Wednesday, July 8, 2009

အခန်း (၈) လူစားခြင်း

အခန်း (၈) လူစားခြင်း

"တစ်ခါဖြင့် ခက်ကြပြီ ကိုသာအောင်ရေ့ ၊ ကျွန်မတို့သားအမိတစ်တွေမှာ သူမှမရှိလျှင် အကျိုးကြီး နည်းကရောပေါ့၊ ကြည့်လုပ်ပေးပါဦး"ဟု မျက်ရည်စက်လက်နှင့် မိဖော့က ဆယ်အိမ်မှူးကို ပြောလိုက်၏။ "ခက်တာပဲ မိဖော့ရယ်၊ ငါလဲ ဆယ်အိမ်မှူးတို့၊ ရာအိမ်မှူးတို့ ဆိုတာ မလွှဲသာလို့ ၀င်လုပ်ရတာပါဟယ်၊ ငါဘာမျှမသိပါဘူး၊ ပုလိပ်တွေနဲ့ ဂျပန်တွေ ရွာထဲဝင်လာပြီး မင်းတို့ဆီက ချွေးတပ်အတွက် လူအစိတ်ပေးရမယ်ဆိုပြီး ငါ့ခေါ်သွားလို့ လိုက်လာတာပဲ။ မင်းတို့ကိုငါက သတိပေးဖို့ရာမှာ နင့်လင်ကိုက ပုလိပ်တွေရှိရာ ပြေးတာကိုးဟဲ့"
"သူလဲ ကျွန်မ ဆွဲထားပါရဲ့ ၊ ဂျပန်လို့ကြားတာနဲ့ သွေးရူးသွေးတန်း ဖြစ်သွားတာပဲ၊ အဲဒါ ကြည့်လုပ်ပါဦး"
"နေဦးဟဲ့၊ သူတို့နဲ့အတူ မြန်မာစကားပြန်တစ်ယောက် ပါလာတယ်။ အရင်ကတော့ နင်တို့ကွင်းထဲမှာ သခင်ဥက္ကဌဆိုလား၊ ဘာဆိုလားပဲ"
မိဖော့က ဖြိုးတုပ်များ ဖြစ်နေမလားဟု တွေး၍ပူမိ၏။ သို့သော် ကိုသာအောင်ညွှန်ရာသို့ပင် သွားရချေမည်။ ဖြိုးတုပ်ပင် ဖြစ်စေကာမူ ခြေသလုံးဖက်သင့်ကဖက်မည်။
ချွေးတပ်မှ ဂျပန်မှာ ထိုအချိန်အခါတွင် ကျေးရွာစာသင်ကျောင်းကို ဗိုလ်တဲပြုလုပ်ကာ အဖော်ဂျပန်တစ်ယောက်နျင့် တည်းခိုနေသည်။ သူတို့နျစ်ဦးအား ဆေးပေးမီးယူ ခြေသည်းလက်သည်းလုပ်နေရသူမှာ ဖြိုးတုပ်ပင်ဖြစ်သည်။

မိဖော့လည်း ဖြိုးတုပ်ကိုမြင်သော် မျက်နှာချိုသွေးရလေသည်။ ဖြိုးတုပ်က အကြံအောင်သော မျက်နှာထားဖြင့် "ဘာကိစ္စလာသတုံးဗျ"ဟု ပြုံးပြုံးကြီး ဆီးမေးသည်။ မိဖော့က "ကိုဖြိုးတုပ်ကယ်၊ ပြီးခဲ့တာတွေ ဘယ်လိုမှ မအောက်မေ့ပါနှင့်နော်။ ကျွန်မတို့ သားအမိတစ်တွေကို ကယ်ပါ။ ရှင်လဲ ဗမာပဲရှင်၊ ကျွန်မတို့ကို ကယ်သင့်ပါတယ်"ဟု အသနားခံ၏။

