ပြီး ခေါင်းပေါ်မှပ၀ါကို အသာယူ၍ မျက်ရည်သုတ်၏။ ခါးထစ်ခွထားသောကလေးက အဲ့-အဲ့ နှင့်မြည်၍ လှုပ်လိုက်သဖြင့် အသံမထွက်အောင် ကျွတ်ကျွတ် ကျွတ်ကျွတ်နှင့် ညည်းကာ ကလေးကို ချော့သိပ်၏။ ထိုအတွင်း အိနပ်သံ တဂေါက်ဂေါက်နှင့် နုံးချည့်ပြီး တဂွတ်ဆွဲလာသော အသံတစ်ခု အခန်းဆီမှ လှေကားပေါက်ဆီသို့ ရောက်လာ၏။ ဂျပန်နှစ်ယောက် စကားပြောနေကြသည်ကို ကြားရသည်။
ဂလောက်ဟု အသံတစ်ခု ထွက်လာပြန်သည်။
အပေါ့သွားတာလား။ ဟာ- မဟုတ်သေးဘူး။ ကရားထဲက လက်ဖက်ရည်ကြမ်းကို ပန်းကန်လုံးထဲထည့်သံပဲ။

ထို့နောက် ဖိနပ်သံ တဂေါက်ဂေါက်နှင့် လှေကားဘက်ဆီမှ အခန်းဘက်ဆီသို့ ဂျပန်တစ်ယောက် ထွက်သွားသည်ကို ကြားရပြန်သည်။ သူ့ခြေသံက စောစောက ခြေသံနှင့်မတူ။ ခပ်သါက်သွက်ပဲ။ ဘုရား... ဘုရား။

မိနီအပေါ် အခြေတည်၍ လယ်သမားလင်မယားနှစ်ဦးတို့သည် လောကနိဗ္ဗာန်ကြီးကို စိတ်ကူးတွင် ဖန်ဆင်းခဲ့သည်။ မိနီကို လင်ပေးစားပြီးလျှင် သမက်ကို အားတစ်ခုပြုကာ လင်မယားနှစ်ဦး အိမ်ခေါင်းရင်းက အမြိုင့်သားထိုင်၍ အနားယူရတော့မည်။ သို့သော် သားသမက်ကလေးရတာနှင့်ပဲ တစ်သက်လုံး အြိမ်းစားနေဖို့ ကြံရွယ်တာမဟုတ်ဘူး၊ ခေတ်ပျက်ကြီးထဲမှာ ဒုက္ခသုခတွေများလှတော့ ခဧတဖြုတ်လောက် အနားယူဖို့ပါပဲ။ တကယ်ဆိုတော့ သမက်နှင့် သမီးတို့အတွက် ဦးသာဂေါင့်ဆီက လယ်တစ်ပွဲထပ်ငှားပြီး နှစ်ဦးပြိုင်တူလုပ်ကြမှာပဲ။ သည်လိုဆိုလျှင် တစ်နှစ် စပါးနှစ်ရာပိုမည်။ စပါးနှစ်ရာဆိုလျှင် အဖျင်းဆုံး ငွေနှစ်ရာ။ ဆယ်နှစ်ကို နှစ်ထောင်။ အဲသည် ငွေနှစ်ထောင်နှင့် လယ်တစ်ပွဲ ထပ်ဝယ်လိုက်လျှင်...

လေသံက ရှဲရှဲ ရှဲရှဲ မြည်လိုက်သည်။ မိဖော့ခေါင်းပေါ်က ဂျပန်ကလည်း ဟဲဟဲ ဟဲဟဲ ဟု ရယ်လိုက်သည်။ ရှိုက်သံမှာ ပိုမိုထင်ရှားလာသည်။ မိနီရှိုက်ပုံနှင့်တော့  တထေရာတည်းပါပဲ။

"ဟုတ်ပါပြီ။ ငါ့သမီးကတော့ ရေတိမ်မှာနစ်ရပါပေါ့လား။ အမယ်လေးသမီးရဲ့  ၀ဋ်ရှိသမျှ ခံရပါပကော" စသည်ဖြင့် အသံထွက်မိမှ မထူးတော့ဘူးဟူသောအနေဖြင့် အားပါးတရ ငိုလေ၏။