ဖြိုးတုပ်က သူကြည့်လုပ်ပါမည်ဟု ပြောသည်။ ဗိုလ်ကြီးမာ့စတားက သဘောကောင်းပါသည်။ ငဘ၌ သားသမီးများရှိလျှင် သားသမီးများက ကိုယ်တိုင်လာ၍ ကျွန်တော်ကျွန်မတို့ အဖေတစ်ယောက်တည်းကိုသာ မှီခိုရပါသည်ဟု သနားလောက်အောင်ပြောလျှင် လွတ်နိုင်ပါသည် ဟု ဆို၏။

မိဖော့က သည်အကြံသည် အကြံကောင်းဖြစ်သည်ဟု ယုံကြည်လိုက်သည်။ သည်လိုဆိုလျှင် မိနီကိုခေါ်လာလျှင် မကောင်းပေဘူးလား။
ဖြိုးတုပ်က အချိုရှာတုန်း ထန်းလျက်အိုးထဲ မှောက်ရက်လဲသည့် အမူအရာကို မိဖော့ မရိပ်မိရအောင် မျိုသိပ်လျက် "ကောင်းသားပဲ"ဟု ဆို၏။

"ဗိုလ်ကြီးမာ့စတားက ညနေငါးနာရီလောက်ဆိုရင် ထမင်းစားတယ်။ အဲဒီတော့ ခြောက်နာရီ၊ ခုနစ်နာရီ၊ မှောင်လောက်မှ လာတာပေါ့"

မိဖော့လည်း အိမ်သို့ပြန်၍ မိနီကို အကျိုးအကြောင်းပြော၏။ ညနေ မမှောင့်တမှောင်တွင် နို့စို့ကလေးကို ခါးထင်ခွင်တွင်ချီကာ မိနီနျင့်အတူ သားအမိနျစ်ယောက် ဖြိုးတုပ်ထံ လာလေသည်။ ဖြိုးတုပ်က သူတို့ သားအမိကို ကျောင်းအောက်၌ အစောင့်ခိုင်းထားသည်။ သူကမူကား ဂျပန်တွေနှင့် စကားပြောနေသည်။ မိဖော့ စောင့်ရတာ ခြေသလုံးတောင့်လှပြီဟု ညည်း၏။ မိနီက "အမေရယ်၊ ဒီလောက်မှောင်မှ ဟန်ပါ့မလား။ ကျွန်မဖြင့် ရင်ထဲက ဖိုနေတာပဲ"ဟု မဦးမချွတ်ပြော၏။

မိဖော့က သည်တော့မှ တွေးမိသည်။ အချိန်မရှိတုန်းမှာ ဂျပန်ဆီရောက်လို့ ဂျပန်က သမီးကိုဆွဲထားလျှင် ဘယ့်နှယ်နေမလဲ။ သြော်... လယ်သမားသားသမီးဆိုတော့ အနှိပ်စက် တယ်ခံရပါကလား။ သည်လောက်လဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူးလေ။ ငါအရှိသားပဲ။ ကိုငဘလွတ်ဖို့က အင်မတန်အရေးကြီးတယ်။ အဖမ်းခံရတုန်းက သူ့မျက်နှာလေးက သေလို့။ ကင်းဂတ်ထဲမှာ ချြုပ်ထားတာ မြင်ရပြန်တော့လဲ မျက်နှာငယ်ကလေးနဲ့။ ဟယ်... နတ်ကောင်းနတ်မြတ်တွေ အရှိသေးသားပဲ။
"အမေရယ်၊ ကျွန်မ သိပ်စိတ်လေးတာပဲ"ဟူသော မိနီ၏စကားသည မိဖော့၏ နှလုံးသားတို့ကို ဆွဲ၍ဆောင့်လိုက်၏။
"ဒီလောက်တောင် ဖြစ်လှတယ်၊ သမီး ထ- ထ- သွားမယ်"ဟု မိဖော့က ကောက်ကာငင်ကာ ပြောလိုက်၏။

သားအမိနှစ်ယောက် ထလိုက်၏။ လှေကားမှ ကျွိကျွိမြည်သံကြားပြီး ဘွားခနဲ လူတစ်ယောက် ပေါ်လာသည်။ မိဖော့တို့ သားအမိ တစ္ဆေအခြောက်ခံရသလို ခေါင်းနားပန်းကြီးသွားသည်။ လူကိုသေချာစွာကြည့်သော် ဖြိုးတုပ်ဖြစ်နေသည်။ သူ့ပါးစပ်က ဆာကေနဲ့ လှိုင်နေသည်။
မိဖော့က သမီးကလေးလက်ကို တုပ်ဆွဲပြီး ကျောင်းအောက်က ထွက်ပြေးမည်ပြု၏။

"ဟဲ့- ဒါဘာလုပ်တာလဲဟင်၊ နင် ဒီလိုလုပ်ရင် ဂျပန်တွေစိတ်ဆိုးလို့ တစ်မျိုးလုံး သေကုန်လိမ့်မယ်၊ လာ-မိနီ၊ နင့်အမေ အောက်က စောင့်နေလိမ့်မယ်။ ခဏကြာရင် ပြန်ရမှာပဲ၊ အခု ဂျပန်ကြီးက နင့်အဖေအကြောင်း စစ်ကြည့်မလို့တဲ့"ဟု ဖြိုးတုပ်က ပြောပြောဆိုဆိုနှင့် မိနီကိုလက်ဆွဲကာ ကျောင်းပေါ်တက်သွားလေ၏။

မိဖော့ကား ကျောင်းအောက်တွင် အမှောင်ကို အဖော်ပြုကာ ကျန်ခဲ့လေ၏။
တန်ဆောင်မုန်ါ်၊ နတ်တော်၊ ကောက်လှော်စားသော ရာသီတွင် ကောင်းကင်ပြင်၌ မိုးရိပ်တိမ်ရိပ် နှင်းရိပ်ကလေးတွေက မကင်းသေး။ လ,ကလည်း ကွယ်ဖို့ သုံးရက်မျှပဲ လိုတော့သည်ထင့်။ ရွာတန်းရှည်ကြီးမှလည်း ခေတ်ပျက်ကြီးတွင် ရေနံဆီဝအောင် မထွန်းရသေးသောကြောင့် အလင်းရောင်တစ်ချက်မျှမထွက်။

ထို့ကြောင့် လောကဓာတ်တစ်ခွင်လုံးမှာ အမိုက်အတိသာလျှင် ဖြစ်ဘိ၏။

အချိန်သည် ပက်ကျိကဲ့သို့ တရွေ့ ရွေ့  တွားသွားနေသည်။ ကျောင်းပေါ်မှ ပုလင်းသံ ဖန်ခွက်သံများ ကြားရ၏။ တစ်ချက်တစ်ချက် ကြမ်းကြားမှ အလင်းရောင်တစ်ခု အမျှင်တန်းပြီး အောက်သို့ထိုးစိုက်ကျလာ၏။ သို့သော် အမိုက်ကို မတိုးနိုင်သဖြင့် ဖြုတ်ဆို ရုပ်သိမ်းလိုက်၏။ မိဖော့စိတ်ထဲ၌ မှန်အိမ်ကို အခန်းတစ်ခုထဲသို့ ဆွဲသွင်းလိုက်ပြီဟု ထင်၏။ ဖိနပ်သံများ ထိုအခန်းဆီသို လျှောက်သွားသည်ကို ကြားရ၏။ ကြမ်းပြင်ပေါ်ကို ရှပ်ရှပ် ရှပ်ရှပ်နှင့် ဆုတ်ဆုတ်ဆိင်းဆိုင်းလျှောက်သံ ဖြစ်၏။ ဂျပန်စကားပြောသံလိုလို တိုးချည်တစ်ခါ ကျယ်ချည်တစ်လှည့်။ သို့သော စကားလေးလုံးမကွဲ။
အမှောင်ထုသည် ပို၍ကြီးမားလာ၏။ ဆိတ်ငြိမ်ခြင်းလည်း အမှောင်ကို လည်ပင်းဖက်ကာ အဖော်လုပ်၍ပါလာ၏။ စကားသံများ စဲသွားလေပြီ။ အခန်းမှလူတစ်ယောက် ထွက်လာသောခြေသံ ကြားရ၏။