လှေကားမှ ခြေသံပြင်းပြင်းနင်း၍ လူတစ်ယောက် ဆင်းလာ၏။
"ဟဲ့...ဟဲ့ မိဖော့ရဲ့  ဘာဖြစ်တာလဲ"
"အမလေး တို့ဗမာကြီးရဲ့ ၊ သခင်ကြီးရဲ့ ၊ ကိုဖြိုးတုပ်ကြီးရဲ့ ။ ကျုပ်သမီးကလေးကို တော်တို့ ဘယ့်နှယ်လုပ်နေကြတာတုံး။ ဟီး...ဟီး"

"အို- ကိစ္စမရှိပါဘူး။ ခင်ဗျားသမီးကို လက်ဖျားနဲ့တောင် မတို့ပါဘူးဗျ။ ဗိုလ်ကြီးကြားရင် သေကုန်ပါလိမ့်မယ်"

"အမလေး-သေ-သေ။ ကျုပ်သမီး ရေတိမ်နစ်တဲ့နောက် မထူးပါဘူး။ မှန်း-ဖယ် ကျုပ်ကိုယ်တိုင် တက်ခေါ်မယ်"
ဖြိုးတုပ်က လှေကားရင်းက လက်ကာ၏။ မိဖော့က အတင်းရုန်းတက်ရန် ကြိုးစား၏။ နှစ်ဦးသား ဗလုံးဗထွေးဖြစ်နေခိုက် တဘက်ကလေးကိုခြုံ၍ ဖိုသီဖတ်သီဖြင့် ကလေးမငယ်တစ်ဦး ဆင်းလာ၏။

ဝိုးတိုးဝါးတား မထင်ရှားသော ကလေးမက "လာ- အမေ"ဟု ခေါ်ကာ မိဖော့လက်ကိုဆွဲ၏။
"အမလေး... သမီးလား... မိနီ လုံမလေး"
မိနီက ဘာမျှပြန်မပြော။ ဖြိုးတုပ်လက်မှလွတ်အောင် မိဖော့ကို ကပျာကသီဆွဲ၍ ဥယျာဉ်ဘက်ဆီသို့ စိတ်မှန်းနှင့် ထွက်ခဲ့၏။
လမ်းတွင် မိနီက မိဖော့ကို ဖက်၍ငိုသည်။ မိဖော့ကလည်း မိနီ၏ပခုံးပေါ်တွင် သူ့မေးကိုမှေး၍တင်ပြီးလျှင် ရှိုက်ကာရှိုက်ကာငို၏။

"ဘာဖြစ်လာတာတုံး သမီးရဲ့ "ဟု အော်၍မေးလိုက်ချင်၏။ မေးကား မမေးရက်။ ပုစွန်ဆိတ်ကလေးလို ခုန်နေသော မိနီ၏ရင်ကလေးကလည်း "မမေးပါနဲ့တော့ အမေရယ်"ဟု ပြောကာ ဟန့်တားနေဘိသကဲ့သို့။ မိနီ၏ ချွေးပြန်နေသော ကိုယ်ခန္ဓာမှ မပြယ့်တပြယ်ဖြစ်သော "ဆာကေး"နံ့ကလေးလည်း မမေးခင်ကပင်လျှင် မဖြေမှန်ကို ပေးနေသည့်ပုံပမာ။

အို- အဆွေ နတ်ကောင်းနတ်မြတ်တို့ သင်တို့ကို ယုံစားမိ၍ ငါးပါးကြီးမှောက်ရချေပြီတကား။
အလင်းရောင်နှင့် ပနံမစားတော့ပြီဖြစ်သော ကံဆိုးမသားအမိနှစ်ယောက်မှာ အမှောင်ကိုခိုကာ ဥယျာဉ်သို့ပြန်ကြလေ၏။
အိမ်၌ ကလေးတွေချည်း ထားပစ်ခဲ့ရသည်။ မိနီအောက် ကျွဲကြီးမှာ ကလေးချော့တတ်သည်။ သို့သော် မိဖော့တို့ သားအမိသွားသည်မှာ အတန်ကြာသောကြောင့် နို့စို့ကလေးအထက် အကြီးက "အမေရေ- အမေရေ"နှင့် တ၍ ကျယ်လောင်စွာငိုနေသည်။ သို့သော် တစ်ယောက်သောသူက ကျနစွာ ကလေးချော့နေသည်။