သင်းတို့ ငါ့သမီးကလေးကို ဘာများလုပ်နေပါလိမ့်မလဲ။ မိဖော့စိတ်ထဲ ရိုးတိုးရွတဖြစ်လာ၏။ လှေကားမှ ခြေသံမကြားအောင် တက်ကြည့်၏။ ဟိုက်- ကိုယ်ကျိုးနည်းရချည့်။ လှေကားဝက တံခါးကလဲ ကလန့်ထိုးထားပါကလား။ မိဖော့က တစ်ဖန် လှေကားမှ ခတ်သုတ်သုတ်ဆင်းပြီး အသံကြားရာ အခန်းအောက်မှနေ၍ နားစွင့်ပြန်၏။

ညှစ်သံကလေးတစ်ခု ဟီး-ဟီး ပေါ်ထွက်လာပြန်သည်။
ငိုသံလား၊ ရှိုက်သံလား၊ မိနီငိုရင် ဒီလိုငိုတတ်တာပဲ။ အမယ်လေးတော်၊ တကတဲ၊ တအိအိနဲ့ အသံကတော့ မိနီအသံပါပဲ။
"ငါ့သမီးကလေးကတော့ လူဖြစ်ရှုံးပါပြီ"ဟု စိတ်ထဲကကျိတ်၍ အော်လိုက်ပြီး ခေါင်းပေါ်မှပ၀ါကို အသာယူ၍ မျက်ရည်သုတ်၏။ ခါးထစ်ခွထားသောကလေးက အဲ့-အဲ့ နှင့်မြည်၍ လှုပ်လိုက်သဖြင့် အသံမထွက်အောင် ကျွတ်ကျွတ် ကျွတ်ကျွတ်နှင့် ညည်းကာ ကလေးကို ချော့သိပ်၏။ ထိုအတွင်း အိနပ်သံ တဂေါက်ဂေါက်နှင့် နုံးချည့်ပြီး တဂွတ်ဆွဲလာသော အသံတစ်ခု အခန်းဆီမှ လှေကားပေါက်ဆီသို့ ရောက်လာ၏။ ဂျပန်နှစ်ယောက် စကားပြောနေကြသည်ကို ကြားရသည်။
ဂလောက်ဟု အသံတစ်ခု ထွက်လာပြန်သည်။
အပေါ့သွားတာလား။ ဟာ- မဟုတ်သေးဘူး။ ကရားထဲက လက်ဖက်ရည်ကြမ်းကို ပန်းကန်လုံးထဲထည့်သံပဲ။

ထို့နောက် ဖိနပ်သံ တဂေါက်ဂေါက်နှင့် လှေကားဘက်ဆီမှ အခန်းဘက်ဆီသို့ ဂျပန်တစ်ယောက် ထွက်သွားသည်ကို ကြားရပြန်သည်။ သူ့ခြေသံက စောစောက ခြေသံနှင့်မတူ။ ခပ်သါက်သွက်ပဲ။ ဘုရား... ဘုရား။