သားအမိနှစ်ယောက် တဲပေါ်အပြေးကလေးတက်သွားသည်။ ကလေးချော့်နေသူမှာ ချက်ကြီးဖြစ်သည်ကို တွေ့ရသောအခါ နှစ်ဦးသား မျက်နှာအမ်းသွား၏။ နှစ်ဦးသားရင်ထဲတွင် ဆို့သွား၏။

မိဖော့က နို့စို့ကလေးကို အခန်းထဲသွင်း၍ အရင်သိပ်၏။ ပြီးမှ ငိုနေသော င၀က်ကို ချက်ကြီးလက်မှယူ၍ အခန်းထဲသွင်း၏။

မိနီကား မီးဖိုချောင်ဝတွင်ထိုင်ကာ ချက်ကြီးကိုကြည့်ရင်း မှိုင်လျက်နေမိ၏။
ချက်ကြီးက ဘယ်သူအရင်စ၍ စကားပြောမည်ကို စောင့်စားကြည့်နေဟန်တူ၏။ သို့သော် ကြာကြာမစောင့်နိုင်သည့်အတူတူ ငါကပဲစပြီး စကားပြောလိုက်မှပဲဟူသော အကြံဖြင့် ခါးပန်းပေါ် ခြေပစ်၍ထိုင်နေရာမှ ထပြီးလျှင် ဆီမီးခွက်နားကပ်၍ မီးညှိ၏။ ညှိရင်း မိနီဘက်သို့ မျက်ဆန်ကို မျက်လုံးထောင့်တွင်ကပ်၍ မိနီကို ခိုးကြည့်မိ၏။

အလို- မှိုင်လို့ပါကလား။ စောစောကလဲ ဂျပန်တွေဆီသွားတယ်။ အချိန်မတော်မှလဲ ပြန်လာတယ်။ မျက်နှာကလဲ မကောင်းဘူး။ ငါကတော့ ၀မ်းသာစရာသတင်းကြီးကို ပို့မလို့လာတာပဲ။ ချက်ကြီးက သို့လော သို့လော ယုံမှားတွေးတောကာ သူ့စိတ်ထဲ ချီတုံချတုံ ဖြစ်နေသည်။

ဆံတိုလေးနှင့် ကိုချက်ကြီး၏ပါးကို မီးရောင်ဟပ်နေသည်မှာ ကျက်သရေ ရှိလှသည်။ ကြည့်လို့မ၀နိုင်ပါတကား။ သည်လိုချည့် တစ်သက်လုံးကြည့်နေရလျှင် လောကကြီးဟာ ပျော်စရာကြီးပေါ့။ ခုတော့ သည်လိုမဟုတ်ဘူးနော်၊ သူကတော့ နေ့လယ်ကပြောလိုက်တဲ့ စကားအရ ၀မ်းသာအားရ လာပြောတဲ့လက္ခဏာပဲ၊ နို့ပေမယ့် မိနီကလေး ရှုလို့မ၀နိုင်တဲ့ ကိုချက်ကြီးရေ့ ... ဒီတစ်ခါတော့ လွဲပြီ။ ကျွန်မလေ ကိုချက်ကြီးနဲ့ မတန်တော့ဘူး။
ချက်ကြီးပါးစပ်မှ ဆေးပြင်းလိပ်တိုမှာ လွတ်ထွက်သွားသည်။
"မိနီ ဘာတွေပြောနေတာလဲ"ဟု ချက်ကြီးက အနားကပ်၍မေးသည်။
မိနီက သည်တော့မှ သူ့အတွေးနှင့်သူ တွေးနေရာမှ ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်ကို သိရသည်။ သိရတော့မှ ရှိုက်ကြီးတင် ငိုလိုက်သည်။

ချက်ကြီးသည် မိနီ၏ ရှိုက်သံငိုသံတို့အကြားမှ ဆောင့်၍ဆောင့်၍ထွက်လာသော စကားတို့ကို မလှုပ်မယှက် နားထောင်နေရသည်။ ပထမတစ်ခွန်းလောက်က အသည်းဖျားကို အပ်နှင့်ဆွလိုက်သလို၊ နောက်တစ်ခွန်းက အသည်းထဲ ကျွဲဝင်ခတ်သလို၊ နောက်ဆုံးတစ်ခွန်းကျတော့ အသည်းထဲ ကျွဲတစ်အုပ်လုံး ၀င်သွားကရောထင်ပါရဲ့ ။ ရင်ကို မနည်းကြီး မ,ထားရသည်။