မိနီအပေါ် အခြေတည်၍ လယ်သမားလင်မယားနှစ်ဦးတို့သည် လောကနိဗ္ဗာန်ကြီးကို စိတ်ကူးတွင် ဖန်ဆင်းခဲ့သည်။ မိနီကို လင်ပေးစားပြီးလျှင် သမက်ကို အားတစ်ခုပြုကာ လင်မယားနှစ်ဦး အိမ်ခေါင်းရင်းက အမြိုင့်သားထိုင်၍ အနားယူရတော့မည်။ သို့သော် သားသမက်ကလေးရတာနှင့်ပဲ တစ်သက်လုံး အြိမ်းစားနေဖို့ ကြံရွယ်တာမဟုတ်ဘူး၊ ခေတ်ပျက်ကြီးထဲမှာ ဒုက္ခသုခတွေများလှတော့ ခဧတဖြုတ်လောက် အနားယူဖို့ပါပဲ။ တကယ်ဆိုတော့ သမက်နှင့် သမီးတို့အတွက် ဦးသာဂေါင့်ဆီက လယ်တစ်ပွဲထပ်ငှားပြီး နှစ်ဦးပြိုင်တူလုပ်ကြမှာပဲ။ သည်လိုဆိုလျှင် တစ်နှစ် စပါးနှစ်ရာပိုမည်။ စပါးနှစ်ရာဆိုလျှင် အဖျင်းဆုံး ငွေနှစ်ရာ။ ဆယ်နှစ်ကို နှစ်ထောင်။ အဲသည် ငွေနှစ်ထောင်နှင့် လယ်တစ်ပွဲ ထပ်ဝယ်လိုက်လျှင်...

လေသံက ရှဲရှဲ ရှဲရှဲ မြည်လိုက်သည်။ မိဖော့ခေါင်းပေါ်က ဂျပန်ကလည်း ဟဲဟဲ ဟဲဟဲ ဟု ရယ်လိုက်သည်။ ရှိုက်သံမှာ ပိုမိုထင်ရှားလာသည်။ မိနီရှိုက်ပုံနှင့်တော့  တထေရာတည်းပါပဲ။

"ဟုတ်ပါပြီ။ ငါ့သမီးကတော့ ရေတိမ်မှာနစ်ရပါပေါ့လား။ အမယ်လေးသမီးရဲ့  ၀ဋ်ရှိသမျှ ခံရပါပကော" စသည်ဖြင့် အသံထွက်မိမှ မထူးတော့ဘူးဟူသောအနေဖြင့် အားပါးတရ ငိုလေ၏။

လှေကားမှ ခြေသံပြင်းပြင်းနင်း၍ လူတစ်ယောက် ဆင်းလာ၏။
"ဟဲ့...ဟဲ့ မိဖော့ရဲ့  ဘာဖြစ်တာလဲ"
"အမလေး တို့ဗမာကြီးရဲ့ ၊ သခင်ကြီးရဲ့ ၊ ကိုဖြိုးတုပ်ကြီးရဲ့ ။ ကျုပ်သမီးကလေးကို တော်တို့ ဘယ့်နှယ်လုပ်နေကြတာတုံး။ ဟီး...ဟီး"

"အို- ကိစ္စမရှိပါဘူး။ ခင်ဗျားသမီးကို လက်ဖျားနဲ့တောင် မတို့ပါဘူးဗျ။ ဗိုလ်ကြီးကြားရင် သေကုန်ပါလိမ့်မယ်"

"အမလေး-သေ-သေ။ ကျုပ်သမီး ရေတိမ်နစ်တဲ့နောက် မထူးပါဘူး။ မှန်း-ဖယ် ကျုပ်ကိုယ်တိုင် တက်ခေါ်မယ်"
ဖြိုးတုပ်က လှေကားရင်းက လက်ကာ၏။ မိဖော့က အတင်းရုန်းတက်ရန် ကြိုးစား၏။ နှစ်ဦးသား ဗလုံးဗထွေးဖြစ်နေခိုက် တဘက်ကလေးကိုခြုံ၍ ဖိုသီဖတ်သီဖြင့် ကလေးမငယ်တစ်ဦး ဆင်းလာ၏။

ဝိုးတိုးဝါးတား မထင်ရှားသော ကလေးမက "လာ- အမေ"ဟု ခေါ်ကာ မိဖော့လက်ကိုဆွဲ၏။
"အမလေး... သမီးလား... မိနီ လုံမလေး"
မိနီက ဘာမျှပြန်မပြော။ ဖြိုးတုပ်လက်မှလွတ်အောင် မိဖော့ကို ကပျာကသီဆွဲ၍ ဥယျာဉ်ဘက်ဆီသို့ စိတ်မှန်းနှင့် ထွက်ခဲ့၏။
လမ်းတွင် မိနီက မိဖော့ကို ဖက်၍ငိုသည်။ မိဖော့ကလည်း မိနီ၏ပခုံးပေါ်တွင် သူ့မေးကိုမှေး၍တင်ပြီးလျှင် ရှိုက်ကာရှိုက်ကာငို၏။

"ဘာဖြစ်လာတာတုံး သမီးရဲ့ "ဟု အော်၍မေးလိုက်ချင်၏။ မေးကား မမေးရက်။ ပုစွန်ဆိတ်ကလေးလို ခုန်နေသော မိနီ၏ရင်ကလေးကလည်း "မမေးပါနဲ့တော့ အမေရယ်"ဟု ပြောကာ ဟန့်တားနေဘိသကဲ့သို့။ မိနီ၏ ချွေးပြန်နေသော ကိုယ်ခန္ဓာမှ မပြယ့်တပြယ်ဖြစ်သော "ဆာကေး"နံ့ကလေးလည်း မမေးခင်ကပင်လျှင် မဖြေမှန်ကို ပေးနေသည့်ပုံပမာ။

အို- အဆွေ နတ်ကောင်းနတ်မြတ်တို့ သင်တို့ကို ယုံစားမိ၍ ငါးပါးကြီးမှောက်ရချေပြီတကား။
အလင်းရောင်နှင့် ပနံမစားတော့ပြီဖြစ်သော ကံဆိုးမသားအမိနှစ်ယောက်မှာ အမှောင်ကိုခိုကာ ဥယျာဉ်သို့ပြန်ကြလေ၏။
အိမ်၌ ကလေးတွေချည်း ထားပစ်ခဲ့ရသည်။ မိနီအောက် ကျွဲကြီးမှာ ကလေးချော့တတ်သည်။ သို့သော် မိဖော့တို့ သားအမိသွားသည်မှာ အတန်ကြာသောကြောင့် နို့စို့ကလေးအထက် အကြီးက "အမေရေ- အမေရေ"နှင့် တ၍ ကျယ်လောင်စွာငိုနေသည်။ သို့သော် တစ်ယောက်သောသူက ကျနစွာ ကလေးချော့နေသည်။

သားအမိနှစ်ယောက် တဲပေါ်အပြေးကလေးတက်သွားသည်။ ကလေးချော့်နေသူမှာ ချက်ကြီးဖြစ်သည်ကို တွေ့ရသောအခါ နှစ်ဦးသား မျက်နှာအမ်းသွား၏။ နှစ်ဦးသားရင်ထဲတွင် ဆို့သွား၏။

မိဖော့က နို့စို့ကလေးကို အခန်းထဲသွင်း၍ အရင်သိပ်၏။ ပြီးမှ ငိုနေသော င၀က်ကို ချက်ကြီးလက်မှယူ၍ အခန်းထဲသွင်း၏။