တောသူဆိုတော့ စကားပရိယာယ်မသုံး။ ပရိယာယ်ဆိုတာဟာ လိမ်တာဖြစ်သည်။ ဟုတ်သလောက် ဗြောင်ဖွင့်ပြောရတာက အရသာရှိသည်။ တန်ဖိုးရှိသည်။ လူလိုပြီး နတ်ကြိုက်သည်။ အမှန်ဆိုသည့်စကားမှာ နားမခံသာ။ မခံချင်လို့ရှိလျှင်လဲ လဲသေရုံပေါ့။ ဟုတ်တာတော့ ပြောရမှာပဲ။

"အဲဒါပဲတော့။ ကျုပ်တော့ အရင်းတိုင်း ပြောတာပဲ၊ တော်ကျုပ်ကို တော်ယူချင်မှယူ၊ ကျုပ်ဘယ်လိုမှ မအောက်မေ့ဘူး။ တော်မယူရင် ကျုပ်လဲ တစ်သက်အိမ်ထောင်မပြူတော့ဘူး"ဟု မိနီက တုံးခနဲ တိခနဲ ပြောလိုက်သည်။

ချက်ကြီးက ကျောက်ရုပ်ကြီး အသက်ဝင်လာသလို ဗြုန်းဆို မိနီ၏ကိုယ်ကို ဖက်လိုက်၏။ မိနီတစ်ကိုယ်လုံး ပျောက်သွားအောင် ရင်ဘတ်ထဲ ဆွဲသွင်းလိုက်၏။ မိနီ၏ပါးပေါ်မှ တလိမ့်ခေါက်ကွေးကျလာသော မျက်ရည်တို့ကို သူ့နှာခေါင်းနှင့်လှိမ့်၍ အားပါးတရ သိမ်းကျုံးရှိုက်ရှူလိုက်သည်။ မိနီက ခေါင်းကလေးကို မော့၍ပေးသည်။ စပယ်ဖူးကလေးကို မခူးရက်၍ အရိပ်တကြည့်ကြည့်နေခဲ့ရာမှ သူများက ကိုယ့်ထက်ဦးသွားတော့ ကြိတ်မနိုင်ခဲမရနှင့် စပယ်တစ်ရုံလုံး၏ အရိုးနှင့်အရွက်ကိုသာ သိမ်းကျုံးပွေ့ပိုက်နေလိုက်ရဘိသို့။

ချက်ကြီးလည်း ဗြုန်းဆို မိနီကို လွှတ်လိုက်သည်။
တောက်ပြောင်၍ အာသာမပြေသည့် ချက်ကြီး၏ မျက်လုံးများက မိနီကို အစိမ်းလိုက်ဝါးစားသည်မှာ ချွတ်ချွတ်မမြည်ရုံတမယ်သာကျန်သည်။

နောင်တစ်ခဏအဖို့၌ ချက်ကြီးသည် အိမ်ပေါ်မှ လွှားခနဲ ခုန်ဆင်းကာ မှောင်ထဲ၌ ပျောက်ကွယ်သွားသည်။
ဖအေ့အတွက် အရှက်ကို စွန့်ခဲ့ရသည်။ ယခု ချက်ကြီးကို စွန့်ရပြန်ပြီ။ ဘာပဲစွန့်ရစွန့်ရ ဖအေကြီးလွတ်ရင် ပြီးတာပါပဲ။
စွန့်ရကျိုး နပ်ပါပြီ။
သြော်... ကံဆိုးလှချည့် မိနီလေး။
နင်- သည်လိုပုန်းလျှိုးဝှက်လျှိုး အာဇာနည်အဖြစ်နှင့် မိန်းမတကာကို တန်ဖိုးအထားဆုံးအရာကို စွန့်လိုက်သည့်အချိန်မှာ နင့်ဖခင် ငဘသည် ချွေးတပ်သားအစိတ်လောက်နှင့် ဆိတ်ကြီးကုန်းကမ်းက ခွာပါပကော။
- - -


အခန်း (၉) ဂျပန်မျိုးဖြုတ်နည်း



အခန်း (၁၀) တိုင်းပြည့်ရန်သူ



အခန်း (၁၁) ကြယ်နီရောင်တောက် နေရောင်ပျောက်



အခန်း (၁၂) ကုလားမခြင်းတောင်း



အခန်း (၁၃) ငဘ၏ အောင်ပွဲ