မိနီကား မီးဖိုချောင်ဝတွင်ထိုင်ကာ ချက်ကြီးကိုကြည့်ရင်း မှိုင်လျက်နေမိ၏။
ချက်ကြီးက ဘယ်သူအရင်စ၍ စကားပြောမည်ကို စောင့်စားကြည့်နေဟန်တူ၏။ သို့သော် ကြာကြာမစောင့်နိုင်သည့်အတူတူ ငါကပဲစပြီး စကားပြောလိုက်မှပဲဟူသော အကြံဖြင့် ခါးပန်းပေါ် ခြေပစ်၍ထိုင်နေရာမှ ထပြီးလျှင် ဆီမီးခွက်နားကပ်၍ မီးညှိ၏။ ညှိရင်း မိနီဘက်သို့ မျက်ဆန်ကို မျက်လုံးထောင့်တွင်ကပ်၍ မိနီကို ခိုးကြည့်မိ၏။

အလို- မှိုင်လို့ပါကလား။ စောစောကလဲ ဂျပန်တွေဆီသွားတယ်။ အချိန်မတော်မှလဲ ပြန်လာတယ်။ မျက်နှာကလဲ မကောင်းဘူး။ ငါကတော့ ၀မ်းသာစရာသတင်းကြီးကို ပို့မလို့လာတာပဲ။ ချက်ကြီးက သို့လော သို့လော ယုံမှားတွေးတောကာ သူ့စိတ်ထဲ ချီတုံချတုံ ဖြစ်နေသည်။

ဆံတိုလေးနှင့် ကိုချက်ကြီး၏ပါးကို မီးရောင်ဟပ်နေသည်မှာ ကျက်သရေ ရှိလှသည်။ ကြည့်လို့မ၀နိုင်ပါတကား။ သည်လိုချည့် တစ်သက်လုံးကြည့်နေရလျှင် လောကကြီးဟာ ပျော်စရာကြီးပေါ့။ ခုတော့ သည်လိုမဟုတ်ဘူးနော်၊ သူကတော့ နေ့လယ်ကပြောလိုက်တဲ့ စကားအရ ၀မ်းသာအားရ လာပြောတဲ့လက္ခဏာပဲ၊ နို့ပေမယ့် မိနီကလေး ရှုလို့မ၀နိုင်တဲ့ ကိုချက်ကြီးရေ့ ... ဒီတစ်ခါတော့ လွဲပြီ။ ကျွန်မလေ ကိုချက်ကြီးနဲ့ မတန်တော့ဘူး။
ချက်ကြီးပါးစပ်မှ ဆေးပြင်းလိပ်တိုမှာ လွတ်ထွက်သွားသည်။
"မိနီ ဘာတွေပြောနေတာလဲ"ဟု ချက်ကြီးက အနားကပ်၍မေးသည်။
မိနီက သည်တော့မှ သူ့အတွေးနှင့်သူ တွေးနေရာမှ ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်ကို သိရသည်။ သိရတော့မှ ရှိုက်ကြီးတင် ငိုလိုက်သည်။

ချက်ကြီးသည် မိနီ၏ ရှိုက်သံငိုသံတို့အကြားမှ ဆောင့်၍ဆောင့်၍ထွက်လာသော စကားတို့ကို မလှုပ်မယှက် နားထောင်နေရသည်။ ပထမတစ်ခွန်းလောက်က အသည်းဖျားကို အပ်နှင့်ဆွလိုက်သလို၊ နောက်တစ်ခွန်းက အသည်းထဲ ကျွဲဝင်ခတ်သလို၊ နောက်ဆုံးတစ်ခွန်းကျတော့ အသည်းထဲ ကျွဲတစ်အုပ်လုံး ၀င်သွားကရောထင်ပါရဲ့ ။ ရင်ကို မနည်းကြီး မ,ထားရသည်။

တောသူဆိုတော့ စကားပရိယာယ်မသုံး။ ပရိယာယ်ဆိုတာဟာ လိမ်တာဖြစ်သည်။ ဟုတ်သလောက် ဗြောင်ဖွင့်ပြောရတာက အရသာရှိသည်။ တန်ဖိုးရှိသည်။ လူလိုပြီး နတ်ကြိုက်သည်။ အမှန်ဆိုသည့်စကားမှာ နားမခံသာ။ မခံချင်လို့ရှိလျှင်လဲ လဲသေရုံပေါ့။ ဟုတ်တာတော့ ပြောရမှာပဲ။

"အဲဒါပဲတော့။ ကျုပ်တော့ အရင်းတိုင်း ပြောတာပဲ၊ တော်ကျုပ်ကို တော်ယူချင်မှယူ၊ ကျုပ်ဘယ်လိုမှ မအောက်မေ့ဘူး။ တော်မယူရင် ကျုပ်လဲ တစ်သက်အိမ်ထောင်မပြူတော့ဘူး"ဟု မိနီက တုံးခနဲ တိခနဲ ပြောလိုက်သည်။

ချက်ကြီးက ကျောက်ရုပ်ကြီး အသက်ဝင်လာသလို ဗြုန်းဆို မိနီ၏ကိုယ်ကို ဖက်လိုက်၏။ မိနီတစ်ကိုယ်လုံး ပျောက်သွားအောင် ရင်ဘတ်ထဲ ဆွဲသွင်းလိုက်၏။ မိနီ၏ပါးပေါ်မှ တလိမ့်ခေါက်ကွေးကျလာသော မျက်ရည်တို့ကို သူ့နှာခေါင်းနှင့်လှိမ့်၍ အားပါးတရ သိမ်းကျုံးရှိုက်ရှူလိုက်သည်။ မိနီက ခေါင်းကလေးကို မော့၍ပေးသည်။ စပယ်ဖူးကလေးကို မခူးရက်၍ အရိပ်တကြည့်ကြည့်နေခဲ့ရာမှ သူများက ကိုယ့်ထက်ဦးသွားတော့ ကြိတ်မနိုင်ခဲမရနှင့် စပယ်တစ်ရုံလုံး၏ အရိုးနှင့်အရွက်ကိုသာ သိမ်းကျုံးပွေ့ပိုက်နေလိုက်ရဘိသို့။

ချက်ကြီးလည်း ဗြုန်းဆို မိနီကို လွှတ်လိုက်သည်။
တောက်ပြောင်၍ အာသာမပြေသည့် ချက်ကြီး၏ မျက်လုံးများက မိနီကို အစိမ်းလိုက်ဝါးစားသည်မှာ ချွတ်ချွတ်မမြည်ရုံတမယ်သာကျန်သည်။

နောင်တစ်ခဏအဖို့၌ ချက်ကြီးသည် အိမ်ပေါ်မှ လွှားခနဲ ခုန်ဆင်းကာ မှောင်ထဲ၌ ပျောက်ကွယ်သွားသည်။
ဖအေ့အတွက် အရှက်ကို စွန့်ခဲ့ရသည်။ ယခု ချက်ကြီးကို စွန့်ရပြန်ပြီ။ ဘာပဲစွန့်ရစွန့်ရ ဖအေကြီးလွတ်ရင် ပြီးတာပါပဲ။
စွန့်ရကျိုး နပ်ပါပြီ။
သြော်... ကံဆိုးလှချည့် မိနီလေး။
နင်- သည်လိုပုန်းလျှိုးဝှက်လျှိုး အာဇာနည်အဖြစ်နှင့် မိန်းမတကာကို တန်ဖိုးအထားဆုံးအရာကို စွန့်လိုက်သည့်အချိန်မှာ နင့်ဖခင် ငဘသည် ချွေးတပ်သားအစိတ်လောက်နှင့် ဆိတ်ကြီးကုန်းကမ်းက ခွာပါပကော။
- - -


အခန်း (၉) ဂျပန်မျိုးဖြုတ်နည်း



အခန်း (၁၀) တိုင်းပြည့်ရန်သူ



အခန်း (၁၁) ကြယ်နီရောင်တောက် နေရောင်ပျောက်



အခန်း (၁၂) ကုလားမခြင်းတောင်း



အခန်း (၁၃) ငဘ၏ အောင်ပွဲ

No comments: